Pages
Saturday, April 23, 2016
ကိုယ်အားသန်ရာ လုပ်ကြရန် ၈၈ အဖွဲ့က နုတ်ထွက်ကြခြင်းဖြစ်ဟု ဦးမြအေးပြော
ဦးမြအေး
ဦးမြအေး
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်အချို့နဲ့ အဖွဲ့ဝင်အချို့ နုတ်ထွက်တာဟာ တခြားအဖွဲ့ ထူထောင်ဖို့မဟုတ်ဘဲ သူတို့အားသန်ရာ အရေးကိစ္စတွေမှာ သွားရောက်လုပ်ကိုင်ကြတာဖြစ်ကြောင်း ၈၈ အဖွဲ့က ပြောကြားလိုက်ပါတယ်။
ဒီရက်ပိုင်းအတွင်း အလုပ်တာဝန်ကရပ်နားကြောင်း ၈၈ ငြိမ်းပွင့်မှာစာတင်ထားသူ ၈၈ ဦးထွန်းမြင့်အောင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာတော့  သူ့အနေနဲ့ ဒီထက်မက ကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက်ပြီး အလုပ်သမား၊ လယ်သမား အပါအဝင် အခြားမျိုးဆက်တွေနဲ့ လုပ်ကိုင်ဆောင်ရွက်ချင်တာကြောင့် တရားဝင် စာတင် ထွက်ထားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ၈၈ မျိုးဆက်ငြိမ်းပွင့်အဖွဲ့က ဦးထွန်းမြင့်အောင်က တတိယမြောက်နုတ်ထွက်သွားတာဖြစ်ပြီး အရင်က ဦးမင်းဇေယျ၊ ဦးစိုးထွန်းတို့ကလည်း အခြားကဏ္ဍတွေမှာ သွားရောက်လုပ်ကိုင်နေကြပြီး ဖြစ်ပါတယ်။
၈၈ မျိုးဆက်ငြိမ်းပွင့်အဖွဲ့ထဲကနေ ခေါင်းဆောင်အချို့နဲ့ အဖွဲ့ဝင်အချို့ နုတ်ထွက်တဲ့အပေါ် နိုင်ငံရေးအရ အဖွဲ့ခွဲထွက်တာ မဟုတ်ဘူးလို့ ခေါင်းဆောင်တဦးဖြစ်သူ ဦးမြအေးက ငြင်းဆိုလိုက်ပါတယ်။
“ကျနော်တို့က ၈၈ ဆိုတာ အားလုံးသိထားတဲ့အတိုင်းပဲ။ မတူညီမှုတွေ အကုန်လုံးကို စုထားတဲ့အဖွဲ့အစည်း ဖြစ်ပါတယ်။ အဲ့ထဲမှာမှ အနုပညာဝါသနာပါတဲ့ သူတွေကလည်း အနုပညာသွားကြလိမ့်မယ်။ နောင်ကာလမှာ နိုင်ငံရေးပါတီတရပ်အနေနဲ့ သွားချင်တဲ့သူတွေလည်း သွားကြလိမ့်မယ်။ အဲ့ဒီလိုပဲ အမျိုးမျိုးရှိကြတယ်။ အဲ့တော့ အခုအချိန်မှာ ၈၈ ကနေခွဲထွက်ပြီး တခြားအဖွဲ့တခုကို ထူထောင်မယ်တို့ ဘာတို့ ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့ ကျနော်က တိတိလင်းလင်းပဲပြောပါမယ်။ မဟုတ်ပါဘူး။ လုံးဝမဟုတ်ပါဘူး။”
ဒါပေမယ့် ၈၈ မျိုးဆက်အနေနဲ့ စစ်အစိုးရနှစ် ၂၀ ကာလအတွင်း အန်အယ်လ်ဒီရဲ့ ၉၀ ရွေးကောက်ပွဲရလဒ်ကို ဝန်းရံခဲ့တာ၊ ၂၀၁၂ ကြားဖြတ်ကနေ ၂၀၁၅ ရွေးကောက်ပွဲပြီးတဲ့အချိန်အထိ အန်အယ်လ်ဒီကို ဝန်းရံခဲ့တာတွေကို ၈၈ မူဘောင်အရ ပြုလုပ်ခဲ့ပြီးတာကြောင့် အခုချိန်မှာ တဦးတယောက်ချင်းရဲ့ ဆုံးဖြတ်ချက်တွေတော့ ရှိလာလိမ့်မယ်လို့တော့ ဆိုပါတယ်။
