BBC - အခုပြုပြင်ပြောင်းလဲရေးကာလအတွင်းမှာ
မြန်မာ့တပ်မတော်အနေနဲ့ ပြောင်းလဲမှုရှိ/မရှိ သိလိုပါတယ်။
ဒီလိုပြောင်းလဲမှုနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အောင်မြင်မှုအခြေအနေ၊
ပြောင်းလဲမှုအခြေ အနေ ဘယ်လိုပြောင်းခဲ့တယ်ဆိုတာကိုလည်း သိရှိလိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး - ကျွန်တော်တို့ ဒီဘက် ၂၀၁၁
ခုနှစ်နောက်ပိုင်းမှာ မြန်မာ့တပ်မတော်လည်း ပြုပြင်
ပြောင်းလဲမှုတွေလုပ်တာပေါ့။ အဓိကကတော့ မြန်မာ့တပ်မတော်ကို Professional
တပ်မတော်တစ်ခု၊ Standard Army တစ်ခုဒီလိုဖြစ်အောင်
ပြောင်းလဲမှုတွေလုပ်တာပေါ့။ ပထမ မြန်မာ့တပ်မတော်ရဲ့ အနေအထား ကတော့
ကျွန်တော်တို့ရဲ့သမိုင်း ကြောင်းမှာဖြစ်ခဲ့တဲ့ အခြေအနေအရ
ပြည်တွင်းသောင်းကျန်းမှုကို အခြေခံပြီးတော့မှ
သူတို့ကိုတိုက်ခိုက်နိုင်စွမ်းရှိတဲ့ တပ်တစ်တပ် အနေနဲ့ရှိတယ်။ တစ်ဖက်ကလည်း
ဒီဟာကနေအခြေခံပြီး နိုင်ငံတော် ကာကွယ်ရေးအတွက် စွမ်းအားရှိတဲ့
တပ်မတော်တစ်ရပ်အနေနဲ့ ဖွဲ့စည်း ခဲ့တာတော့မှန်ပါတယ်။ သို့သော်လည်းပဲ
ပြီးပြည့်စုံတဲ့ တပ်မတော် တစ်ရပ်အနေနဲ့တော့ မရောက်သေးဘူး။ အခုအဲဒါတွေကို
ပိုပြီးတော့ ခေတ်မီတဲ့တပ်မတော်တစ်ရပ်ဖြစ်အောင် ပြောင်းလဲမှုတွေလုပ်တယ်။
နောက်တစ်ခါ တပ်မတော်ရဲ့တည်ဆောက်မှု အပိုင်းမှာလည်း စာရေးသောက်ရေး၊
နေရေးထိုင်ရေး၊ ၀တ်ရေး စားရေး၊ လေ့ကျင့်ရေးအပိုင်းက အစပေါ့၊
ဒါတွေလည်းပိုပြီးတော့မှ မြင့်အောင်ဆောင်ရွက်နေတယ်။ ဒါကြောင့် ကျွန်တော်တို့
တပ်မတော်ကို ပြောရလို့ရှိရင်တော့ စွမ်းရည်ရှိတဲ့တပ်မတော် တစ်ရပ်ဖြစ်အောင်၊
စွမ်းအားရှိတဲ့ တပ်မတော်တစ်ရပ်ဖြစ်အောင် တည်ဆောက်နေပါတယ်လို့
ကျွန်တော်ပြောချင်ပါတယ်။
BBC - မြန်မာ့တပ်မတော်အနေနဲ့ ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်ခဲ့တာ ရှိပါသလား။
ဒီပြုပြင်ပြောင်းလဲမှုအတွက်ကို ဘာကြောင့် ဆောင်ရွက်ခဲ့တာပါလဲ။
ဘာအတွက်ကြောင့် တပ်မတော် အနေနဲ့
ဒီပြုပြင်ပြောင်းလဲမှုဆောင်ရွက်ဖို့လိုအပ်ခဲ့ပါသလဲ။
ဗိုလ်ချုပ်မှူးကြီး- ကျွန်တော်တို့အခုသွားနေတာ
ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို သွားနေတာ ဖြစ်တယ်။ အရင်တုန်းကတော့
တပ်မတော်က ဥပမာအားဖြင့် ၁၉၆၂ ခုနှစ်ကကြည့်မယ်ဆိုရင် တော်လှန်ရေးကောင်စီ
အနေနဲ့တပ်မတော်က နိုင်ငံရဲ့ဦးဆောင်မှု၊ တိုက်ရိုက်ဦးဆောင်မှု ကဏ္ဍကို
ကျွန်တော်တို့ယူခဲ့တာပေါ့။ ၁၉၇၄ ခုနှစ်ကျတော့ လမ်းစဉ်ပါတီအစိုးရကြားမှာလည်း
တပ်မတော်ကနေပြီးတော့ တစ်စိတ်တစ်ပိုင်းပါဝင်ပြီး တာဝန်ယူခဲ့ရတာလည်းရှိတယ်။
၁၉၈၈ ခုနှစ် အရေးအခင်းပြီးတဲ့နောက် တပ်မတော်အစိုးရ လက်ထက်တာဝန်
ယူတဲ့အချိန်မှာလည်း တပ်မတော်ကနိုင်ငံရဲ့ ဦးဆောင်မှုအခန်းကဏ္ဍ မှာပါတော့
တပ်မတော်က နိုင်ငံရဲ့ အရေးအခင်းအားလုံးမှာ သူပါခဲ့ တာတွေ ရှိတယ်။ ဒါပေမဲ့
၂၀၁၁ ခုနှစ်ကျတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပါတီစုံဒီမိုကရေစီလမ်းကြောင်း
သွားတဲ့အခါမှာ ကျွန်တော်တို့ကို ပေးထားတဲ့တာဝန်ရှိတယ်။ Constitution မှာ
ပေးထားတဲ့တာဝန်တွေရှိတယ်။ ဒီအပေါ်မှာပဲ ကျွန်တော်တို့ သွားလို့ရတယ်။
ကျွန်တော်တို့သွားတာက ပါတီစုံ ဒီမိုကရေစီဖြစ်တဲ့အတွက်ကြောင့်
သူ့အခန်းကဏ္ဍနဲ့သူပါတဲ့ နေရာမျိုး ရောက်လာပြီဖြစ်ပါတယ်။ ဒါကြောင့်
တပ်မတော်ကလည်း သူ့ကိုပေးတဲ့တာဝန် အရသာ ထမ်းဆောင်ရတာဖြစ်တယ်ဆိုတာ
ကျွန်တော်ပြောလို ပါတယ်။ အဲဒီမှာ တစ်ချက်ထပ်ဖြည့် ပြောချင်တာက
ဒီအခြေခံဥပဒေအရ ပြောမယ်ဆိုရင်တော့ ဥပဒေပြုရေးက သူ့ကဏ္ဍနဲ့သူပေါ့။
အုပ်ချုပ်ရေးလည်း သူ့ကဏ္ဍနဲ့သူပေါ့။ တရားစီရင်ရေးကလည်း သူ့ကဏ္ဍနဲ့ သူပေါ့။
သူ့ဟာနဲ့သူသွားပြီးတော့ အပြန်အလှန် ထိန်းကျောင်းတဲ့
ပုံစံနဲ့ကျွန်တော်တို့သွားတာ။ ထို့အတူပဲ တပ်မတော် လည်း ဘာတာဝန်
ထမ်းဆောင်ပါဆိုတာ ဥပဒေမှာပြဋ္ဌာန်းထားပြီးသားဖြစ်တယ်။ ဒါကြောင့်
ဒီမိုကရေစီရဲ့ အနှစ်သာရကတော့ သူ့ရဲ့ဥပဒေအကြောင်းအရ သွားရမယ်ဆိုတဲ့ အနှစ်သာရ
ရှိတယ်။ ဒီအတိုင်းပဲ ကျွန်တော်တို့ ဒီပြုပြင်ပြောင်းလဲရေးမှာ
တပ်မတော်ကနေပြီးတော့ ဒီဟာကိုပဲ ဆောင်ရွက်ခဲ့တာဖြစ်တယ်။ နောက်တစ်ခါ
ဒီလမ်းကြောင်းက ပြည်သူကနေရွေးချယ်တဲ့ လမ်းကြောင်းဖြစ်တယ်။ ဒါကို
ကျွန်တော်တို့ တပ်မတော်ကနေပြီးတော့ ဖော်ဆောင်ပေးထားတာ။ ဒီလိုဖော်ဆောင်
ပေးထားတော့ တပ်မတော်ကနေပြီး စံနမူနာပြလိုက်နာမှရမယ့် အနေအထား ရှိပါတယ်ဆိုတာ
ကျွန်တော်ပြောလိုတယ်။
BBC - မည်သည့်အတွက်ကြောင့် မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ကပါဝင်ရန် လိုအပ်တယ်လို့ ယုံကြည်ပါသလဲခင်ဗျာ။
ဗိုလ်ချုပ်မှူးကြီး - ဒါသမိုင်းနဲ့ချီပြီး ပြောရလိမ့်မယ်။
ကျွန်တော်တို့က ၁၉၄၈ခုနှစ်မှာ လွတ်လပ်ရေး ရတယ်။ လွတ်လပ်ရေးမရခင်
ကျွန်တော်တို့က ဗြိတိသျှရဲ့ ကိုလိုနီဖြစ်ခဲ့တယ်။ ၁၉၄၈ခုနှစ် လွတ်လပ်ရေး
ရပြီးတဲ့ နောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် ပြဿနာတွေပေါ်လာတယ်။ နောက်
ပြည်ပရဲ့ ကျူးကျော်မှုတွေဖြစ်လာတယ်။ ဥပမာ-တရုတ်ဖြူအရေးအခင်းပေါ့။
၁၉၄၈ခုနှစ် နဲ့ ၁၉၅၀ ခုနှစ် ကြားထဲမှာ တရုတ်ပြည်က နေထွက်ပြေးလာတဲ့
ကူမင်တန်ပြဿနာ တွေပေါ်လာတယ်။ အဲဒီတော့ တိုင်းရင်းသား လက်နက်ကိုင်ပြဿနာ ရယ်၊
နောက်ပြည်ပက ကျူးကျော်လာတဲ့ တရုတ်ဖြူကူမင်တန် ပြဿနာတွေကို တပ်မတော်က
ပြည်သူနဲ့ပူးပေါင်းပြီးတော့ ဦးဆောင်ပြီးဆောင်ရွက်ခဲ့ရတယ်။ အဲဒီကနေ
တစ်လျှောက်လုံးပါပဲ။ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေကို ကျွန်တော်တို့
တပ်မတော်က နေပြီးတော့ ဆောင်ရွက်ခဲ့ရတာပေါ့။ အဲဒီအချိန်တုန်းက
