စစ်တပ်က ပစ်သတ်ခဲ့တဲ့ အလွတ်သတင်းထောက် ကိုပါကြီး သေဆုံးမှုကို မှားယွင်းမှုနဲ့ အမှုပိတ်သိမ်းကြောင်း မော်လမြိုင်မြို့နယ်၊ ကျိုက်မရောရဲစခန်းက ကာယကံရှင်ဖြစ်တဲ့ ဒေါ်သန္တာထံ အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။
ရဲစခန်းရဲ့ အကြောင်းကြားစာထဲမှာ ဥပဒေရုံးအဆင့်ဆင့်တို့ရဲ့ အကြံပြုချက်၊ အထက်အကြီးအကဲ အဆင့်ဆင့်တို့ရဲ့ ညွှန်ကြားချက်တွေနဲ့အညီ အမှုအား မှားယွင်းမှုနဲ့ ပိတ်သိမ်းဖို့ ညွှန်ကြားလာတာကြောင့် ရဲစခန်းက အမှုပိတ်သိမ်းတယ်လို့ ဖော်ပြထားပါတယ်။
အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်ကတော့ ခရိုင်အဆင့်တရားရုံးကိုတက်ပြီး အမှုကို ဆက်လက်ရင်ဆိုင်မယ်လို့ ပြောပါတယ်။
“တရားရုံးက အမိန့်ချထားတာက ကိုပါကြီး သေဆုံးမှုဟာ သွေးရိုးသားရိုး သေဆုံးခြင်း မဟုတ်ဘူး၊ တစုံတဦးရဲ့ ပစ်ခတ်မှုကြောင့်လို့ သူက ဆိုထားတယ်။ ဖွင့်ထားတဲ့အမှုတခုကို ဘယ်သက်သေခံတွေအရ မှားယွင်းမှုအဖြစ် သတ်မှတ်တာလဲ၊ ဥပဒေပိုင်းက ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်နယ်ဥပဒေချုပ် စသဖြင့်ပေါ့၊ သုံးသပ်ခြင်းဟာ အပြီးအပြတ် မဖြစ်နိုင်ဘူး၊ တရားရုံးရဲ့ အဆုံးအဖြတ် ရရှိရေးအတွက် ဆက်လက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။”
အလွတ်သတင်းထောက် ကိုပါကြီးဟာ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလကုန်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် (ဒီကေဘီအေ)နဲ့ အစိုးရစစ်တပ်တိုက်ပွဲသတင်းလိုက်ပြီးအပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားစဉ် ဦးခေါင်းနဲ့ ခန္ဓာကိုယ်ပေါ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာပါ။
DVB