“ကျနော်တို့ထဲမှာဆိုရင် ဥပမာအားဖြင့် ပြောမယ်ဆိုရင် တောက်လျှောက်လက်တွဲ လာပြီးတော့မှ ကိုစိုးထွန်းဆိုရင် အန်အယ်လ်ဒီမှာ လုပ်ပြီလေ။ ၈၈ နဲ့ဆိုရင် ၈၈ က ထွက်သွားပြီလို့ ပြောလို့ရတယ်ဗျာ။ ဒီလိုပဲ ကိုထွန်းမြင့်အောင်ဆိုရင်လည်း ထွက်သွား ပြီးတော့မှ အခြေခံအလုပ်သမား၊ လယ်သမား လူတန်းစားတွေရဲ့အလုပ်ကို လုပ်မယ်ဆိုပြီးတော့ သိထားတာရှိကြတယ်ဗျ။ ဒါ တယောက်ချင်း တဦးချင်းရဲ့ ရွေးချယ်မှုပဲ။ ဒီလိုပဲ တချိန်မှာ ကျနော်တို့လည်း ဘယ်လို ရွေးချယ်မလဲဆိုတာ ကျနော်တို့ရဲ့ နိုင်ငံရေးခံယူချက်တွေ၊ နိုင်ငံရေးသဘောထားတွေနဲ့ပဲ သက်ဆိုင်မယ်လို့ ထင်ပါတယ်။ အဲ့တော့ အခုအန်အယ်လ်ဒီအစိုးရ ဖွဲ့စည်းနိုင်သွားပြီ။ ကျနော်တို့ ၈၈ မစ်ရှင်ရဲ့ ပထမပိုင်းက ပြီးသွားပြီလို့ ပြောလို့ရတယ်။ ဒုတိယပိုင်း ဆက်သွားမယ့်ကာလတွေမှာ တဦးချင်းတယောက်ချင်းရဲ့ ဆုံဖြတ်ချက်နဲ့၊ တဦးချင်း တယောက်ချင်းရဲ့ အားသန်ရာသန်ရာ ရွေးချယ်မှုတွေ ရှိမယ်ဗျာ။”
အဲ့ဒါအပြင် ၈၈ က လက်ရှိအထိတော့ ပါတီထောင်မယ်ဆိုတာလည်း မဟုတ် သေးကြောင်းနဲ့ အန်အယ်လ်ဒီပါတီကိုပဲ ဝန်းရံထောက်ပံ့ပေးမယ့် အခြေခံမူပေါ်မှာပဲ ရှိနေပါတယ်။
DVB
တမူးမြို့တွင် မိုးသက်လေပြင်းများ တိုက်ခတ်၍ မိုးသီးများကြွေကျ
တမူး ဧပြီ ၂၃
တမူးခရိုင်၊ တမူးမြို့တွင်၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် နေ့လယ် (၁၂း၂၀)နာရီအချိန်ခန့်က မိနစ်(၂၀) ကြာခန့် မိုးသက်လေပြင်း ကျရောက်ခဲ့ရာ တမူးမြို့၊ ဈေးတန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ သစ်ပင်တစ်ချို့သည် လမ်းမ ပေါ်တွင် ကျိုးပြတ်လဲကျခဲ့သည်။
အဆိုပါလမ်းပိတ်သည့် သစ်ပင်များကို မီးသတ်ဦးစီးဌာန ၀န်ထမ်းများနှင့် ရပ်ကွက်နေ ပြည်သူများက ချက်ချင်း ဖယ်ရှား ရှင်းလင်း သဖြင့် ယာဉ်များပုံမှန်သွားလာလျှက်ရှိပါသည်။
ဆက်လက်၍ မွန်းလွဲ(၁၄း၄၅)နာရီ အချိန်ခန့်တွင် (၁၀)မိနစ်ခန့် မိုးရွာသွန်း၍ မိုးသီးများကြွေကျပြီး တမူးမြို့ပေါ် တွင် ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာ မရှိကြောင်း သတင်းရရှိသည်။
ခရိုင်ပြန်/ဆက်
MOI Webportal Myanmar
သာသနာရေးဝန်ကြီးဟောင်းဦးဆန်းဆင့် ဘာကြောင့် မလွတ်သေးသလဲ
မြန်မာနှစ်ဆန်းတရက်နေ့က နိုင်ငံတော်သမ္မတဦးထင်ကျော်၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် လွတ်မြောက် လာသည့် နိုင်ငံရေးအကျဉ်းသား ၈၃ ဦး၏ အမည်စာရင်းတွင် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် ပါဝင် လာခြင်းမရှိသည်ကို တွေ့ရှိရသည်။ ဦးဆန်းဆင့်ကို သာသနာရေးဌာနပိုင်ငွေကျပ် ၇၂သိန်းကျော် အလွဲသုံးစား မှု ပုဒ်မ ၄၀၉၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် နေပြည်တော်၊ ဒက္ခိဏသီရိခရိုင်တရားရုံးက ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် ထောင်ဒဏ်(၁၃)နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ယခုအခါ တောင်ငူထောင် တွင် ပြစ်ဒဏ်ကျခံနေရသည်။ ဦးဆန်းဆင့် တောင်ငူထောင်၌အကျဉ်းကျနေစဉ် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က ငွေကြေးကူညီမှု နှစ်ကြိမ်ပြုလုပ်ခဲ့သော်လည်း AAPP က ပြုစုသည့် နိုင်ငံ ရေးအကျဉ်းသားများစာရင်းတွင် ဦးဆန်းဆင့်ကို ထည့်သွင်းမထားကြောင်း သိရှိရသည်။
''ဦးဆန်းဆင့်အမှုက နည်းနည်းရှုပ်ထွေးပါတယ်။ ဦးဆန်းဆင့်လိုပဲ ကျန်တဲ့ နှစ်ယောက်၊ သုံးယောက်ကိုလည်း ကျွန်တော်တို့ ချန်ထားခဲ့ပါတယ်။ အခုဟာက နိုင်/ကျဉ်းအဖြစ် သတ်မှတ်သင့်မသင့်ကို ကျွန်တော်တို့ရယ်၊ NLD ရယ်၊ ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)ရယ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ရယ် ပူးပေါင်းပြီး ဆုံးဖြတ်ရတဲ့ အနေ အထားဖြစ်ပါတယ်''ဟု AAPP မှ ဦးမျိုးကျော်က News Watch သို့ ပြောကြားသည်။
ဦးဆန်းဆင့်အနေဖြင့် မိမိအတွက်ရရှိသည့် ထောက်ပံ့ငွေများကို ပေးသည့်သူများ ကုသိုလ်ရစေရန် ထောင် အတွင်းကျင်းပသော တရားပွဲများနှင့် တရားစခန်းများကို ပြန်လည်လှူဒါန်းခဲ့ကြောင်းနှင့် မိသားစုကိုလည်း သာဓုခေါ်ဖို့ပြောကြောင်း ဇနီးဖြစ်သူဒေါ်ခင်မာလေးက ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပေးစာတစောင် ထုတ်ပြန်၍ ပြည်သူများကို အသိပေးခဲ့သည်။ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို နိုင်/ကျဉ်းအဖြစ် သတ်မှတ်ခြင်းမပြုသော်လည်း ဦးဆန်းဆင့် ထောင်မှလွတ်မြောက်ရန် အစွမ်းကုန် ဆက်လုပ်သွားမည်ဖြစ် ကြောင်း ဦးဆန်းဆင့်အမှုကို လိုက် ပါဆောင်ရွက်ခဲ့သူ တရားလွှတ်တော် ရှေ့နေဦးတင်ထွန်းက ပြောသည်။
''ဒါက မတရားသက်သက် ခံရတဲ့ ကိစ္စဆိုတာ အားလုံးလည်းသိနေကြတာပဲ။ ကျွန်တော်တို့ဘက်ကတော့ သူလွတ်မြောက်ဖို့ အစွမ်းကုန်လုပ်ဆောင်သွားမှာပါ''ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် တောင်ငူထောင်ရှိ ဦးဆန်းဆင့်၏အခန်း၌ CCTV ကင်မရာများတပ်ဆင်ထားကြောင်း သမ္မတ ဦးထင်ကျော်၏အမိန့်ဖြင့် တောင်ငူထောင်မှလွတ်မြောက်လာသူတဦးက ပြောကြားသည်။
''ဦးဆန်းဆင့်က ညနေပိုင်းဆို အကျဉ်းသားတွေနဲ့ ခြင်းထွက်ခတ်တယ်။ ရင်းရင်းနှီးနှီးဆက်ဆံတတ်လို့ သူ့အခန်း ကို အကျဉ်းသားတွေက အသွားအလာများတော့ အခု သူ့အခန်းကို ထောင်အရာရှိက CCTV တပ်ထားလိုက် တယ်''ဟု ၎င်းကပြောသည်။ ဒုတိယဗိုလ်ချုပ်ကြီး ဟောင်း ဦးဆန်းဆင့်သည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ တွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်-၁ ရေကြည်မြို့နယ် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ တိုင်းလွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူစဉ် တိုင်း အစိုးရအဖွဲ့နှင့် သဘောကွဲလွဲမှုများရှိခဲ့သောကြောင့် သမ္မတဦးသိန်းစိန်က သာသနာရေးဝန်ကြီးအဖြစ် ပြောင်း ရွှေ့တာဝန်ထမ်းဆောင်စေခဲ့ရာ ဧရာဝတီတိုင်းမှ ဒေသခံများက ဦးဆန်းဆင့် ပြောင်းရွှေ့ခြင်းမပြုရန် ဆန္ဒထုတ် ဖော်ခဲ့ကြသည်။
နန္ဒမျိုးဆောင်
ဓါတ်ပုံ-ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
သူရဦးရွှေမန်းအပါအ၀င် ပါတီဝင်၁၇ ဦး ကြံခိုင်ရေးပါတီထုတ်ပယ်
နေပြည်တော် လွှတ်တော်အစည်းအဝေးဖွင့်စဉ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးချုပ် ဦးဌေးဦးကို တခြားလွှတ်တော်ကိုယ်စားလှယ်များနဲ့အတူ တွေ့ရစဉ်။ (ဇူလိုင် ၄၊ ၂၀၁၂) ဓါတ်ပုံ (REUTERS/Soe Zeya Tun)
ကြံ့ခိုင်ရေးပါတီ ဗဟို အစည်းအဝေး ဆုံးဖြတ်ချက်အရ သူရဦးရွှေမန်း၊ သူရဦးအောင်ကို အပါအဝင် ကော်မတီဝင် ၁၇ဦးကို ပါတီကနေ ထုတ်ပယ်လိုက်တယ်လို့ ကြံ့ခိုင်ရေး ပါတီတွင်းနဲ့ နီးစပ်တဲ့ သတင်းအရ သိရပါတယ်။ နေပြည်တော် ကြံခိုင်ရေးပါတီ ရုံးချုပ်မှာ မနေ့ကလုပ်တဲ့ အစည်းအဝေးကို သမ္မတဟောင်း ဦးသိန်းစိန်က ဦးဆောင်ခဲ့တာဖြစ်ပြီး ထိပ်ပိုင်း ခေါင်းဆောင်အချို့သာ ပါဝင်ခဲ့ပါတယ်။ ထုတ်ပယ်လိုက်တယ်လို့ သတင်းကြီးနေသူတွေဟာ သူရဦးရွှေမန်းနဲ့ နီးစပ်သူတွေများပြီး လက်ရှိမှာလည်း သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ ဥပဒေ ပြန်လည်ဆန်းစစ်ရေး ကော်မတီမှာ ပါဝင်ကြသူတွေ ဖြစ်ပါတယ်။ ဒီသတင်း အပြည့်အစုံကို ဗီအိုအေမြန်မာပိုင်းက မေခကပေးပို့ထားပါတယ်။
ကြံ့ခိုင်ရေးပါတီနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောကြားချက်အရ သူရဦးရွှေမန်း၊ သူရဦးအောင်ကို၊ ဦးမောင်မောင်သိမ်း၊ ဦးမောင်တိုး၊ ဦးတင်မောင်ဦး တို့တွေ ပါဝင်တယ်လို့ပြောပါတယ်။ ကျန်သူတွေကလည်း အများစုကတော့ သူရဦးရွှေမန်းနဲ့ နီးစပ်သူတွေဘဲလို့ ပြောပါတယ်။ ဒီသတင်းကို အတည်ပြုဖို့ ကြံ့ခိုင်ရေး ပါတီဘက်ကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ပြန်ကြားရေးတာဝန်ခံတွေဖြစ်တဲ့ ဦးတင်နိုင်သိန်းနဲ့ ဦးပိုက်ထွေးတို့ကို ဆက်သွယ်ခွင့်မရခဲ့သလို တခြားပါတီ ဝင်တွေကို ဆက်သွယ်ရာ မှာလည်း ပြန်ကြားရေး တာဝန် မယူထားလို့ ဖြေကြားဖို့ငြင်းဆန်ကြပါတယ်။ ဒါကြောင့် ပါတီဘက်ကတော့ ဒီသတင်းနဲ့ ပက်သက်ပြီး သီးခြားအတည်ပြုချက်မရခဲ့ပါ ဘူး။