ကျွန်တော်တို့ပါလီမန်စနစ်ကိုသွားပါတယ်။ ပါလီမန်စနစ်ကျင့်သုံး
ရတဲ့အချိန်မှာလည်း နိုင်ငံရေးအရအကွဲအပြဲတွေ၊ နောက် တိုင်းရင်းသား
ရေးရာပြဿနာတွေဖြစ်တဲ့အခါမှာ နောက်ဆုံးတိုင်းပြည် မတည်ငြိမ်တဲ့
ပြဿနာတွေကြောင့် ၁၉၅၈ ခုနှစ်မှာ အိမ်စောင့်အစိုးရဆိုပြီးတော့ တပ်မတော်ကိုပဲ
အာဏာရအစိုးရကနေလွှဲပေးခဲ့ရတာရှိတယ်။ အဲဒီကနေပြီးတော့
ရွေးချယ်တင်မြှောက်ပွဲပြန်လုပ်တယ်။ နိုင်တဲ့ပါတီကို အာဏာပြန်လွှဲပေးတယ်။
ပြီးတော့မှ ကျွန်တော်တို့ ဒီပါလီမန်စနစ်နဲ့သွားတဲ့အချိန်မှာ
နိုင်ငံရေးတည်ငြိမ်မှုက တော်တော်လေး ပျက်ပြားလာတဲ့အတွက်ကြောင့်၊ ၁၉၆၂
ခုနှစ်မှာ တိုင်းပြည်ရဲ့ အခြေအနေဟာ ပြိုကွဲတော့မယ့် အခြေအနေမျိုးထိ
ရောက်လာတဲ့အတွက်ကြောင့် တပ်မတော်အနေနဲ့ တော်လှန်ရေးကောင်စီဖွဲ့ပြီးတော့
နိုင်ငံတော်ရဲ့အာဏာကိုယူခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ နိုင်ငံတော်ရဲ့
တည်ငြိမ်အေးချမ်းမှုကိုလည်း တပ်မတော်ကနေ ဦးဆောင်ပြီးတော့မှ တောက်လျှောက်
ကျွန်တော်တို့ ဆောင်ရွက်ခဲ့တာ တော်လှန်ရေးကောင်စီ သက်တမ်းတစ်လျှောက် ၁၉၇၄
ခုနှစ် လမ်းစဉ်ပါတီအစိုးရကို အာဏာလွှဲတဲ့အချိန်ထိဖြစ်တယ်။ ဒီအချိန်မှာလည်း
တိုင်းပြည်က တည်ငြိမ်အေးချမ်းမှုမရှိသေးပါဘူး။ နိုင်ငံရဲ့
တည်ငြိမ်အေးချမ်းမှုမရှိဘူး။ နောက် လက်နက်ကိုင်ပဋိပက္ခတွေ
တည်ငြိမ်အေးချမ်းမှုမရှိဘူး။ ဒီပဋိပက္ခတွေကို တပ်မတော်ကပဲ
ပြည်သူနဲ့ပူးပေါင်းပြီးတော့မှ ဖြေရှင်းဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။ အဲဒီတော့
၁၉၇၄ ခုနှစ်မှာ လမ်းစဉ် ပါတီအစိုးရတက်လာတဲ့အချိန်မှာလည်း တိုင်းပြည်ရဲ့
နိုင်ငံရေးအခြေအနေက လုံးဝတည်ငြိမ်တဲ့ အခြေအနေတော့မရောက်ဘူး။
ပြဿနာတွေအများကြီးရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေ လည်း
လုံးဝချုပ်ငြိမ်းတဲ့ အဆင့်မရောက်ဘူး။ ငြိမ်းချမ်းရေးတော့
ကျွန်တော်တို့လုပ်တယ်။ ဒါပေမဲ့ မအောင်မြင်တာတွေ အများကြီးရှိတယ်။
ပြောရရင်လည်း ဒီအခြေအနေတွေအားလုံးကို တည်ငြိမ်အောင် တပ်မတော်ကပဲ
အစိုးရနဲ့ပြည်သူနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ခဲ့တယ်၊ လုပ်ခဲ့တယ်။
သို့သော်လည်း ၁၉၈၈ ခုနှစ်ကာလ ရောက်တဲ့အခါမှာတော့ တိုင်းပြည်ရဲ့နိုင်ငံရေး၊
စီးပွားရေးအခြေအနေဟာ အဆိုးဘက် ကိုရောက်လာတဲ့အတွက်ကြောင့် ပြည်သူကနေ
ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကိုသွားဖို့ဆိုပြီး ပြောလာတဲ့ အချိန်မှာ၊
ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ကြိုးစားတဲ့အခါမှာ၊ အဲဒီတုန်းကရှိတဲ့
အစိုးရအနေနဲ့ အောင်မြင်စွာ ဖြေရှင်းနိုင်ခြင်းမရှိတဲ့ အခါတပ်မတော်က
အခြေအနေကို ပြန်ပြီးထိန်းပေးခဲ့ရတာပေါ့။ ထိန်းပေးခဲ့ရပြီးတော့မှ
တပ်မတော်အစိုးရက ၁၉၈၈ ကနေပြီးတော့ ၂၀၁၁ ခုနှစ်အထိ တာဝန်ယူတယ်။ ဒီကြားထဲမှာ
ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြီးတော့
ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတဲ့ကာလအတွင်းမှာပဲ နိုင်ငံတော်ကိုလည်း
တစ်ဘက်ကလည်း တည်ငြိမ်အေးချမ်းအောင်၊ တစ်ဘက်ကလည်း
ဖွံ့ဖြိုးတိုးတက်အောင်လုပ်တယ်။ တစ်ဘက်ကလည်း
ဒီမိုကရေစီလမ်းကြောင်းကိုသွားနိုင်ဖို့ အခြေခံတွေရအောင်
ဆောင်ရွက်ပေးခဲ့တယ်။ ၂၀၀၈ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းတယ်။ ၂၀၁၀
မှာ ရွေးကောက်ပွဲလုပ်တယ်။ ၂၀၁၁ ခုနှစ်မှာ အနိုင်ရတဲ့ ပါတီကို
အာဏာပြန်ပြီးလွှဲ ပေးခဲ့တယ်။ လွှဲပေးခဲ့ပြီးတော့ လက်ရှိမှာလည်း
ပြုပြင်ပြောင်းလဲမှုတွေနဲ့ သွားနေတဲ့အချိန်ဖြစ်တယ်။ အဲဒီတော့ ၁၉၄၈
ခုနှစ်ကနေစပြီး ၂၀၁၁ ခုနှစ်ထိ ကြည့်မယ်ဆိုရင် နိုင်ငံတော်ရဲ့ သမိုင်းနဲ့
တပ်မတော်ရဲ့ ပါဝင်ပတ်သက်မှုတွေဟာ ဘယ်လိုမှကိုခွဲခြားလို့မရဘူး
ဆိုတာကိုတွေ့လိမ့်မယ်။ ဒီလိုအခြေအနေမျိုး ရောက်အောင်ဆိုတာလည်း တပ်မတော်ကပဲ
ပြည်သူနဲ့ပူးပေါင်း ပြီးတော့၊ အသက်သွေးချွေး များစွာ ပေးပြီးတော့မှ
ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ လွတ်လပ်ရေးရအောင်လုပ်ခဲ့တယ်။ လွတ်လပ်ရေးတည်တံ့
ခိုင်မြဲအောင် ကျွန်တော်တို့လုပ်ခဲ့တယ်။ တိုင်းပြည်ရဲ့အချုပ်အခြာ
အာဏာနဲ့ပတ်သက်ပြီး မထိပါးအောင် လုပ်ခဲ့တယ်။ တိုင်းပြည်ရဲ့
ပိုင်နက်နယ်မြေနဲ့ပတ်သက်ပြီးမထိ ပါးအောင်လုပ်ခဲ့တယ်။ တိုင်းပြည်
တည်ငြိမ်အေးချမ်းအောင်လုပ်ခဲ့တယ်။ ဒီကိစ္စတွေမှာ တပ်မတော်သား တွေက
အသက်သွေးချွေးများစွာပေးပြီး ဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့်
ဒီအခြေအနေမျိုးကို ယိမ်းယိုင်စေမယ့်ကိစ္စတွေဟာ ဘယ်လိုမှကို
ကျွန်တော်တို့တပ်မတော်အနေနဲ့ကတော့ လက်ခံနိုင်တဲ့ အခြေအနေမရှိဘူး။ ဒါကြောင့်
အခြေအနေတည်ငြိမ် အေးချမ်းတဲ့ အဆင့်ထိရောက်အောင် တပ်မတော်အနေနဲ့
ပါဝင်နေရခြင်း ဖြစ်တယ်ဆိုတာ ကျွန်တော် ပြောလိုတယ်။
BBC - နောက်ထပ်မေးခွန်းတစ်ခုမေးလိုပါတယ်ခင်ဗျာ။
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်ဆဲရေး သဘောတူစာချုပ်နဲ့ပတ်သက်ပြီးတော့
ရရှိဖို့အတွက် အခက်အခဲကြုံတွေ့နေရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာကြောင့်
ဒီလိုအခက်အခဲကြုံတွေ့ရတယ်ဆိုတာကို သိရှိလိုပါတယ်ခင်ဗျာ။
ဗိုလ်ချုပ်မှူးကြီး - ကျွန်တော်တို့တပ်မတော်ရဲ့ ဆန္ဒပြောရရင်တော့
ထာဝရငြိမ်းချမ်းရေး လိုချင်တဲ့ဆန္ဒ ကတော့ နံပါတ်တစ် လိုလားချက်ပဲဖြစ်ပါတယ်။
ကျွန်တော်တို့သွားနေတဲ့လမ်းကြောင်းက ပါတီစုံဒီမိုကရေစီ လမ်းကြောင်း
သွားနေတာ။ ကျွန်တော်တို့က စစ်အုပ်ချုပ်ရေးလဲမဟုတ်ဘူး။
တစ်ပါတီစနစ်လည်းမဟုတ်ပါဘူး။ ပါတီစုံဒီမိုကရေစီလမ်းကြောင်း သွားနေတယ်။
