(Credit: Reuters) |
လွှတ်တော်အမတ်တွေ အနားယူတဲ့အခါ ရရှိမယ့် ပင်စင်စနစ်တွေ၊ သမ္မတဟောင်းကို အရေးယူခွင့် မရှိတဲ့အပြင် အစောင့်အကြပ်တွေနဲ့ အကာအကွယ်ပေးရမယ့် ဥပဒေတွေကိုလည်း အစိုးရက မကြာသေးခင်တုန်းကပဲ ချမှတ်ခဲ့ကြပါတယ်။
ဒါ့အပြင် သမ္မတ ဦးသိန်းစိန်ဟာ လွှတ်တော်ရဲ့ အတည်ပြုမှုကို ယူစရာမလိုတဲ့ စီးပွားရေး လုပ်ပိုင်ခွင့် တချို့ကိုလည်း ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့် ပေးလိုက်တာမျိုးတွေ လုပ်တယ်လို့ The Wall Street Journal မှာ ဖော်ပြထားပါတယ်။
အဲဒီလို လုပ်ဆောင်တဲ့အခါမှာလည်း တချိန်ကျရင် အစိုးရဖြစ်လာမယ့် NLD ပါတီနဲ့ တိုင်ပင်တာမျိုး မရှိဘူးလို့ ဆိုပါတယ်။
သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆက်သွယ်ရေးဝန်ကြီး ဦးရဲထွဋ်ကတော့ သမ္မတကို အကာအကွယ်ပေးတဲ့ ဥပဒေဟာ သမ္မတ ဦးသိန်းစိန်ကိုပဲ ကောင်းကျိုး ဖြစ်စေတာမဟုတ်ပဲ နောက်တက်လာမယ့် သမ္မတအတွက်ပါ အကျိုးရှိစေမယ်လို့ တုန့်ပြန်ထားပါတယ်။
NLD ကတော့ လုပ်ကိုင်ခွင့် လိုင်စင်တွေကို အလျင်စလို ပေးတာမျိုး မလုပ်ပဲ နိုင်ငံကို တကယ်အကျိုးပြုမှ ပေးတာမျိုး ဖြစ်သင့်ကြောင်း၊ အစိုးရက ကုမ္ပဏီတချို့ကို စီးပွားရေး လုပ်ပိုင်ခွင့်တွေ ထပ်မံ ချမှတ်ပေးလိုက်တာတွေက နောင်တက်လာမယ့် အစိုးရသစ်အပေါ် ဝန်ထုတ်တွေ ဖြစ်စေနိုင်တယ်လို့ NLD ပါတီက ပြောပါတယ်။
ရခိုင်ပြည်နယ်က ကျောက်ဖြူရေနက်ဆိပ်ကမ်း တစ်ခုကို CITIC လို့ခေါ်တဲ့ တရုတ်အစိုးရပိုင် လုပ်ငန်း တစ်ခုကို လုပ်ကိုင်ခွင့် ပေးလိုက်တာတွေနဲ့ စစ်တပ်နဲ့ နီးစပ်တဲ့ လူတွေကို စီးပွားရေး လုပ်ကိုင်ခွင့် ပေးထားတာကို ကြည့်ခြင်းအားဖြင့် မြန်မာ စစ်တပ်အနေနဲ့ စီးပွားရေး လောကမှာ ဆက်လက် လွှမ်းမိုးမှု ရချင်လို့ ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ထားပါတယ်။
ABC Radio Australia