မဲစာရင်းမှားတဲ့ကိစ္စတွေကို မှန်ကန်အောင်မလုပ်နိုင်သေးတဲ့အတွက် ရွေးကောက်ပွဲကို နောက်ဆုတ်ပေးဖို့ ပါတီတချို့က တင်ပြထားပေမယ့် ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ ရက်အတိုင်းပဲ ရွေးကောက်ပွဲကျင်းပမယ်လို့ ပြောဆိုလိုက်ပါတယ်။
ဇူလိုင်လ ၂၁ ရက်နေ့က ParkRoyal Hotal မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ ပဉ္စမအကြိမ်မြောက်တွေ့ဆုံပွဲမှာ နိုင်ငံရေးပါတီတချို့က ရွေးကောက်ပွဲရက်ကို နောက်ဆုတ်ပေးဖို့တင်ပြ
လာတာတွေ ရှိပေမယ့် ရွေးကောက်ပွဲကျင်းပဖို့ကို သတ်မှတ်ထားတဲ့ အစီအစဉ်အတိုင်း သွားရမှာဖြစ်တဲ့အတွက်ကြောင့် နောက်ဆုတ်မပေးနိုင်ဘူးလို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဦးတင်အေး ပြောဆိုခဲ့ပါတယ်။
နိုင်ငံရေးပါတီတချို့က အခုလိုရွေးကောက်ပွဲနောက်ဆုတ်ပေးဖို့ တောင်းဆိုခဲ့တာဟာ လက်ရှိ အချိန်ထိ မဲစာရင်းအမှားတွေ များပြားနေပြီးမှန်ကန်အောင် မပြုလုပ်နိုင်ခင်မှာ ရလဒ်အမှန် မထွက်လာမှာစိုးတဲ့အတွက် ရွေးကောက်ပွဲကို နောက်ဆုတ်ဖို့ တောင်းဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။
တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုး က “တောင်သူလယ်သမား ပါတီရယ် အန်အယ်လ်ဒီက ဦးဥာဏ်ဝင်းတို့က နောက်ဆုတ်ဖို့ တင်ပြထားတာတွေရှိပေမယ့် တိုင်းဖရိမ်အရ နောက်ဆုတ်လို့မရဘူးလို့ ဦးတင်အေး အခုပဲပြောခဲ့ပါတယ်”လို့ ပြောပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ နိုင်ငံရေးပါတီတွေဖက်က ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းတဲ့ ကိစ္စတွေမှာ သတ်မှတ်တဲ့ရက်က အလွန်နည်းတဲ့အတွက် ထပ်တိုးပေးဖို့ တင်ပြဆွေးနွေးခဲ့တာတွေ လည်း ရှိပါတယ်။ ဒါနဲ့ပတ်သတ်လို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ၂၀၁၀ ရွေးကောက်ပွဲမှာတောင် သတ်မှတ်ရက် ၁၄ ရက်ပဲ ရခဲ့တဲ့အတွက် အခုကြေညာတဲ့ရက်က ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းဖို့ လုံလောက်တဲ့ရက်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေးက “ဒါကလုံလောက်တဲ့ ရက်ပါ။ ကျွန်တော်အနေနဲ့က မြန်မာပြည်တစ်ခုထဲမဲစာရင်းလုပ်ကတာမဟုတ်ပါဘူး။ နိုင်ငံခြားက ပုံစံ၁၅ တောင်းတာတွေလဲရှိတဲ့အတွက် နောက်ဆုတ်ပေးလို့ မရပါဘူး”လို့ ဆိုပါတယ်။
အဲဒီတွေ့ဆုံပွဲကို နောက်ထပ်မှတ်ပုံတင်ထားတဲ့ ပါတီအသစ်တွေလဲတက် ရောက်ခဲ့တဲ့ သူတို့အနေနဲ့ ရွေးကောက်ပွဲမှာနိုင်ငံ ရေးပါတီတွေလိုက်နာရမယ့် ကျင့်ဝတ် (Code of Conduct) မှာ လက်မှတ်မထိုးရသေးလို့ အဲဒီ ပွဲမှာပဲ တခါတည်း လက်မှတ်ထိုးခဲ့ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲနဲ့ နိုင်ငံရေးပါတီတွေတွေ့ဆုံတဲ့အဲဒီပွဲကို မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၈၈ ပါတီရှိတဲ့ထဲက ၇၆ ပါတီ တက်ရောက်ခဲ့ကြပါတယ်။
DVB