ဒီလမ်းကြောင်းသွားတဲ့အတွက်ကြောင့် ဒီမိုကရေစီ စနစ်တကျပဲ
ကျွန်တော်တို့သွားရမယ့်အနေအထားရှိတာပေါ့။ အဲဒီတော့
ဒီလိုသွားဖို့အတွက်ဆိုလို့ရှိရင် နံပါတ်တစ်အချက် လက်နက်ကိုင်
တိုင်းရင်းသားအဖွဲ့အစည်းတွေဟာ ငြိမ်းချမ်းရေး
တကယ်လိုချင်တဲ့စိတ်ရှိဖို့ရယ်၊ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ
တကယ်သွားချင်တဲ့ ဆန္ဒရှိဖို့လိုတယ်။ အဲဒီအချိန်မှာ လက်နက်ကိုင်
တိုင်းရင်းသား အဖွဲ့အစည်းတွေအနေနဲ့ လက်နက်ကိုကိုင်ပြီးတော့မှ သူတို့ရဲ့
အာဏာတချို့တစ်ဝက်ကို ထိန်းသိမ်းချင်တဲ့ အခွင့်အရေးမျိုး ဆိုတာတော့
မရှိသင့်ဘူးလို့ ကျွန်တော်တို့ယူဆတယ်။ ဒါကြောင့် ကျွန်တော်တို့က
ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှာ နံပါတ်တစ် အချက် အပစ်အခတ်ရပ်စဲရေးသွားပါ။
နောက်ပြီးရင် ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းပါ။
လက်နက်ကိုင်ပြီးတော့မှ တစ်စိတ်တစ်ပိုင်းအာဏာယူထားတဲ့ အခြေအနေမျိုးကို
စွန့်လွှတ်ပြီးတော့ ငြိမ်းချမ်းတဲ့လမ်းကြောင်းပေါ်မှာ တရားဥပဒေနဲ့အညီသွားဖို့
သူတို့ကို ဖျောင်းဖျပါတယ်။ တပ်မတော်ကိုယ်တိုင်လည်း အရင်က
နိုင်ငံတော်ရဲ့အာဏာ ယူခဲ့တာမှန်ပါတယ်။ ဒါပေမဲ့လည်း အခြေခံ
ဥပဒေနဲ့အညီဖြစ်တဲ့အခါမှာ ကျွန်တော်တို့သည်လည်း ဥပဒေစည်းကမ်းနဲ့အညီပဲ
တာဝန်ထမ်းဆောင်မှာ ဖြစ်တဲ့အကြောင်း သူတို့ကိုရှင်းပြပါတယ်။ ဒီဟာတွေကို
သူတို့လက်ခံ နိုင်မယ် ဆိုလို့ရှိရင် ငြိမ်းချမ်းရေးကတော့၊
ခုနကပြောတဲ့ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးမှုကတော့ ဖြစ်လာလိမ့်မယ်လို့
ကျွန်တော်မျှော်လင့်ထားတယ်။ နောက်တစ်ခုပြောချင်တာက သူတို့ကလည်း
ကျွန်တော်တို့အပေါ် ယုံကြည်မှု ရှိဖို့လိုတယ်။ ကျွန်တော်တို့ကလည်းသူတို့အပေါ်
ယုံကြည်မှုရှိဖို့လိုတာပေါ့။ ဒါကတော့ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုပေါ့ ၊
ယုံကြည်မှုရှိမှ ဒါတွေကဖြစ်မှာပေါ့၊ ကျွန်တော်တို့က တိုင်းရင်းသားနဲ့
ပတ်သက်လို့ရှိရင် တူညီတဲ့အကျိုးခံစားခွင့်တွေ ပေးထားတယ်ဆိုတာကို
သူတို့ကိုလည်း ရှင်းပြပါတယ်။ ကျွန်တော်တို့ ဥပဒေမှာလည်း နိုင်ငံသားတွေရဲ့
အခွင့်အရေးနဲ့ပတ်သက်ပြီး တူညီတဲ့ အခွင့်အရေး ပေးထား တာတယ်။ ဘယ်သူတော့သာစေ
ဘယ်သူတော့နာစေဆိုတဲ့ အနေအထားမျိုးတစ်ခုမှမရှိပါဘူး။ ဒါတွေလည်း သူတို့ကို
ကျွန်တော်တို့ ရှင်းပြပါတယ်။ ဒါတွေလည်း သူတို့ယုံကြည်ဖို့လည်း လိုတာပေါ့။
ဒီအပေါ်မှာ ယုံကြည်မယ်ဆိုရင်တော့ ဒီလုပ်ငန်းတွေက
ပိုပြီးတော့အောင်မြင်မှာပေါ့။ ကျွန်တော်ထပ်ပြီးပြောလို ပါတယ်။ ဒါကြောင့်
သူတို့အနေနဲ့ သူတို့လိုချင်တဲ့ လိုလားချက်တွေကို၊ ရရှိထားတဲ့
အခွင့်အရေးတွေကို ဥပဒေနဲ့အညီပဲ လုပ်ကိုင်သွားမယ် ဆိုရင်တော့
ငြိမ်းချမ်းရေးကိစ္စရပ်တွေဟာ ရှောရှောရှူရှူနဲ့ ဖြစ်သွားမှာ ဖြစ်ပါတယ်။
BBC - ပြီးခဲ့တဲ့ပါလီမန်မှာ တပ်မတော်အနေနဲ့ အခြေခံဥပဒေ
ပြောင်းလဲဖို့နဲ့ ပတ်သက်ပြီးတော့ မဲပေးခဲ့တာ ကျွန်တော်တို့
တွေ့ရှိခဲ့ပါတယ်။ တပ်မတော်ရဲ့နိုင်ငံရေးအာဏာကိုလျော့ချမယ့် အခြေခံဥပဒေ
ပြင်ဆင်ရေးကိုရော ကျွန်တော်တို့မျှော်လင့်လို့ရပါသလား။ အကယ်၍
ပြင်မယ်ဆိုလို့ရှိရင် ဘယ်အချိန်ကာလ လောက်မှ ဖြစ်နိုင်မယ်လို့ ယူဆပါသလဲ။
ဗိုလ်ချုပ်မှူးကြီး -
အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီးမဲပေးတာကတော့ အခန်း(၁၂)မှာ ပေးထားတဲ့
ပြဋ္ဌာန်းချက်အရ ကျွန်တော်တို့မဲပေးခဲ့တာတွေ ရှိတယ်၊ ဗီတိုလို့ ကျွန်တော်တို့
ပြောလို့မရပါဘူး။ ဒီမှာလဲ အခြေခံဥပဒေနဲ့ ပတ်သက်ပြီးဆိုလို့ ရှိရင်တော့
ဘယ်ဥပဒေဖြစ်ဖြစ်ပေါ့လေ ပြီးပြည့်စုံတဲ့ ဥပဒေဆိုတာတော့မရှိဘူး၊
ပြင်ဖို့လိုတဲ့ဥပဒေတွေ ရှိပါလိမ့်မယ်။ ကျွန်တော်တို့အခြေခံဥပဒေလည်း
ပြင်သင့်ပြင်ထိုက်တဲ့ အချက်အလက်တွေ ပါကောင်းပါနိုင်ပါတယ်။
မရှိဘူးလို့ကျွန်တော်မပြောဘူး။ ထို့အတူပဲ အိန္ဒိယနိုင်ငံမှာလည်း
ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိတယ်၊ ထိုင်းနိုင်ငံမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ
ရှိတယ်။ အမေရိကန်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေရှိတယ်။ သူတို့လည်း
သူတို့ရဲ့ပြင်ဆင်နိုင်တဲ့ နည်းလမ်းတွေနဲ့ ဥပဒေအရပဲပြင်ဆင်မှုတွေ
ဆောင်ရွက်ကြရပါတယ်။ ဒီလိုပဲကျွန်တော်တို့လည်း ပြင်ဆင်တဲ့ နည်းလမ်းအရ
ကျွန်တော်တို့ သွားရမှာဖြစ်ပါတယ်။ တချို့ဥပဒေတွေ ဆိုလို့ရှိရင်
သူ့နိုင်ငံရဲ့အခြေအနေအပေါ်မူတည်ပြီးတော့ လုံးဝပြင်လို့မရတဲ့
အချက်အလက်တွေလည်းရှိတယ်။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာလည်း
လုံးဝပြင်လို့မရတဲ့ အခြေအနေမျိုးရှိနိုင်သလိုပဲ
ပြင်လို့ရနိုင်တဲ့အခြေအနေတွေကိုလည်း သူ့ဥပဒေနဲ့ပြင်လို့ရအောင် ဆိုပြီးတော့
ဥပဒေပြဋ္ဌာန်းချက်တွေရှိပါတယ်။ အဲဒီတော့ ခင်ဗျားပြောတဲ့အချက်ထဲမှာ
ဒီဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တော့ ရှိမလားဆိုတော့
ကျွန်တော်ကတော့ရှိတယ်လို့ ပြောနိုင်တာပေါ့။ သို့သော်လည်း ဘယ်အချိန်မှာ
ပြင်မလဲဆိုတဲ့အခါကြတော့ စောစောက ကျွန်တော်ခင်ဗျားကို
ရှင်းပြတဲ့သမိုင်းရဲ့အခြေအနေတွေကို ရှင်းပြတယ်။ တိုင်းပြည်ရဲ့နိုင်ငံရေး
အခြေအနေပေါ့၊ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ အခြေအနေတွေ
ကျွန်တော်ရှင်းပြတယ်။ ဒီနှစ်ချက်ရှင်းပြခဲ့တယ် ဒီနှစ်ချက်အပေါ်မူတည်ပြီးတော့
ကျွန်တော်တို့ ဘယ်လောက်ထိ တည်ငြိမ်မှုရသလဲ၊ ငြိမ်းချမ်းမှုရသလဲ၊ အာမခံချက်
ဘယ်လောက်ရှိသလဲ ၊ ဒီအပေါ်မှာတည်တယ်။ ခင်ဗျား ခုနကပြောတဲ့ NCA