ထုတ်ပယ်တဲ့ အချက်အလက်ကိုလည်း တိကျစွာမပြောနိုင်သေးပါဘူး။ ထွက်ပေါ်နေတဲ့သတင်းတွေ အရတော့ သူရဦးရွှေမန်း၊ သူရဦးအောင်ကို၊ ဦးမောင်မောင်သိမ်း၊ ဦးမောင်တိုး၊ ဦးတင်မောင်ဦး တို့တွေကိုထုတ်ပယ်တာက NLD ပါတီနဲ့ နီးစပ်တဲ့ အတွက်လို့ ပြောဆိုကြပေမယ့် လက်ရှိ NLD အစိုးရလက်ထက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ လူဝင်မှု ကြီးကြပ်ရေးနဲ့ အလုပ်သမား ဝန်ကြီး ဌာနက ဦးသိန်းဆွေကိုတော့ ထုတ်ပယ်ထားခြင်း မရှိပါဘူး။
ထုတ်ပယ်ခံရတဲ့ စာရင်းထဲ ပါဝင်တယ်လို့ နာမည်ထွက်ပေါ်နေတဲ့ ဦးမောင်တိုးကတော့ ဗဟိုအစည်းအဝေးခေါ်ယူကျင်းပတာကို သိတယ်လို့ ပြောပေမယ့် ထုတ်ပယ်တဲ့ စာမရောက်သေးဘူးလို့ပြောပါတယ်။ ထုတ်ပယ်ခဲ့တာနဲ့ ပတ်သတ်ပြီး သူကတော့
“အော်..သူတို့က ဘာလို့ ထုတ်လဲ ဆိုတော့ ကျွန်တော်တို့လည်း မသိဘူးလေ။ သူတို့ ကျွန်တော်တို့ကို ထုတ်မယ်ဆိုရင်တော့၊ အကြောင်းတော့ သူတို့ ထုတ်လို့ ရသလား ဆိုတာတော့။ ပါတီစည်းကမ်းတွေ ရှိတယ်လေ။ ပါတီစည်းကမ်းတွေ ရှိတယ်။ ပါတီစည်းကမ်းနဲ့ဘယ်လို ငြိလို့လဲ ဘယ်လို ဖြစ်လို့လဲ အဲဒါတွေတော့ ပြန်ကြည့်ရမှာပေါ့။ ကျွန်တော်တို့တော့ တိုင်းပြည် တိုးတက်စေချင် တာပဲလေ။ ကျွန်တော်တို့ တိုင်းပြည်က နောက်ကျနေတာ ဆိုတော့ ကျွန်တော်တို့ကလဲ အသက်ကလဲ ကြီးပြီ ဆိုတော့၊ ကျွန်တော်တို့ မသေခင် တိုင်းပြည်တိုးတက်သွားတာ မြင်ချင်တယ်ပေါ့။ ”
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပါတီ၏ ဥက္ကဋ္ဌရာထူးမှ သြဂုတ်လ ၁၂ ရက်နေ့မှာ ဖြုတ်ချလိုက်ပြီးနောက် သူရဦးရွှေမန်းအပါအဝင် သူနဲ့ နီးစပ်သူတွေကို NLD ပါတီနဲ့ နီးစပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပါတီကနေ ထုတ်ပယ်ခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ပါတီဘက်ကရော၊ ကယကံရှင်တွေ ဘက်ကပါ တစ်စုံတစ်ရာ မှတ်ချက်ပေး အတည်ပြု ပြောကြားခြင်း မရှိသေးပါဘူး။ ပါတီဘက်ကလည်း တရားဝင် စာထုတ်တာမရှိသေးပါဘူး။
လက်ရှိ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ကို ဗွီအိုအေက လက်ရှိရာထူးကို ရယူတာနဲ့ပတ်သတ်ပြီး မေးမြန်းခဲ့စဉ်မှာပြီးခဲ့တဲ့ သြဂုတ်လ ၁၂ရက်နေ့ ညပိုင်း CEC အဖြစ်ကနေ ဖယ်ရှားခြင်း ခံရတဲ့အချိန်က စပြီးတော့မှ ပါတီတာဝန် မရှိတော့ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့တော့ ပါဝင်လှုပ်ရှားဖို့ အကြောင်း မရှိတော့ကြောင်း၊ တသီးပုဂ္ဂလ အနေနဲ့ပဲ နိုင်ငံတော် နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို မည်သူ့ပုဂ္ဂိုလ် မည်သည့် အဖွဲ့အစည်းနဲ့မဆို လက်တွဲဖို့အတွက်ကိုဘဲ စဉ်းစား ထားတယ်လို့ ပြောဆိုထားဖူးပါတယ်။
