Headlines News :
Home » » အစိုးရသစ်လက်ထက်မှာ ဝန်ကြီးဌာန ၂၁ ခု ထားရှိဖို့ လွှတ်တော် အတည်ပြု

အစိုးရသစ်လက်ထက်မှာ ဝန်ကြီးဌာန ၂၁ ခု ထားရှိဖို့ လွှတ်တော် အတည်ပြု

Written By Live100 on Monday, March 21, 2016 | 1:15 PM


နိုင်ငံတော်သမ္မတ အသစ် ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့ထားတဲ့ ပြည်ထောင်စုဝန်ကြီးဌာန အရေအတွက်နဲ့ ပြည်ထောင်စုဝန်ကြီးဦးရေတို့ကို ပြည်ထောင်စုလွှတ်တော်မှာ စက်ခလုပ်နှိပ်ပြီး မဲခွဲဆုံးဖြတ် ရာ ထောက်ခံဆန္ဒမဲ ၆ဝဝ ကျော် ရရှိခဲ့တာကြောင့် ဦးထင်ကျော်ရဲ့ ပေးပို့ချက်အတိုင်း အတည်ပြုလိုက်ပါတယ်။

ပြည်ထောင်စုဝန်ကြီးဌာန ၂၁ ခု ထားရှိမယ့်အပေါ် ထောက်ခံမဲ ၆၁၁ မဲ၊ ကန့်ကွက်မဲ ၃ မဲ၊ ကြားနေမဲ ၂၂ မဲနဲ့ အတည်ပြုလိုက်တာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ၁၈ ဦး ခန့်အပ်ထားရှိမှာကို ထောက်ခံမဲ ၆ဝ၁ မဲ၊ ကန့်ကွက်မဲ ၂၁ မဲ၊ ကြားနေမဲ၊ ၁၄ မဲနဲ့ အတည်ပြုလိုက်တာဖြစ်ပါတယ်။

ဝန်ကြီးဌာနနဲ့ ဝန်ကြီးဦးရေကို လျှော့ချလိုက်တဲ့အတွက် အစိုးရသစ်သက်တမ်း ၅ နှစ်အတွင်း ငွေကျပ် သန်းပေါင်း ၅ ထောင် ခြိုးခြံချွေတာပြီးဖြစ်တယ်လို့ သမ္မတအသစ် ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်မှာ ရှင်းပြခဲ့ပါတယ်။

အဲ့ဒီလိုလျှော့ချလိုက်တဲ့ ဝန်ကြီးတွေရဲ့ လစာနဲ့ အဆောင်အယောင် အသုံးစရိတ် သန်းပေါင်း ၅ ထောင် ကို နိုင်ငံတော်မှာလိုအပ်နေတဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ ကျေးလက်ဒေသဖံွ့ဖြိုးရေးလုပ်ငန်းတွေမှာ ပိုမိုသုံးစွဲနိုင်မှာဖြစ်တယ်လို့ သမ္မတ ဦးထင်ကျော်က ရှင်းပြခဲ့ပါတယ်။

အစိုးရသစ်လက်ထက်မှာ အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးရေး၊ အဂတိတရားကင်းစင်တဲ့ လူ့အသိုင်းအဝိုင်းဖော်ဆောင်ရေး၊ အမျိုးသားအကျိုးစီးပွားကို ရှေးရှုရေး၊ ပြည်သူ့ဘဏ္ဍာငွေများ ခြိုးခြံချွေတာရေးနဲ့ စွမ်းဆောင်ရည် ပြည့်ဝပြီး ကျစ်လျစ်ခိုင်မာတဲ့ ပြည်ထောင်စုအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေးကို ဦးတည်ဆောင် ရွက်တာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

နိုင်ငံခြားရေး၊ ပြန်ကြားရေး၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ၊ ကာကွယ်ရေး၊ ဟိုတယ်နဲ့ ခရီးသွားလာရေး၊ ဆောက်လုပ်ရေး စတဲ့ဝန်ကြီးဌာန ၁ဝ ခုကို လက်ရှိအတိုင်း ပြန်လည်ထားရှိထားပြီး တချို့ဝန်ကြီးဌာနတွေက လုပ်ငန်းသဘောတူတာကြောင့် ပေါင်းစပ်ဖွဲ့စည်းထားကြောင်း ရှင်းပြခဲ့ပါတယ်။

သမ္မတရုံးဝန်ကြီးဌာန ၆ ခုကို တစ်ခုတည်းထားရှိကြောင်း၊ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ၊ မွေးမြူရေး ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသဖံွ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမ ဝန်ကြီးဌာန စတဲ့ဌာန ၃ ခုကို စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနအဖြစ် ပေါင်းစပ်လိုက်တာဖြစ်ပါတယ်။ အားကစားဝန်ကြီးဌာနကို ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပေါင်းစပ်လိုက်သလို ပညာရေးဝန်ကြီးဌာနနဲ့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနတို့ကို ပေါင်း စပ်လိုက်တာဖြစ်ပါတယ်။

အရင်က မရှိခဲ့တဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနကို တိုင်းရင်းသားအားလုံး လက်တွဲမဖြုတ်စတမ်း သွေးစည်း ညီညွတ်ပြီး ပြည်ထောင်စုတစ်ခုလုံး ငြိမ်းချမ်းသာယာရေး၊ ဖံွ့ဖြိုးတိုးတက်ရေးနဲ့ တည်တံ့ခိုင်မြဲရေးအတွက် မရှိမဖြစ် လိုအပ်နေတာကြောင့် အသစ်ဖွဲ့စည်းလိုက်တာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် ဝန်ကြီးဌာနတွေ လျော့နည်းသွားတာကြောင့် အစိုးရဝန်ထမ်းတွေက အလုပ်လက်မဲ့ဖြစ်သွားမှာကို စိုးရိမ်နေကြတာကို ကြားသိနေရကြောင်းနဲ့ ဝန်ထမ်းတွေကို သင့်တော်သလို ပြောင်းရွှေ့နေရာချထားပြီး အလုပ်အကိုင်လုံခြုံမှုပေးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ ညီညွတ်တဲ့ အလုပ်တွေကိုသာ လုပ်ကိုင်မယ်ဆိုရင် အလုပ်လက်မဲ့ဖြစ်စရာအကြောင်း လုံးဝမရှိကြောင်းလည်း သမ္မတအသစ် ဦးထင်ကျော်က ပြောကြားသွားပါတယ်။

သမ္မတအသစ် ဦးထင်ကျော် တင်ပြတဲ့ ဝန်ကြီးဌာန အရေအတွက်နဲ့ ဝန်ကြီးဦးရေကို လွှတ်တော်က အတည်ပြု လိုက်ပြီ ဖြစ်တာကြောင့် လာမယ့် အစိုးရသစ် လက်ထက်မှာ ပြည်ထောင်စုဝန်ကြီးဌာန အရေအတွက် ၂၁ ခုနဲ့ အစိုးရအဖွဲ့ကို ဖွဲ့စည်းမှာဖြစ်ပါတယ်။

RFA Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template