နဲ့ပတ်သက်ပြီးတော့ ခင်ဗျားပြောခဲ့တယ်။ အဲဒီတော့ NCA လက်မှတ်ထိုးပြီးပြီ
ပြီးလို့ရှိရင် polcital Dialog ကန သွားမယ်။ ပြီးလို့ရှိရင် အဲဒါကို
အကုန်လုံးဆွေးနွေးတယ်။ ဆွေးနွေးပြီးတော့ သဘောတူညီတယ်ဆိုရင် အာမခံချက်တစ်ခု
ကျွန်တော်တို့ရတယ်။ ပြီးရင်ကိုင်ထားတဲ့ လက်နက်တွေ အားလုံးကို လက်နက်တွေ
စွန့်တဲ့အထိ ကျွန်တော်တို့သွားရမယ်။ ဒါမှမဟုတ်လို့ရှိရင်လည်း
ကျွန်တော်တို့ပြောတဲ့ ငြိမ်းချမ်းရေးရဲ့ပေါင်းစည်းခြင်းလို့
ကျွန်တော်တို့ပြောကြတဲ့ DDR လုပ်ငန်းစဉ်တွေ မဖြစ်မနေ သွားရမယ်။
ဒီလိုသွားပြီးတော့ တိုင်းပြည်က ပြည်သူလူထုအတွက်
အာမခံချက်ရှိပြီဆိုလို့ရှိရင်တော့ တပ်မတော်အနေနဲ့ကလည်း
သူရှိသင့်ရှိထိုက်တဲ့ နေရာမှာပဲရှိမယ်ဆိုတာ ကျွန်တော်အာမခံပြီး ပြောနိုင်ပါ
တယ်။ ဒါပေမယ့် အချိန်သတ်မှတ်ဖို့ဆိုတာကတော့ ခုနကပြောတဲ့ အခြအနေတွေ
ဘယ်လောက်ထိ တိုးတက်မှုရှိပြီ ဆိုတာပေါ်မူတည်လိမ့်မယ်။ ၅ နှစ်လည်းဖြစ်ရင်
ဖြစ်မယ်။ ၁၀ နှစ်လည်းဖြစ်ရင်ဖြစ်မယ်။ ဒါပြောလို့တော့မရဘူး။
ဒါပေမဲ့သေချာတာကတော့ ခုနကပြောတဲ့ အခြေအနေရောက်သွားပြီ ဆိုလို့ရှိရင်တော့
တပ်မတော်က သူရှိသင့်ရှိထိုက်တဲ့နေရာမှာပဲ ရှိမယ်ဆိုတာ
ကျွန်တော်ပြောလို့ရပါတယ်။ အဲဒီမှာခုနကပြောတဲ့ ဆွေးနွေးတဲ့ ရလဒ်အပေါ်
အများကြီးမူတည်တယ်လို့ ကျွန်တော်ဆိုလိုချင်တာပါ။ ဒါကိုကျွန်တော်တို့ဘက်
ကတော့ အချိန်မဆွဲဘူး။ မြန်မြန်ဖြစ်ချင်တယ်။ မြန်မြန်ဖြစ်ချင်ပြီး
တိုင်းပြည်နဲ့ပတ်သက်ပြီးတော့ အကောင်းဆုံးအခြေအနေကို ကျွန်တော်တို့
သွားချင်တာပေါ့။ ကျွန်တော်တို့ တပ်မတော်ရဲ့ ဆန္ဒပေါ့။ တပ်မတော်ရဲ့
ဆန္ဒကဘာလဲဆိုလို့ရှိရင် နံပါတ်တစ်ချက် တိုင်းပြည်တည်ငြိမ် အေးချမ်းရမယ်၊
နံပါတ်နှစ်အချက် ကတော့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ရှိတယ်။
အခုကျွန်တော်တို့ကို ပြောတယ်နှစ်ပေါင်း ၆၀ လောက်ရှိပြီ၊
တိုင်းပြည်ကတည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု မရှိဘူးတဲ့။
ကျွန်တော်တို့ အပေါ်မှာအမျိုးမျိုး ပြောဆိုတာတွေရှိတယ်။ ဒါတွေက ခုနကပြောတဲ့
အခြေအနေတွေပေါ်မှာလည်း အများကြီးတည်တယ် ဆိုတာလည်း ကျွန်တော်ပြောလိုတယ်။
BBC - ဆိုလိုတာက လက်နက်ကိုင်အဖွဲ့တွေအားလုံးနဲ့
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ မပြီးဘူး ကျန်ရှိနေမယ် ဆိုလို့ရှိရင်
တပ်မတော်အနေနဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ကနေပြီးတော့ ပြန်လည်ပြီးတော့
ထွက်ခွာဖို့ အစီအစဉ်မဖြစ်နိုင်ဘူးဆိုလိုတာပါလား။
ဗိုလ်ချုပ်မှူးကြီး - နည်းနည်းခက်ခဲသေးတာပေါ့။ ဘာလို့လဲဆိုတော့
ပြည်သူလူထုအပေါ် အာမခံချက် မရှိဘဲနဲ့ ကျွန်တော်တို့တိုင်းပြည် ဒီအတိုင်း
ပြဿနာတွေ သောင်းခြောက်ထောင်နဲ့ အကုန်လုံး ဖြေရှင်းနေရမယ် ဆိုရင်
ဘယ်လိုမှမဖြစ်နိုင်ဘူး ဒီလိုအခြေအနေတွေရောက်အောင်လည်း
အများကြီးကြိုးစားခဲ့ရတာ။ ဒါဟာလည်း အင်မတန်ခက်ခဲတဲ့ ဖြေရှင်းဆောင်ရွက်မှု
တစ်ခုပါပဲ။ ကျွန်တော်တို့လည်း အကောင်းဆုံး ဖြစ်အောင်ကြိုးစားပြီး
ဆောင်ရွက်နေတယ်။ ဒါကိုလည်း သမ္မတကြီးက ငြိမ်းချမ်းရေးရအောင် တော်တော်ကို
ကြိုးစားနေတယ်။ သူ့ရဲ့သဘောထားလည်း ကျွန်တော်ကောင်းကောင်း သဘောပေါက်တယ်။
ငြိမ်းချမ်းရေး ရမှသာ တစ်ဖက်ကလည်း တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး
ဆက်လက်လုပ်ဆောင်စရာရှိတာတွေကို ဆက်လက် ဆောင်ရွက်မှာဖြစ်တယ်။
ဒါတင်မပြီးသေးဘူး ခုနကပြောတဲ့ ပြုပြင်ပြောင်းလဲရေးမှာလည်း နိုင်ငံရဲ့
ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့အခါမှာလည်း အခုကျွန်တော်တို့
ရင်ဆိုင်နေရတဲ့ပြဿနာ တွေအများကြီးရှိတယ်။ ဒီဟာတွေလည်း အေးအေးချမ်းချမ်းနဲ့
သေသေချာချာစည်းနဲ့ကမ်းနဲ့ ဖြစ်လာဖို့လည်းလိုတယ်။ ဒါတွေက ကျွန်တော်တို့ရဲ့
ကျော်ဖြတ်ရမယ့်ကိစ္စဖြစ်တယ်လို့ ကျွန်တော် ပြောချင်တယ်။
BBC - မကြာခင်မှာ သမိုင်းဝင်ရွေးကောက်ပွဲက
နိုဝင်ဘာလအတွင်းကျင်းပ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ
လွတ်လပ်ပြီးမျှတမှု ရှိမယ်လို့အဆွေတော်ယုံကြည်ပါသလား။ ထို့အပြင်
ဒီရွေးကောက်ပွဲ ကနေပြီးတော့ ဘယ်လိုအဖြေပဲထွက်ပေါ်လာသည်ဖြစ်စေ ဒီရလဒ်
အပေါ်မှာအဆွေတို့အနေနဲ့ လက်ခံလေးစားမှု ပြုနိုင်မလားလို့ သိချင်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး - နံပါတ်တစ်အချက်က လွတ်လပ်မှုနဲ့မျှတမှုရှိတဲ့
ရွေးကောက်ပွဲ ဖြစ်မယ်လို့ ယုံကြည် ထားတယ်။ ကျွန်တော်တို့လည်း
ဒီအတိုင်းဆန္ဒရှိတယ်။ ရအောင်လည်း ဒါကိုကူညီပေးဖို့ ကျွန်တော်တို့ တပ်မတော်က
ဆောင်ရွက်ပေးနိုင်တဲ့အခန်းကဏ္ဍတွေကို အကုန်လုံးအပြည့်အစုံ ဆောင်ရွက်ပေးဖို့
ဆုံးဖြတ်ထားပြီးပါပြီ။ နောက်တစ်ခုကတော့ ရွေးကောက်ပွဲရလဒ်ပေါ့။ ရွေးကောက်ပွဲ
ရလဒ်ကတော့ ရွေးကောက်ပွဲ ကော်မရှင်ကနေပြီးတော့ ဒီရလဒ်ကိုကြေညာလိုက်ပြီ
ဆိုလို့ရှိရင်တော့ ကျွန်တော်တို့လက်ခံရ မှာပေါ့။ ဒါဟာဒီမိုကရေစီ
နည်းလမ်းကျကျလုပ်တဲ့ဟာ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း မဲပေးမယ်။
ကျွန်တော်တို့ကိုယ်တိုင်လည်း အဲဒီရလဒ် အပေါ်မှာတရားနည်းလမ်းကျစွာနဲ့
ထုတ်ပြန်ထားတဲ့အဖြေပေါ်လည်း လက်ခံရမှာပဲဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး
အရင်ကတည်းက ကျွန်တော်ပြောခဲ့ဖူးပါတယ်။ ကျွန်တော်တို့အနေနဲ့ ကဒီ
ဒီမိုကရေစီစနစ် ကိုသွားတဲ့အချိန်မှာ မှန်မှန်ကန်ကန်နဲ့လုပ်ဖို့လိုတယ်။
အဲဒီအပေါ်မှာလည်း မှန်မှန်ကန်ကန်နဲ့ ဘယ်သူမဆိုလက်ခံဖို့လိုတယ်လို့
ကျွန်တော်ပြောခဲ့တာတွေရှိပါတယ်။ ကျွန်တော်တို့ သတိထားဖို့ တစ်ချက်ရှိပါတယ်။