ဒီလိုထုတ်ပယ်တာနဲ့ ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာခင်မောင်ညို ကတော့ သူ့အမြင်ကို ခုလို ပြောပါတယ်။
“ဒီဦးမြင့်ဆွေအနေနဲ့ ဒါတွေ ဆက်လုပ်မယ်ဆိုရင်တော့ သူတို့ပါတီက တဆည ကျဆုံးသလိုပဲ ကျဆုံးသွားနိုင်တဲ့ အလားအလာ အများကြီးရှိတယ်။ အဲဒီ အခုဖြစ်တဲ့ ကိစ္စမှာဆိုလည်း ဦးသိန်းစိန်ကို ဒါက နမူနာယူကြဖို့ကောင်းပါတယ်။ ဒါပေမယ့် ဘယ်လိုလုပ်လုပ်ပါ နိုင်ငံရေးမှာတော့ သူတို့ အသာစီးရနိုင်တဲ့ အခြေအနေတော့ မရှိပါဘူး။”
လက်ရှိချိန်အထိကတော့ ပါတီဘက်ကကော သတင်းထွက်နေသူတွေ ဘက်ကကော မေးမြန်း အတည်ပြုချက်တွေကို တိကျစွာ အဖြေမပေးဘဲ ရှောင်နေလျက်ရှိနေပေ မယ့် ထုတ်ပယ်လိုက်တဲ့ သတင်းကတော့ တော်တော်လေး ပျံ့နှံ့လို့ နေပါတယ်ရှင်။
မေခ / ဗွီအိုအေ (မြန်မာပိုင်း)
ဆန္ဒပြနေစဉ် မိုးသီးထိမှန်၍ အလုပ်သမား(၆)ဦး ဆေးရုံရောက်
စစ်ကိုင်းမြို့ Myanmar Venner & Playwood သစ်အချောထည်စက်ရုံရှေ့တွင် သပိတ်မှောက်နေကြသည့် အလုပ်သမားများသည် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီး ထိမှန်ခဲ့မှုကြောင့် စစ်ကိုင်း ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက် ကုသနေရကြောင်း အဆိုပါ သပိတ်မှောက် အလုပ်သမားများထံက သိရသည်။
ဧပြီလ (၂၂)ရက်နေ့၊ ညနေ (၄းဝဝ) အချိန်ခန့်က ရွာသွန်းခဲ့သည့် မိုးနှင့်အတူ မိုးသီးများ ကြွေကျမှုကြောင့် သပိတ်မှောက် အလုပ်သမားများဖြစ်သည့် မယမင်း၊ မခင်စန္ဒာ၊ မဒေလီစန်း၊ မမိုးသဲ၊ မပုံပုံနှင့် မအေးမာစိုးတို့သည် ဦးခေါင်း၊ ဇာတ်ပိုးနှင့် နောက်ကျောများတွင် မိုးသီး ထိမှန်ကာ သတိလစ်ခြင်း၊ ခေါင်း ပေါက် ခြင်းတို့ ဖြစ်ပွားခဲ့သည်။
''ကျွန်တော်တို့ တစ်သက်နဲ့တစ် ကိုယ် မကြုံဘူးဖူးဗျာ။ လက်သီးဆုပ် လောက်ရှိတယ်။ မိုးသီးတွေက မိန်း ကလေးတွေကို တတ်နိုင်သမျှတော့ ကာ ကွယ်ပေးပေမယ့် မရဘူး။ အဲဒီထဲကမှ ခြောက်ယောက်က တော့ ဆေးရုံတင် လိုက်ရတယ်။ သပိတ်စခန်းလည်း ပျက်စီး သွားတယ်။ အခုတော့ ပြန်ပြင်လိုက် ပါပြီ။ ဆေးရုံတက်တဲ့သူထဲကလည်း နှစ်ယောက်ကတော့ ပြန်ဆင်းလာပါပြီ''ဟု သပိတ်စခန်းခေါင်းဆောင် ကိုခိုင် မင်းက ပြောသည်။
အဆိုပါ သစ်အချောထည် စက်ရုံ တွင် ဖြစ်ပွားနေသည့် အလုပ်ရှင် အလုပ် သမား အငြင်းပွားမှု ပြဿနာသည် ပြေလည်မှု မရှိသေးဘဲ အလုပ်သမားများသည် စက်ရုံရှေ့ ၌ သပိတ်မှောက်မှုမှာ (၅၄)ရက် ကြာမြင့်လာပြီဖြစ်သည်။
မန္တလေးအလင်း နေ့စဉ်ထုတ်သတင်းစာ
မလေးရှားဗီဇာကြေး မြင့်တက်နေမှု စိစစ်ဆောင်ရွက်ပေးရန် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြတောင်းဆိုမည်
------ ------ ------ ------ ------
