စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့အဝင် လမ်းအသုံးပြုခ ကောက်ခံရေးဂိတ်မှာ ယမ်းပြုလုပ်ရာမှာ အသုံးပြုတဲ့ အမိုနီယမ် နိုက်ထရိတ်သယ်ဆောင်လာတဲ့ ၁၂ ဘီးကားကို မတ်လ ၂၃ ရက်ည ၇ နာရီခွဲအချိန်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မ ရဲစခန်းက ပြောပါတယ်။
အင်းတော်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သူရအောင်ဦးဆောင်တဲ့ အဖွဲ့ဟာ အင်းတော်မြို့အဝင် ကြာအင်းလမ်း အသုံးပြုခကောက်ခံရေးဂိတ်မှာ စောင့်ဆိုင်းနေစဉ် ရွှေဘို ဘက်မှ မြစ်ကြီးနားဘက် ယာဉ်မောင်း ကိုကျော်သူမောင်မောင် မောင်းနှင်လာတဲ့ ၁၂ ဘီးယာဉ် ကို တားဆီးစစ်ဆေးခဲ့ရာ ကားပေါ်မှ တရုတ်နိုင်ငံထုတ် HUASHAN စာတန်းပါ အမိုနီယမ် နိုက်ထရိတ်ဓာတ်မြေသြဇာ ၆၅၀ အိတ်တို့ကို ဖမ်းဆီးရမိခဲ့တာပါ။
အင်းတော်မြို့ ဇင်ယော်စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်မှ ကိုပေါကိုက “သူက နိုက်ထရိတ်တော့ နိုက်ထရိတ် အမျိုးအစားပဲ ယမ်းတွေပါ။ မြေဆီဆိုပေမယ့် ဓာတ်ပေါင်းစုထဲမှာ ပြန်သုံးတာဆိုတော့ နည်းနည်းပဲ သုံးရတာပေါ့။ ကွန်ပေါင်းထုတ်မယ်ဆိုရင် ပိုတက်ဆီယမ်တို့ နိုက်ထရိတ်တို့နဲ့ ပေါင်းထည့်လိုက်တာ အခုလို တရုတ်စာနဲ့ အိတ်တွေက ယမ်းလုပ်ဖို့ပါ။ ကချင်ပြည်နယ်ဘက် သယ်တယ်။ ရွှေတွင်းထဲ သွားတယ်။ အဓိကအများဆုံးက ကျောက်မိုင်း လုပ်တဲ့သူတွေ သုံးတာပါပဲ။ ကျနော်တို့ စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းဆိုင် တွေမှာတော့ မရှိပါဘူး။ မန္တလေး၊ မုံရွာဘက်မှာတော့ရှိတယ်။ ကျနော်တို့ စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းဆိုင် တွေကိုလည်း သက်ဆိုင်ရာက လာစစ်ဆေးနေတာပဲ။ သူ့ကိုသုံးမယ်ဆိုရင် ကန့်တုံးနဲ့ထောင်းပြီး ရှော့တိုက်တာတို့ ငါးမိုင်းခွဲတာတို့မှာလည်း သုံးတယ်”လို့ ပြောပါတယ်။
ဒါကြောင့် အင်းတောင်မြို့မရဲစခန်းက တရားမဝင်အကောက်ခွန်မဲ့ပစ္စည်း သယ်ဆောင် လာတဲ့ မင်းဘူးမြို့ အမှတ် (၃) ရပ်ကွက် နေသူ ယာဉ်မောင်းကိုကျော်သူမောင်မောင်ကို (ပ)၂၉/၂၀၁၆ ပြစ်မှုပုဒ်မ ပို့ကုန်/သွင်းကုန် ပုဒ်မ ၈ အရ အရေးယူဆောင်ရွက်နေပါတယ်။
သတင်း – ကိုကိုလင်း(အင်းတော်)၊ ဓာတ်ပုံ – ဟာဂျူလီ (ကသာ)
DVB