အဲဒါကတော့ဘာလဲဆိုတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့မှ
သက်ရောက်မှုရှိနေတဲ့ နယ်မြေတွေမှာတော့ နည်းနည်းဂရုစိုက်ဖို့လိုတယ်။
မှန်မှန်ကန်ကန်နဲ့ဖြစ်ဖို့လိုတယ်။ ဒီတစ်ချက်ပဲ ဂရုစိုက်ဖို့လိုတယ်။
ကျန်တဲ့နေရာကတော့ နိုင်ငံရေးပြိုင်ဆိုင်မှုဆိုတာရှိမှာပဲ။ ဒီဟာကိုပြည်သူက
လိုလို့ ဒီစနစ်ကို သွားတယ်။ ကျွန်တော်တို့ကလည်း
ဒီစနစ်ကိုအကောင်အထည်ဖော်ပေးတယ်။ပြီးတော့မှဒါကို ကပျက်ကယက်ဖြစ်အောင်
လုပ်နေတယ်ဆိုလို့ရှိရင် သမိုင်းမှာ ဘယ်လိုမှကောင်းနိုင်စရာရှိဘူး။ ဒါကတော့
ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေး ခံယူချက်နဲ့ပြောပြတာပါ။
BBC - အကယ်၍ အတိုက်အခံဘက်ကနိုင်သွားမယ်ဆိုရင် ဒီရလဒ်ကိုကော တပ်မတော် အနေနဲ့ လက်ခံမှာလား။
ဗိုလ်ချုပ်မှူးကြီး- ဘယ်သူရရ တရားနည်းလမ်းကျကျနဲ့ရတဲ့ result မှန်သမျှ အကုန်လက်ခံပါတယ်။
BBC - နောက်ထပ်တစ်ခုကျွန်တော်မေးလိုတာကတော့ တချို့ဖြစ်စဉ်တွေမှာ
တပ်မတော်သားတွေက ပြစ်မှုကျူးလွန် နေတယ်ဆိုပြီး စွပ်စွဲမှုတွေ
ရှိနေပေမယ့်လည်း တပ်မတော်က တာဝန်ယူခြင်းမရှိဘူးလို့ ဝေဖန်မှုတွေ ရှိပါတယ်။
ဥပမာအနေနဲ့ ကျွန်တော်ပြောရမယ်ဆိုရင် ကချင်ပြည်နယ်မှာ ဆရာမနှစ်ဦးကို
အဓ္ဓမပြုကျင့်ပြီးတော့ သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။
ဒီကိစ္စမှာတပ်ကနေပြီးတော့ ကျူးလွန်တယ်လို့ တချို့ဒေသခံတွေ
ပြောကြတာရှိပါတယ်။နောက်တစ်ခုကတော့ ကရင်ပြည်နယ်မှာ ပါကြီးအသတ်ခံရတဲ့အမှု
ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး စွပ်စွဲချက်တွေရှိနေတာနဲ့ ပတ်သက်ပြီး
သိလိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး - ခင်ဗျားပြောတဲ့ ကချင်ပြည်နယ်မှာဖြစ်တဲ့
ဆရာမနှစ်ယောက် ကိစ္စကတော့ ကချင်ပြည်နယ် မဟုတ်ဘူး ရှမ်းပြည်နယ်မှာရှိတဲ့
ကချင်တိုင်းရင်းသားတွေနေတဲ့ ဒေသတစ်ခုမှာ ဖြစ်ခဲ့တာဖြစ်တယ်။ အဲဒီတော့
ကျွန်တော်တို့မှာ တပ်မတော်ကသတ်မှတ်ထားတဲ့ စည်းကမ်းတွေရှိတယ်။
ကျွန်တော်တို့မှာ ဥပဒေနဲ့ဖွဲ့စည်းထားတော့ ဥပဒေရှိတဲ့အပြင် သူ့စည်းကမ်း
သတ်မှတ်ချက်တွေရှိတယ်။ ၁၉၅၉ခုနှစ် တပ်မတော်အက်ဥပဒေ ဆိုတာရှိတယ်။ ဒါကလည်း
ခင်ဗျားတို့ ဗြိတိသျှကနေ ကျွန်တော်တို့ ယူလာခဲ့တဲ့ ဥပဒေတစ်ခုပေါ့။
အင်မတန်ကောင်းတဲ့ ဥပဒေတစ်ခုပါ။ ဒီဥပဒေအပြင်ကျွန်တော်တို့မှာ အမိန့်နှင့်
ညွှန်ကြားချက်တွေ၊ သီးခြားညွှန်ကြားချက်တွေရှိတယ်။ ပိုပြီးတော့လေးနက်အောင်
လုပ်ထားတာတွေရှိတယ်။ ပြစ်မှုတစ်ခုကျူးလွန်ရင် လွတ်ပြီဆိုတာတော့မရှိဘူး။
ကျွန်တော်တို့ ထိထိရောက်ရောက် အရေးယူတယ်။ ဒီဟာကို တချို့လူတွေထင်တာကတော့
ကျွန်တော်တို့ကပြစ်မှု တွေနဲ့ပတ်သက်ပြီး လျှော့လျှော့ပေါ့ပေါ့ လုပ်တယ်လို့
ယူဆနေကြတယ်။ ကျွန်တော်တို့မှာ အဲဒီလိုမဟုတ်ဘူး။ ပြင်းပြင်းထန်ထန်ကို
အရေးယူခဲ့တာတွေ တပ်မတော်မှာရှိပါတယ်။ ပြင်းပြင်းထန်ထန်ကို ကျွန်တော်တို့
အရေးယူတယ်ဆိုတာကိုပြောလိုတယ်။ ဥပမာအားဖြင့် ခင်ဗျားပြောတဲ့
အမျိုးသမီးနှစ်ယောက် မုဒိမ်းကျင့်ခံရပြီး သတ်တဲ့ကိစ္စပေါ့၊ တပ်မတော်မှာ
တကယ်သာ တပ်မတော်သားတစ်ယောက်က ကျူးလွန်တယ်ဆိုလို့ရှိရင် လူသတ်မှုအတွက်
သေဒဏ်ကတော့ သေချာတယ်။ သေဒဏ်ပြစ်ဒဏ် အစီရင်ခံရမှာသေချာတယ်။ နောက်တစ်ချက်က
rape case ဆိုလို့ရှိရင်တော့ အမြင့်ဆုံး ပြစ်ဒဏ်ကိုပဲ အနိမ့်ဆုံး
ခံစားရမှာဖြစ်တယ်။ အနည်းဆုံးပေးမယ့် ပြစ်ဒဏ်ကတော့ အမြင့်ဆုံးပဲ။ ဒါကတော့
သေချာတယ်။ ကျွန်တော်တို့တပ်မတော်မှာ လုံးဝကို လက်မခံတဲ့
ကိစ္စမျိုးဖြစ်ပါတယ်။ အဲဒီတော့ ခင်ဗျားပြောတဲ့ ကချင်အမျိုးသမီး
နှစ်ယောက်ဖြစ်စဉ်မှာ ဆိုလို့ရှိရင် ကျွန်တော်တို့သိတဲ့ ရရှိခဲ့တဲ့သက်သေ
စစ်ဆေးချက်တွေက တပ်မတော်သားတွေနဲ့ မပတ်သက်ဘူး ဆိုတာကတော့ ကျွန်တော်တို့
ယုံကြည်ထားတယ်။ သို့သော် သက်သေတွေကုန်ပြီလားဆိုတော့ သက်သေတွေကုန်တဲ့
အဆင့်တော့မရဘူး။ အဲဒီသက်သေတွေက တစ်ဖက်ရဲ့ ဖိအားပေးမှုတွေကြောင့်
သက်သေတွေလွတ်နေတာ တွေရှိတယ်။ အဲဒီသက်သေတွေသာ စစ်နိုင်မယ်ဆိုရင်တော့
အဖြေကတိကျတဲ့ အဖြေတစ်ခု ထွက်လာမယ်လို့ ကျွန်တော်ထင်တယ်။ တိကျတဲ့အဖြေ
ထွက်လာတယ်ဆိုလို့ရှိရင် တာဝန်ရှိတဲ့လူကိုတော့ ထိထိရောက်ရောက် အပြစ်ပေးမယ်။
ဒါကတော့ တရားစီရင် ရေးဘက်က စဉ်းစားမှာပေါ့။ တပ်မတော်ဘက်
တရားစီရင်ဖို့လိုရင်လည်း တပ်မတော်ဘက်ကတော့ အပြင်းထန်ဆုံး
ပြစ်ဒဏ်ပေးမယ်ဆိုတာတော့ ကျွန်တော်ပြောနိုင်တယ်။ နောက်တစ်ခုကခင်ဗျားပြောတဲ့
ခုနက ပါကြီးကိစ္စပါ။ ကရင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ကိစ္စပေါ့။ ကျွန်တော်တို့ဆီမှာ
တန်းပြည့်စစ်မှုထမ်းခြင်းဆိုတာ တစ်ခုရှိတယ်။ ဒီဥပဒေအရဆိုလို့ရှိရင်
တပ်မတော်သားတစ်ယောက်က တိုင်းပြည် တာဝန်ထမ်းဆောင်တဲ့ အချိန်မှာ
ပြဿနာတစ်ခုရှိရင် သူအကာအကွယ်ပေးရမှာတွေရှိတယ်။ ကရင်ပြည်နယ်မှာ
ဖြစ်ခဲ့တဲ့ပါကြီးကိစ္စ ဆိုလို့ရှိရင် ဒီတိုက်ပွဲဧရိယာ၊
ဖြစ်တဲ့နေရာမှာဖြစ်တဲ့ case တစ်ခု၊ အမှုတစ်ခုဖြစ်ပါတယ်။ အဲဒီတော့ ပါကြီးကို
ကျွန်တော်တို့ဖြစ်စဉ် ဖြစ်တဲ့နေရာမှာမိတဲ့အချိန်မှာ သူသည်
လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ လူတစ်ယောက်အနေနဲ့
မိခဲ့တာဖြစ်တယ်။ သူဟာ သတင်းထောက်တစ်ယောက်ဖြစ်တယ်၊ ဒါမှမဟုတ်လို့ရှိရင်
သူဟာအရပ်သား တစ်ယောက်ဖြစ်တယ်ဆိုတာကို သူလုံးဝ ပြောခဲ့တာမရှိဘူး။ ဒါကြောင့်
သူ့ကို စနစ်တကျချုပ်နှောင်ထားတာပေါ့၊ ချုပ်နှောင်ထားပြီးတော့
သူဟာကျွန်တော်တို့ ကင်းသမားကို အန္တရာယ်ပေးပြီး ထွက်ပြေးဖို့
ကြိုးစားတဲ့အခါမှာ ပစ်ခတ်ဖမ်းဆီးလို့ သေသွားတဲ့ case ဖြစ်ပါတယ်။ အဲဒီတော့
