ပြန်ကြားရေးဝန်ကြီးဌာနက တရားစွဲထားတဲ့ မြန်မာသံတော်ဆင့်က အယ်ဒီတာချုပ် အပါအ၀င် ၁၁ ဦးအမှုကို ဒီကနေ့ နေပြည်တော် ပုဗ္ဗသီရိတရားရုံးမှာ အပြီးသတ်စီရင်ချက်ချရာမှာ ၉ ဦးကို ကွင်းလုံးကျွတ်လွှတ်ပြီး ၂ ဦးကို ဒဏ်ငွေ ၁၀ သိန်းစီ ချမှတ်ပါတယ်။
တရားခံနှစ်ဦးကို သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ) နဲ့ မနှစ်နိုဝင်ဘာလက တရားစွဲဆိုခဲ့တာဖြစ်ပြီး ရုံးချိန်း ၂၀ မြောက်မှာ စီရင်ခဲ့တာဖြစ်ပါတယ်။
“အားလုံး ၁၁ ယောက်စွဲထားတဲ့အထဲမှာ ၂ ယောက်ကိုတော့ သူတို့ စာနယ်ဇင်းကျင့်ဝတ်ကို ချိုးဖောက်တယ်ဆိုပြီးတော့ သုံးသပ်တယ်ပေါ့။ အဲဒီနှစ်ယောက်ကိုတော့ သူတို့ ငွေဒဏ် ၁၀ သိန်း ဒါမှမဟုတ် ထောင်ဒဏ် ၆ လအမိန့်ချတယ်။ ကျန်တဲ့ ၉ ယောက်ကိုတော့ လွှတ်ပေးတယ်” လို့ တရားစွဲခံရသူတဦးဖြစ်တဲ့ မြန်မာသံတော်ဆင့်ရဲ့ တာဝန်ခံ အယ်ဒီတာ ဦးအောင်ထွန်းလင်းက ပြောပါတယ်။
လက်ရှိအစိုးရသစ်လက်ထက်မှာ သတင်းမီဒီယာဥပဒေနဲ့ ပထမဆုံးအကြိမ် စတင်တရားစွဲဆို ပြစ်ဒဏ်စီရင်ချက်ဖြစ်ပါတယ်။
တရားသူကြီးက လက်ရှိအယ်ဒီတာချုပ် ဦးအောင်ကျော်မင်း အပါအ၀င် ၉ ဦးကို လွှတ်ပေးခဲ့ပြီး အယ်ဒီတာချုပ် ဦးကျော်စွာဝင်းနဲ့ ဒုတိယအယ်ဒီတာချုပ် ဦးအံ့ခေါင်မင်း (ထိုစဉ်က) တို့ကို ဒဏ်ငွေ ၁၀ သိန်း သို့မဟုတ် ထောင်ဒဏ် ၆ လ ချမှတ်ပါတယ်။ စီရင်ချက်ချခံရသူ ၂ ဦးက ဒဏ်ငွေ ပေးဆောင်ခဲ့ကြပါတယ်။
သတင်းမီဒီယာ ဥပဒေပုဒ်မ၂၅(ခ) ဟာ မည်သည့်သတင်းမီဒီယာသမားမဆို သတင်းဓာတ်ပုံနဲ့ အရုပ်အသံတွေ ဖော်ပြရာမှာ နည်းပညာသုံးပြီး ပြောင်းလဲခြင်း၊ တပါးသူပိုင်ဆိုင်တဲ့ပစ္စည်းကို ခွင့်ပြုချက်မရဘဲ ကူးယူခြင်း၊ အများအကျိုးစီးပွားနဲ့ စပ်ဆိုင်တဲ့သတင်းမဟုတ်ရင် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတခုရဲ့ ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးကို ထိခိုက်အောင် ရေးသားဖော်ပြခြင်းဆိုင်ရာ ပုဒ်မဖြစ်ပါတယ်။
ပြစ်ဒဏ်အရ ငွေဒဏ်အနည်းဆုံး ကျပ် ၃ သိန်းမှ အများဆုံး ကျပ် ၁၀ သိန်းအထိ ချမှတ်ရမည်ဟု ဖော်ပြထားတာကြောင့် အခု စီရင်မှုဟာ အမြင့်ဆုံးချမှတ်တာဖြစ်ပါတယ်။