OSC (One- Stop Service Center) ပေါ်လာပြီးနောက်ပိုင်း မလေးရှား နိုင်ငံ၏ ဗီဇာကြေး ခြောက်ဒေါ်လာမှ ၅၇ ဒေါ်လာထိ တိုးမြှင့်လိုက်ခြင်းအပေါ် သေချာစွာ စိစစ်ပေးသွားရန် နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ ဆက်လက် တောင်းဆိုမှုများ ပြုလုပ်သွားပြီဖြစ်ကြောင်းနှင့် OSC လုံးဝ မရှိအောင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှ အထွေထွေအတွင်းရေးမှူး ဦးကျော်ထင် ကျော်ပြောသည်။
''လောလောဆယ်မှာ နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း ပြောင်းသွားပြီလေ။ အရင်ကလည်း တင်ပြထားတယ်။ အရင်တုန်းက ခြောက်ဒေါ်လာပဲ။ မလေးရှား သံရုံးကို တရားဝင်သွင်းရတယ်။ (OSC) ပေါ်လာပြီး သူတို့ကို ၅၁ ဒေါ်လာပေးရတယ်။ သူများနိုင်ငံတွေနည်းတူ ၅၇ ဒေါ်လာဆိုရင် တမျိုး။ အခု မြန်မာတနိုင်ငံတည်းပဲ ပေးနေရတာ။ ဒါက လိုကိုမလိုတာ။ မလေးရှားသံရုံးက ယူတယ်ဆိုရင် တမျိုး။ အခုဟာက ကြားခံကုမ္ပဏီကို ၅၇ ဒေါ်လာပေးရပြီး မလေးရှားသံရုံးက စာအုပ်ပေါ်မှာကျတော့ ခြောက်ဒေါ်လာပဲ ရေး ပေးတယ်။ အဲဒီ OSC က မလေးရှား အစိုးရက သူ့ နိုင်ငံမှာရှိတဲ့ ကုမ္ပဏီတခုကို ချပေးတယ်။ ဒီမြန်မာဘက်မှာကျတော့ Diamond Palace ကုမ္ပဏီနဲ့ နှစ်ခုပေါင်းပြီး ၅၁ ဒေါ်လာကောက်နေတာ။ ဘယ်နိုင်ငံမှာက ကြားထဲကနေ၀င်ပြီး OSC ကောက်တယ်ဆိုတာမရှိဘူး။ ဒီလို မလိုအပ်တဲ့အတွက် ပယ်ဖျက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဆီကို တောင်းဆိုသွားမယ်။ ဥပမာမလေးရှားနိုင်ငံကို လာအို၊ စင်ကာပူ၊ ဗီယက်နမ်နိုင်ငံက လူတွေသွားရင် မပေးရ ဘူး။ မြန်မာနိုင်ငံသားတွေသွားမှ ပေးရ တယ်ဆိုတော့ မတရားဘူးလေ။ အင်ဒိုနီးရှားနိုင်ငံဆိုရင် သံရုံးကို လူကိုယ်တိုင်တိုက်ရိုက်လျှောက်လို့ရတယ်။ မလေးရှားကျတော့ OSC ခံနေတော့ တိုက်ရိုက် လျှောက်လို့ မရဘူး။ ဒါက ပုံစံမကျဘူး။ မှားနေတယ်။ မရရအောင်ကိုလုပ်ရမယ်'' ဟု ဦးကျော်ထင်ကျော်က ပြောသည်။
မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့သွားရာတွင် အလုပ်သွားလုပ်သူများ သာမက ပညာတော်သင်သွားသူ၊ ဆေးဝါး ကုသဖို့သွားသူ၊ အလည်အပတ်သွားသူများပါ (OSC) သို့ ၅၇ ဒေါ်လာပေးဆောင်နေရ၍ စာချုပ်ပါအချက်အလက်များကို ပြန်လည်စိစစ်ပေးရန်လိုအပ်ကြောင်း မြန်မာပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF)မှ သိရသည်။
အောင်သူရိန်
အမြန်ဆုံး အမိန့်ချမှတ်ပေးရန် ကဗျာဆရာ မောင်ဆောင်းခ ပြော
မောင်ဆောင်းခ
 မောင်ဆောင်းခ
အမှုစစ်​​ဆေးချိန်​ကြာမြင့်​လာ​လေ နစ်​နာဆုံးရှုံးမှု​တွေရှိလာတာ​ကြောင့်​ အမြန်​ဆုံးအမိန့်​ချပေးဖို့ ကဗျာဆရာ​ မောင်​​ဆောင်းခက ​တောင်းဆိုလိုက်​ပါတယ်​။