တန်းပြည့်စစ်မှုထမ်းခြင်းနဲ့ စစ်သည်တစ်ယောက်ကတာဝန်ထမ်းဆောင်ချိန်မှာဖြစ်တဲ့
ကိစ္စဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က ဥပဒေအရ အကာအကွယ်ပေးလို့ရတာ
ရှိပါတယ်။ဒါကတော့သာမာန်အားဖြင့် ပြောတာပေါ့။ ဒါကြောင့်
လည်းကျွန်တော်တို့ကစစ်သည်တစ်ယောက်ကို အရေးယူတဲ့အခါမှာ ဒီဥပဒေအရ ၁၉၅၉ခုနှစ်
တပ်မတော်အက်ဥပဒေကနေ ကျွန်တော်တို့ အရေးယူခဲ့တာဖြစ်တယ်။ တကယ်လို့သာပါကြီးက
သူဟာ အစကတည်းက အရပ်သားတစ်ယောက်ဖြစ်ပါတယ်၊ သတင်းထောက်တစ်ယောက်
ဖြစ်ပါတယ်ဆိုတာကို သက်သေ အထောက်အထားနဲ့ ပြပြီးပြောမယ်ဆိုလို့ရှိရင်
ဒီလိုမျိုးပြဿနာ ဖြစ်လာစရာအကြောင်းမရှိဘူးလို့ ကျွန်တော်ပြောလိုတယ်။
ဒီနေရာမှာလည်း ဒီအမှုတစ်ခုကခင်ဗျားက ဥပမာအနေနဲ့ပြောလို့ သာပြောလို့
ကျွန်တော်ကရှင်းပြတာ။ တပ်မတော်မှာ အလားတူ ကိစ္စတွေအများကြီးရှိတယ်။
ကျွန်တော်တို့ အများကြီး ပြင်းပြင်းထန်ထန်တွေ
အရေးယူခဲ့တဲ့ဖြစ်စဉ်တွေရှိတယ်။ သိပ်မကြာ သေးခင်က ကချင်ပြည်နယ်မှာ တစ်ခု
ဖြစ်ခဲ့တယ်။ ရဲဘော်တစ်ယောက်က တိုင်းရင်းသားအိမ်တစ်အိမ်ကို ၊ သူလည်နေကြအိမ်
တစ်အိမ်ကို သွားတယ်၊ သွားတဲ့အခါကြတော့ သူ့ကိုဒီအိမ်မှာရှိတဲ့
အမျိုးသမီးကြီးကို မုဒိမ်းကျင့်ဖို့ကြိုးစားတယ်ဆိုပြီး ရွာကနေ၀ိုင်းပြီး
ဖမ်းလိုက်တယ်။ သူ့ကို ဖမ်းတဲ့အခါကြတော့ ၊ တကယ်တော့ မုဒိမ်းမှု ကျူးလွန်တဲ့
အဆင့်ကို မရောက်ဘူး။ ဘာသက်သေအထောက်အထားမှ မရှိဘူး။ သို့သော်လည်းပဲ
တပ်မတော်ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ အထင်အမြင်လွဲမှားမှုကို
ဖြစ်စေတဲ့အတွက်ကြောင့်သူ့ကို ကျွန်တော် ထောင်ခုနှစ်နှစ်အထိ သက်ဆိုင်ရာ
တရားရုံးကနေပြီးတော့ ပြစ်ဒဏ်ချခဲ့တာရှိတယ်။ အလားတူပါပဲ ကျွန်တော်တို့
အခြားနေရာမှာ ပြစ်မှုကျူးလွန်တဲ့ ရဲဘော်တွေရှိပါတယ်။ ရဲဘော်တွေဟာ
မတစ်ထောင်သား တွေဖြစ်ပါတယ်။ ခြောက်ပြစ်ကင်း သဲလဲစင်လို့တော့
ကျွန်တော်မပြောလိုပါဘူး။ ဘယ်နိုင်ငံမှာမဆို ရဲဘော်တွေ၊ စစ်မှုထမ်းတွေက
ပြစ်မှုကျူးလွန်တဲ့ သူတွေရှိကြတာပါပဲ။ အဲဒီတော့ ဒီမှာလည်း
ပြစ်မှုကျူးလွန်တယ်ဆိုလို့ရှိရင် သူတို့နိုင်ငံမှာရှိတဲ့ စစ်မှုထမ်းဥပဒေအရ
အပြစ်ပေးတဲ့ စည်းကမ်းတွေအကုန်လုံးရှိတယ်။ ဒီဥပဒေအရ သွားကြတာဖြစ်တယ်။
ကျွန်တော်တို့လည်း ဒီဥပဒေအရပဲသွားတယ်။ သွားတဲ့အခါကြတော့ ဒီလိုဖြစ်တဲ့
အမှုမျိုးဆိုလို့ရှိရင် ကျွန်တော်တို့ ထိထိရောက်ရောက် အရေးယူခဲ့တယ်ဆိုတာ
ယခင်သာဓကတွေ လည်းအများကြီးရှိတယ်။ ခင်ဗျားတို့ ထင်သလို တာဝန်မရှိဘူး၊တာဝန်
မယူဘူးဆိုတဲ့ဟာတော့မဟုတ်ဘူးလို့ ကျွန်တော်ပြောလိုတယ်။
BBC - လက်ရှိရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး အခုဆိုရင် မီဒီယာမှာ ထိုင်းနဲ့အခြားနိုင်ငံတွေမှာလည်း
ဆက်စပ်ဖြစ်ပွားနေတာကိုလည်း တွေ့ရှိရပါတယ်၊ ဒါနဲ့ပတ်သက်ပြီး ဒီပြဿနာကို
ဖြေရှင်းဖို့အတွက် အဆွေတော်ရဲ့အမြင်နဲ့ ရေရှည်မှာဖြေရှင်းမည့်နည်းလမ်းကို
ဘယ်လိုများ ဆောင်ရွက်ဖို့ အစီအစဉ်ရှိပါသလဲ။
ဗိုလ်ချုပ်မှူးကြီး - ကျွန်တော်ထင်တယ် ခင်ဗျားမေးတဲ့အဓိပ္ပါယ်က
ဘင်္ဂါလီနဲ့ပတ်သက် တယ်လို့ ယူဆတယ်။ ဒီဘင်္ဂါလီကလည်း ရခိုင်ပြည်နယ်မှာရှိနေတဲ့
အဖွဲ့အစည်းပေါ့လေ။ တစ်ခုရှိတာပေါ့၊ တစ်ချို့ကလည်း ဘင်္ဂလားဒေ့ရှ်ကနေပြေးလာတဲ့
လူတွေလည်းရှိတယ်၊ ခုနကပြောတဲ့ မလေးရှား အိမ်နီးနားချင်းနိုင်ငံ
အထိဖြစ်နေတယ်ဆိုတဲ့ ပြဿနာပေါ့၊ ကျွန်တော်တို့ဆီမှာရှိတဲ့
ဟိုဘက်ကပြေးတဲ့လူတော့ ဒါသူတို့ရဲ့ပြဿနာပေါ့၊ ဘင်္ဂလားဒေ့ရှင်္နိုင်ငံဘက်က
ပြေးတဲ့လူကတော့ ဟိုဘက်နိုင်ငံရဲ့ ပြဿနာပေါ့၊ ဒီဟာတော့ ကျွန်တော်ပြောလိုတယ်၊
ဒါကိုတော့သူတို့ပြဿနာသူတို့ရှင်းဖို့လိုတာပေါ့။ ဒီဘင်္ဂါလီ ဆိုတာလဲ
တကယ်တမ်းပြောရရင် ကျွန်တော်တို့ ဗြိတိသျှနိုင်ငံရဲ့ ကိုလိုနီ
ဖြစ်ခဲ့တဲ့အချိန်တုန်းက မြန်မာနိုင်ငံကို လယ်ကူလီလုပ်ဖို့ဆိုပြီးတော့မှ
အဲဒီတုန်းကရခိုင်ဒေသမှာ ခေါ်လာတဲ့ လူတွေအများစုဖြစ်ပါတယ်၊ ဒီကနေပြီးတော့
ပေါက်ဖွားလာတဲ့လူတွေ များတာပေါ့ ။ စည်းမရှိကမ်းမရှိ ၀င်ကြတဲ့လူတွေပေါ့။
အဲဒီကနေပြီး ပေါက်ဖွားလာပြီး ခုနကရခိုင်ဒေသမှာ ရောက်နေတဲ့
ပုဂ္ဂိုလ်တွေဖြစ်တယ်။ သူတို့က ကျွန်တော်တို့ရဲ့ တိုင်းရင်းသားမဟုတ်ဘူး။
တိုင်းရင်းသားမဟုတ်တဲ့ အတွက်ကြောင့် တိုင်းရင်းသားနဲ့တူညီတဲ့ အခွင့်အရေး
တစ်ခု သူတို့ရစရာအကြောင်းတော့မရှိဘူး။ သို့သော် လူသားချင်း
စာနာထောက်ထားမှုအနေနဲ့ ဥပဒေအရတော့ ကျွန်တော်တို့ စောင့်ရှောက်ပေးမယ့်
လုပ်ငန်းတွေတော့ရှိပါလိမ့်မယ်၊ ပိုင်ခွင့်တွေ ရှိလိမ့်မယ်၊
အဲဒီတော့ဒါတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကတော့ သက်ဆိုင်ရာတည်ဆဲဥပဒေ
အရပဲဖြေရှင်းပြီး သွားရမှာပေါ့။ နံပါတ်တစ် အချက်ကတော့ ဒီအဖွဲ့တွေကို
ကျွန်တော်တို့နိုင်ငံရဲ့ ဥပဒေနဲ့အညီနေထိုင်ဖို့အတွက် အရေးကြီးတယ်၊
နံပါတ်တစ်အချက် အရေးအကြီးဆုံးပဲ၊ ကျွန်တော်တို့တိုင်းပြည်ရဲ့ ဥပဒေနဲ့အညီ
နေထိုင်ဖို့အတွက် အရေးအကြီး ဆုံးပဲဖြစ်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ်ပေါ့၊
ကျွန်တော်တို့ တိုင်းရင်းသားပဲဖြစ်ဖြစ်၊ ကျွန်တော်တို့နိုင်ငံမှာ
ရောက်ရှိနေတဲ့ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်တို့နိုင်ငံရဲ့ ဥပဒေနဲ့နေဖို့တော့
နံပါတ်တစ်အချက် အရေးကြီးပါတယ်၊ နောက်တစ်ခုကတော့
ကျွန်တော်တို့ဆီမှာနိုင်ငံသားနဲ့ ပတ်သက်တဲ့ ဥပဒေထုတ်ပြန် ထားတာရှိပါတယ်၊
ဒီဥပဒေအရလိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပြီးရင်တော့ ဥပဒေနဲ့အညီပဲ သူတို့ကို