မနှစ် သြဂုတ် ၉ ရက်ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်ပါ အံ့ခေါင်မင်းရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနလမ်းညွှန်အဖွဲ့ အတွင်းရေးမှူး၊ ဗေဒါနိုင်ငံရေး သိပ္ပံကျောင်းအုပ်ကြီး ဦးမျိုးရန်နောင်သိမ်းနှင့် တွေ့ဆုံမေးမြန်းချက် ကဏ္ဍမှာ နိုင်ငံတော်သမ္မတရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေသလို၊ အကြည်ညိုပျက်စေတဲ့ အသုံးအနှုန်းတွေ ပါတယ်ဆိုပြီး ပြန်ကြားရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးမြင့်ထွေးက သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅(ခ) နဲ့ ဂျာနယ်ထုတ်ဝေသူ၊ အယ်ဒီတာချုပ်ကနေ ဖြန့်ချိရေးအထိ ၁၁ ယောက်ကို တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
တရားခံရှေ့နေ ဦးဇော်လင်းကတော့ လွှတ်ပေးတဲ့ ၉ ယောက်ဟာ တရားမစွဲသင့်တဲ့ လူတွေဖြစ်ပြီး တရားခွင်တက်ရလို့ အချိန်ကုန် ငွေကုန်ဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။
“အဲဒီ ၉ ယောက်က အမှုမပြီးမချင်းကို ရန်ကုန်ကနေ အခေါက်ခေါက်အခါခါ လာရတယ်။ ပြီးတော့ ကားခတို့၊ တည်းခိုခတို့၊ စားသောက်စရိတ်တို့ အဲဒါတွေလည်း အများကြီးကုန်သွားတော့ ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့ တရားစွဲကတည်းက နည်းနည်းချိန်ဆပြီး စွဲသင့်တယ်လို့ပဲ ထင်တယ်။ အခု ၂ ယောက်ကလည်း တရားသူကြီးအမြင်မှာတော့ အပြစ်ပေးသင့်တယ်ဆိုပြီး ပြစ်ဒဏ်ချတာပေါ့။ ပြစ်ဒဏ်ကလည်း ထောင်ဒဏ်မပါဘူးပေါ့။ သို့သော် ဒို့အမြင်မှာလည်း ဒဏ်ငွေမရိုက်သင့်ဘူး၊ အပြစ်မပေးသင့်ဘူးလို့ ယူဆတယ်” လို့ ပြောပါတယ်။
မြန်မာသံတော်ဆင့်ဂျာနယ် ထုတ်ဝေသူ အယ်ဒီတာချုပ် ဦးကျော်စွာဝင်း၊ ဒုတိယ အယ်ဒီတာချုပ် ၃ ဦးဖြစ်တဲ့ ဦးအောင်ကျော်မင်း၊ ဦးဆန်းဝင်းထွန်း၊ ဦးအံ့ခေါင်မင်း၊ တာဝန်ခံအယ်ဒီတာ ၂ ဦးဖြစ်တဲ့ ဦးအောင်ထွန်းလင်း၊ တာမွေ ဦးအောင်ကို၊ အမှုဆောင်အယ်ဒီတာ ဦးချစ်ကိုကိုသော်၊ အယ်ဒီတာ ၂ ဦး ဖြစ်တဲ့ ဦးခင်မောင်လင်း၊ ဦးရှိန်းဝေနောင်၊ စာပေတိုက်မန်နေဂျာ(ဖြန့်ချိရေး) ဦးမြင့်ဇော်၊ ဖြန့်ချိရေး ဦးဇေယျာမိုးတို့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
သတင်းမီဒီယာဥပဒေကို ၂၀၁၄ ခုနှစ် ၊မတ်လ ၁၄ ရက်နေ့က အတည်ပြု ပြဋ္ဌာန်းခဲ့ပါတယ်။
DVB