ဆုံးဖြတ်ပြီး ဆောင်ရွက်မှာဖြစ်ပါတယ်။ အဲဒီအချိန်မှာ
သက်ဆိုင်တဲ့နိုင်ငံတွေကလည်း သက်ဆိုင်ရာအလျောက် တာဝန်ယူရမယ့်ဟာတွေ
လည်းရှိလာနိုင်ပါလိမ့်မယ်။ အဲဒီမှာကိုယ့်တာဝန်ကိုယ်ယူဖို့ကိုတော့ အရေးကြီး
တယ်လို့ ပြောလိုတယ်၊ ချက်ချင်းကြီး ဒီဟာကြီးကိုဖြေရှင်းဖို့ ဆိုတာလည်း
သူတို့အနေနဲ့လည်းဒီဟာကို သိရှိနားလည် လက်ခံဖို့လိုသလို
သက်ဆိုင်ရာနိုင်ငံတွေကလည်း ဒီပေါ်မှာ လက်ခံနိုင်ဖို့လည်း လိုအပ်တယ်လို့
ပြောလိုပါတယ်၊ အဲဒီမှာ ကျွန်တော်တို့နိုင်ငံလည်းပါတာပေါ့၊ သက်ဆိုင်တဲ့
နိုင်ငံအားလုံးပေါ့၊ ဒီနေရာမှာ တစ်ဖက်ကလည်း သူတို့အနေနဲ့
ဥပဒေနဲ့အညီနေထိုင်ဖို့ လိုသလို သူတို့ကိုလည်း ဘေးကနေ မြှောက်ထိုး
ပင့်ကော်လုပ်ပြီးတော့ တည်ငြိမ်မှုပျက်ပြားအောင်၊
လှုံ့ဆော်မှုတွေလည်းမဖြစ်အောင် တစ်ဖက်ကလည်း အသိရှိရှိနဲ့အားလုံးဝိုင်းပြီး
လုပ်ဖို့လိုလိမ့်မယ်၊ ဒါမှသာ ဒီပြဿနာလည်း ကျော်လွှားလို့ရမှာပေါ့။
ဒါမှမဟုတ်ရင် အဖုအထစ်ဖြစ်နေတာနဲ့ ဒီပြဿနာကျော်လွှားဖို့အတွက်
ကျွန်တော်တို့အချိန်ကာလ ပိုပြီးတော့ကြာတဲ့ အခြေအနေကို ရောက်သွားနိုင်ပါတယ်။
တစ်ဖက်ကလည်း သက်ဆိုင်တဲ့လူများက သူတို့အပေါ်မှာ
ကုလသမဂ္ဂရဲ့ပြဋ္ဌာန်းချက်တွေရှိပါတယ်။ ဒီအပေါ်မှာလည်း
ကျွန်တော်တို့အလေးထားပြီးတော့ ဆောင်ရွက် ဖို့လိုပါလိမ့်မယ်။
BBC - အဆွေတော်အနေနဲ့ ဒီနှစ်မှာ တပ်မတော်ကနေပြီးတော့ အငြိမ်းစား
ယူမယ်လို့ ကျယ်ပြန့်စွာ သတင်းထွက်ပေါ်နေပါတယ်၊ ဒီဟာကော မှန်ကန်မှုရှိပါသလား၊
နောက်တစ်ခုသိချင်တာကတော့ နိုင်ငံရေး ရည်မှန်းချက်တွေရှိပါသလား၊ အကယ်၍သမ္မတ
တာဝန်ထမ်းဆောင်ပေးဖို့ တောင်းဆိုလာမယ်ဆိုရင် ထမ်းဆောင်ဖို့ အတွက် ဆန္ဒရှိပါ
သလား။
ဗိုလ်ချုပ်မှူးကြီး - နံပါတ်တစ်အချက်က ဒီနှစ်အငြိမ်းစားယူမယ်
ဆိုတာတော့မဟုတ်ဘူး။ ၂၀၁၆ ခုနှစ်မှ ကျွန်တော်အသက် ၆၀ ပြည့်မှာဖြစ်ပါတယ်၊
ဒါကတော့ ဥပဒေအရပြောရမယ်ဆိုရင်ပေါ့၊ နောက်တစ်ခုက
နိုင်ငံရေးနဲ့ပတ်သက်တာပေါ့၊ ကျွန်တော်တို့ အခုတပ်မတော်သား ၊
တပ်မတော်အရာရှိကြီး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတဲ့အချိန်ထိ
တပ်မတော်မှာ တာဝန်ထမ်းဆောင်တာ နှစ် ၄၀ ရှိပြီဖြစ်ပါတယ်၊ ကျွန်တော့်မှာတော့
ဒီဟာတွေက တိုင်းပြည်အတွက် ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံတွေ
အများကြီးရှိတာပေါ့။ နောက်တစ်ခုက ကျွန်တော်ကလည်း တပ်မတော်သား တစ်ယောက်
တာဝန်ထမ်း ဆောင်တာ နေ့စဉ် ကျွန်တော်တို့မှာလည်း သစ္စာဆိုထားတာရှိတယ်
တိုင်းပြည်အတွက် အသက်ပေးပြီး တာဝန်ထမ်းဆောင်ဖို့ဆိုတဲ့
အဓိဌာန်ကိုသစ္စာဆိုထားတဲ့ လူတွေဖြစ်တဲ့အတွက် တိုင်းပြည်အတွက် လိုအပ်လာ
လို့ရှိရင်တော့ ဘာတာဝန်ပဲဖြစ်ဖြစ် လုပ်ရမယ့်တာဝန်ရှိပါတယ်၊ ဒါကလည်း
ပြောရမယ်ဆိုရင်တော့ အမျိုးသား နိုင်ငံရေးတာဝန်ပဲဖြစ်ပါတယ်။အဲဒီတော့
ကျွန်တော့်ကို ပြည်သူလူထုက တောင်းဆိုလာတယ် ၊ လုပ်မလားလို့ မေးတယ်၊
တောင်းဆိုမယ့်လူရှိလာရင်လည်း အဲဒီအပေါ်မူတည်မှာပေါ့။ ဒါပေမယ့်လည်း
စစ်သားတစ်ယောက် ရဲ့ တာဝန်ကိုက တိုင်းပြည်ရဲ့အကျိုးစီးပွားတစ်ခုခုကို
ကျတဲ့နေရာကနေ တာဝန်ထမ်းဆောင်ဖို့စစ်သား တစ်ယောက်မှာ တာဝန်ရှိသလို
နိုင်ငံသားတစ်ယောက်အနေနဲ့လည်း တိုင်းပြည်ရဲ့ ကောင်းမယ့်ကိစ္စ မှန်သမျှကို
ဘယ်လိုပဲဖြစ်ဖြစ် ထမ်းဆောင်ဖို့တာဝန်ရှိတယ်၊ နောက်တစ်ခုက ဥပဒေကလည်း
ကျွန်တော်တို့နိုင်ငံသားတွေမှာ ခုနကပြောတဲ့ သမ္မတဆိုတဲ့အခြေအနေနဲ့
ပတ်သက်ရင်လည်း ပြဋ္ဌာန်းချက်တွေရှိတယ်၊ ဒီအပေါ်မှာ ကိုက်ညီတယ်ဆိုလည်း
ကျွန်တော့်မှာ အခွင့်အရေးရှိတာပေါ့။ မကိုက်ညီရင်လည်း အခွင့်အရေး
မရှိဘူးပေါ့၊ ဒီအခွင့်အရေးရှိနေတာကို ကျွန်တော့်အနေနဲ့ပြည်သူက
လည်းတောင်းဆိုမှု ပြုလာတယ်ဆိုလို့ရှိရင် အဲဒီအခြေအနေကျရင်တော့ ပြောမှာပေါ့။
ဒီအချိန်မှာ ကျွန်တော်လုပ်တဲ့ဟာတွေက တိုင်းပြည်ကောင်းအောင် လုပ်တယ်ဆိုတဲ့
ရည်ရွယ်ချက်တစ်ခုတည်း ရှိတယ်လို့ပြောလိုပါတယ်။ နောက်တစ်ခုကလည်း ပြည်သူက
တောင်းဆိုမှလည်းမဟုတ်ဘူး ၊ ဥပဒေပြဋ္ဌာန်းချက်အရလည်း
ကျွန်တော်တို့ဥပဒေပြဋ္ဌာန်းချက်ကို ကျော်လွန်လို့ မရဘူးလို့ ပြောချင်တယ်။
BBC - ကျွန်တော်တစ်ခုလောက် ရှင်းရှင်းလင်းလင်းသိချင်ပါတယ်။
လာမယ့် မတ်လမှာ ပြည်ထောင်စု လွှတ်တော်ကနေပြီးတော့ အဆွေတော်ကို သမ္မတအဖြစ်
အဆိုပြုမယ်ဆိုရင် ဘယ်လိုဆန္ဒရှိပါသလဲ။
ဗိုလ်ချုပ်မှူးကြီး - သူတို့အဆိုပြုနိုင်တဲ့ အခြေအနေမျိုးရှိဖို့က
နံပါတ်တစ်အချက် အရေးကြီးပါတယ်။ အဲဒီတော့ ခင်ဗျားက ထင်ခဲ့ရင်လို့မေးတာပေါ့ ။
ပြည်ထောင်စုလွှတ်တော်ကနေပြီးတော့ ဆန္ဒပြုပေးခဲ့ရင်ဆိုပြီးတော့။ ပေးမယ်
မပေးဘူးဆိုတာတော့ အဲဒီအချိန်ကျမှပဲသိနိုင်မယ်။ အဲဒီကျမှ
ကျွန်တော်ပြောလို့ရပါမယ်။ အခုတော့ ဒါတွေက စိတ်ကူးယဉ်ပြီးတော့
လျှောက်ပြောလို့လည်းမဖြစ်ဘူး။
BBC - ကျွန်တော်က အဆွေတော်ရဲ့ Facebook ကို ကြည့်ဖူး၊
သုံးဖူးပါတယ်။ အဲဒီမှာ အဆွေတော် အနေနဲ့ ပြည်သူလူထုနဲ့ တွေ့တာတွေ၊
နောက်ပြီးတော့ တပ်မတော်ဆေးရုံကို သွားရောက်ပြီးတော့ ဆေးရုံတက်လူနာတွေကို
တွေ့ဆုံတာတွေ၊ ဒါတွေနဲ့ပတ်သက်ပြီးတော့ တော်တော်လေး ပွင့်ပွင့်လင်းလင်း
Facebook ပေါ်မှာ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။ ဒီလိုမျိုး
အဆွေတော်ရဲ့လုပ်ရပ်က တပ်မတော်ရဲ့ လှုပ်ရှားမှုကို ပေါ်လွင်စေသလို
အဆွေတော်ရဲ့အရင်တုန်းက တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ သူတွေရဲ့ ဆောင်ရွက်မှုတွေ၊
ဖော်ပြတာတွေနဲ့ အများကြီးကွာခြားမှု ရှိတာ၊ ပွင့်ပွင့်လင်းလင်း ရှိတာကို
တွေ့ရပါတယ်။ ဒီအပေါ်မှာအခြား ရည်ရွယ်ချက်များရှိပါသလား။
ဗိုလ်ချုပ်မှူးကြီး - နံပါတ်တစ်အချက် ခင်ဗျားကျွန်တော့်ရဲ့
Facebook ကိုကြည့်တဲ့ အတွက်ကြောင့် ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။
နောက်တစ်ခုက ခင်ဗျားကျွန်တော့်ကို ပထမဆုံးမေးတဲ့အချက်ထဲမှာ
မြန်မာ့တပ်မတော်က ပြုပြင်ပြောင်းလဲမှု လုပ်သလားလို့မေးတယ်။ အဲဒီမှာ
ကျွန်တော်တို့ ပြုပြင်ပြောင်းလဲမှု လုပ်တယ်လို့ပြောတယ်။ ကျွန်တော်တို့
အရင်တုန်းက တပ်မတော်ရဲ့လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုက
တချို့အပိုင်းတွေမသိဘူး၊ တချို့အပိုင်းတွေသိတယ်။ ဒါပေမယ့် ကျွန်တော်ကကျတော့
ကျွန်တော်တို့ တပ်မတော်ရဲ့ အခြေအနေအားလုံးကို ပြည်သူကနေပြီးတော့မှ
များများသိ အောင်လုပ်ပေးတဲ့ဟာလည်း ပြုပြင်ပြောင်းလဲမှု တစ်ခုထဲမှာပါတယ်။
နောက်တစ်ခုကလည်း တပ်မတော်ရဲ့ အခြေအနေတွေပေါ့၊ ပြည်သူတွေကနေ
မှန်မှန်ကန်ကန်သိခြင်းအားဖြင့် တပ်မတော်အပေါ်မှာ ပြည်သူက နားလည်ပြီးတော့မှ
ကျွန်တော်တို့တပ်မတော်သည် ပြည်သူရဲ့အကျိုးစီးပွားကို ကာကွယ်နေတဲ့၊ ပြည်သူ့
အကျိုးစီးပွားကို ဖော်ဆောင်နေတဲ့၊ တိုင်းပြည်ရဲ့အန္တရာယ်ကို ကာကွယ်နေတဲ့
တပ်မတော် တစ်ရပ်ဖြစ်တယ်၊ နောက်တပ်မတော်ခေါင်းဆောင်တွေ ကလည်း
ဒီဟာကိုပဲအလေးထားပြီး ဆောင်ရွက်ပေးနေတယ်ဆိုတာကို ပြည်သူကသိခြင်းအားဖြင့်
ပြည်သူနဲ့တပ်မတော်ဟာ အမြဲတမ်း တစ်သားတည်းဖြစ်နေမယ့် အခြေအနေမျိုးကို
ရောက်စေချင်တဲ့ဆန္ဒလည်း ကျွန်တော့်မှာရှိတယ်။ ကျွန်တော်တို့က ပြည်သူက
ပေါက်ဖွားလာခဲ့တာဖြစ်တယ်။ ကျွန်တော်လည်း အရပ်သားမိဘကနေ
ပေါက်ဖွားလာတဲ့တပ်မတော် ခေါင်းဆောင်တစ်ယောက်ပါ။ ထို့အတူပဲ
ကျွန်တော့်မှာရှိတဲ့ တပ်မတော်သား အားလုံးနီးပါးဟာလည်း
ပြည်သူကနေပေါက်ဖွားလာတဲ့ သူတွေဖြစ်တယ်။ တချို့လည်း
တပ်မတော်သားကနေပြီးတော့မွေးတဲ့ စစ်သားသားသမီးတွေရှိသလိုပဲ အဲဒီစစ်သား
မိဘတွေဟာ လည်း တစ်ချိန်တုန်းက ပြည်သူကနေ ပေါက်ဖွားလာတဲ့သူတွေပဲဖြစ်ကြတယ်။
ဒါ့ကြောင့် ပြည်သူနဲ့ တပ်မတော်ဟာ ကင်းကွာလို့မရဘူး။ နောက်
ပြည်သူကပေါက်ဖွားလာတဲ့ တပ်မတော်ဖြစ်တဲ့အတွက် ပြည်သူက
ကျွန်တော်တို့ရဲ့မိဘတွေပဲဖြစ်တယ်။ ဒီဟာကိုကျွန်တော်တို့အနေနဲ့
အမြဲတမ်းခံယူပြီးတော့၊ ပြည်သူကလည်း ကျွန်တော်တို့အပေါ် ယုံကြည်မှုရှိအောင်
လုပ်ဖို့လည်းလိုတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ခုနကပြောတဲ့ Social
Network ကနေပြီးတော့ တင်ပြသလို ကျွန်တော့်မီဒီယာတွေရှိပါတယ်၊
မြ၀တီသတင်းဌာနရှိတယ်၊ မြ၀တီသတင်းစာရှိတယ်၊ မြ၀တီရုပ်မြင်သံကြားရှိတယ်။
နောက်ပြီးလို့ရှိရင် ကျွန်တော်တို့ရဲ့ မီဒီယာ ကနေပြီးတော့
ဒီလုပ်ဆောင်ချက်တွေလည်း ပြည်သူသိအောင်လို့လုပ်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း
မီဒီယာတွေနဲ့ ထိတွေ့မှုအများကြီးလုပ်တယ်။ ခင်ဗျားအပါအ၀င်ပေါ့။ မီဒီယာနဲ့
ကျွန်တော် ထိတွေ့မှုလုပ်တယ်။ အရင်ကဆိုရင် ထိတွေ့မှုအင်မတန် နည်းတယ်။
ပုဂ္ဂိုလ်ရေးအရ ထိတွေ့မှုနည်းတဲ့အတွက် အရင်ကတော့ သတင်းစာရှင်းလင်းပွဲလေး၊
ဘာလေးတော့လုပ်တာပဲရှိပါတယ်။ သို့သော်လည်း တစ်ဦးချင်းရဲ့ ထိတွေ့မှုဆိုတာ
အင်မတန်နည်းပါတယ်။ ကျွန်တော့်လက်ထက်မှာတော့ ကျွန်တော်မီဒီယာတွေနဲ့
အကုန်တွေ့တယ်။ မီဒီယာ အဖွဲ့တွေ ဆို ၃ ကြိမ်လောက် တွေ့ခဲ့ပြီးဖြစ်သလိုပဲ
တစ်ခြားတွေ့သင့်တဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း အများကြီး တွေ့ခဲ့ပြီး ဖြစ်ပါတယ်။
ပြည်သူလူထုတွေနဲ့လည်း ကျွန်တော်အများကြီးတွေ့ခဲ့တယ်။ ဒါတွေကဘာလို့လဲဆိုရင်
ပြည်သူနဲ့ကျွန်တော်တို့သည် တစ်သားတည်း ရှိနေတယ်ဆိုတာကို၊
နောက်ပြီးတော့ပြည်သူက ကျွန်တော်တို့ကို ယုံကြည်မှုရှိနေတယ်ဆိုတာကို
ဖြစ်စေချင်လို့လုပ်တာပါ။ ကျွန်တော်တို့အနေနဲ့ ဒါအမှန်အတိုင်းပဲ ဆောင်ရွက်နေ
ခြင်းဖြစ်ပါတယ်။ နောက်တစ်ခုက ဒီ Social Media လုပ်တာ ကလည်း အခုကဒီ Social
Media တွေက အတုတွေအများကြီး ပေါ်တယ်၊ အတုတွေကနေပြီးတော့ Account
အတုတွေနဲ့လုပ်ပြီး တော့မှ ကျွန်တော်တို့ကို
ဒုက္ခပေးတာတွေအများကြီးရှိတယ်။ဒါကြောင့် ကျွန်တော်တို့တရားဝင် Social Media
မှာ Website တစ်ခုတင်ထားပြီးတော့ လုပ်တဲ့အခါကျတော့ ကျွန်တော်တို့
အပေါ်မှာမဟုတ်တဲ့ စွပ်စွဲချက်တွေ၊ တိုက်ခိုက် မှုတွေလည်း
လျော့နည်းသွားမယ်လို့ ယုံကြည်တယ်။ ဒါကြောင့် ကျွန်တော်တို့လုပ်နေတာလို့
ပြောလိုတယ်။ အခုခင်ဗျားနဲ့ ကျွန်တော်နဲ့ တွေ့ကြတာပေါ့၊ တကယ်လို့သာ
ခင်ဗျားနဲ့ကျွန်တော်နဲ့ မတွေ့ဘူးဆိုရင် ကျွန်တော်နဲ့ ပတ်သက်တဲ့
အကြောင်းအချက်အလက်တွေ၊ ကျွန်တော့်ရဲ့ အတွေးအခေါ်အယူအဆတွေနဲ့ ကျွန်တော့်ရဲ့
လုပ်နေတဲ့ အချက်အလက်တွေကို ခင်ဗျားတစ်ဆင့်ကြားပဲဖြစ်တဲ့အခါမှာ
သံသယရှိလိမ့်မယ်။ အခု ကျွန်တော်နဲ့ ခင်ဗျားနဲ့ နှစ်ယောက်တွေ့ပြီး
ပြောနေတဲ့အခါကျတော့ သံသယတွေရှိခဲ့ရင်တောင်မှ နည်းသွားမယ်လို့
ကျွန်တော်ယူဆတာပေါ့။ ဒီလိုပဲ ခုနကပြောတဲ့ Social Media တွေနဲ့
ကျွန်တော်ကပြည်သူလူထုကို ထိတွေ့တဲ့အခါမှာ ကျွန်တော်တို့အပေါ်မှာလည်း
ပြည်သူတွေအနေနဲ့ရော၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေအနေနဲ့ရော ကျွန်တော်တို့အပေါ်မှာ
ကောင်းမွန်တဲ့ အမြင်မျိုးကိုရခြင်းအားဖြင့် ကျွန်တော်တို့သည်
ကျွန်တော်တို့ နိုင်ငံအတွက် တကယ်ကို အမှန်တကယ်လုပ်နေတယ်ဆိုတာ
ပြည်သူကသော်လည်းကောင်း၊ ခင်ဗျား အပါအ၀င်ပေါ့၊ သက်ဆိုင်တဲ့
ပုဂ္ဂိုလ်တွေသိသွားတယ်ဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့လုပ်ဆောင်ချက် တွေဟာ
ကောင်းတဲ့လုပ်ဆောင်ချက် တစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့ကခံယူထားတာပါ။
မြ၀တီ