နိုင်​​ငံတော်သမ္မတ ဦးသိန်းစိန်ကိုထိခိုက်တဲ့ ကဗျာရေးသားပြီး ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ တင်ခဲ့တာကြောင့် ကဗျာဆရာ​မောင်​​ဆောင်းခ (ခေါ်) ကိုအောင်စည်သူဟာ လက်​ရှိမှာ ၂၀၁၃ ခုနှစ်​ ဆက်​သွယ်​​ရေးဥပ​ဒေပုဒ်​မ ၆၆ (ဃ) နဲ့ တရားဆွဲခံရတာပါ။
တရားရုံးချိန်း​တွေမှာ တရားလိုနဲ့သက်​​သေ​တွေက မလာ​ရောက်​တာ​ကြောင့်​ လိုအပ်​တာထက်​ပိုကြာ​နေပြီး ချုပ်​ရက်​ကပင် ​၆ လနီးပါးရှိ​နေတာ​ကြောင့်​ အမြန်ဆုံး အမိန့်ချမှတ်ပေးဖို့ မောင်ဆောင်းခက အခုလို​ပြောလိုက်​တာဖြစ်​ပါတယ်​။
“ဒီနေ့ရုံးချိန်းက ကျနော့်ကို အမှုမဖျက်ပေးရင် တကယ်ဆို တရားလိုပြသက်သေ တွေလာရမှာ။ ပြီးတော့ ကျနော့်ဆီကို တရားလိုပြသက်သေတွေ မလာတာ သုံးလေးငါး ပတ်ရှိနေပြီ။ လက်ရှိတရားရုံးနဲ့ အမှုကိုင်တွေ ရဲတွေက အရမ်းကိုပဲ ပေါ့လျော့တယ်။ သေချာမလုပ်ဘူးပေါ့။ နောက်ထပ် လာမယ့် တနင်္လာ၊ အင်္ဂါနှစ်ရက်ကို ပြန်ချိန်းတယ်။ ၆၆ (ဃ) က ကျန်တဲ့ သူတွေအားလုံးကို ကြည့်လိုက်တော့ ၆ လပဲကျတယ်။ ကျနော်က ၆ လ ပြည့်ခါနီးနေပြီ။ ကျနော့်အမှုကို ဒီတိုင်းပဲထားမယ်ဆိုရင် ၆ လကျော်ပြီးတော့ ထောင်ထဲမှာ ထပ်နေရမယ်။ ဆိုတော့ ဒီတရားစီရင်ရေးစနစ်ကို နှောင့်နှေးကြန့်ကြာအောင် လုပ်တာက  တရားဥပဒေစိုးမိုးမှု မရှိတာပဲလို့ ကျနော်ယူဆတယ်။ သူတို့တွေက အမိန့်မချဘဲနဲ့ အချိန်ဆွဲထားတဲ့ အတွက်ကြောင့် ဒီလိုမျိုးထောင်ထဲမှာ ကျနော့်အချိန်တွေ အများကြီးဆုံးရှုံးရတယ်။ အဲ့အတွက် ကျနော် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီးခံခဲ့ရတယ်။”
ခံစားချက်​​ပေါ်မူတည်​ပြီး ဆုံးဖြတ်​ချက်​ကို အလျင်​စလိုချမှတ်​တာ​ကြောင့်​ အမှား​တွေကြုံ​တွေ့ရတာထက်​ အချိန်​တခုထိ​စောင့်​ပြီး အမှန်​တရား​ပေါ်လာ​အောင် ​ကြိုးစား သင့်​တယ်​လို့ သူ့အမှုကိုအကျိုး​ဆောင်​​ပေး​နေတဲ့ တရားလွှတ်​​တော်​​ ရှေ့​နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။
“၆၆ (ဃ) ကတော့ ချောစန္ဒီထွန်းကနေပြီးတော့ ဈေးဖွင့်တာ ပေါက်ဈေးက (၆) လ ရှိတယ်။ ဇော်မျိုးညွှန့်လည်း (၆) လပဲ။ ကန်ကြီးထောင့်က ဦးသန်းထွန်းကလည်း (၆) လပဲဆိုတော့ ဈေးတော့ မတက်သေးဘူးဗျ။ အ၀ယ်သိပ်မလိုက်လို့။ အဲ့လို အမှုတွေ များလာရင်တော့ ဈေးတက်ရင်တက်သွားမယ်။ ခံစားချက်ခြင်းမတူတာပေါ့နော်။ ပိုကြန့်ကြာပေမယ့်လို့ လမ်းမှန်ကိုရောက်ရင် အဲ့ဒါအမြတ်ပါ မဆုံးရှုံးပါဘူး။ အရေးကြီးတာက အဖြေမှန်တရပ်ရဖို့ပါ။ ကျနော်တို့ ခံစားချက်တခုတည်းနဲ့ ကြည့်လို့မရဘူး။ အေးချမ်းစွာနဲ့ လုပ်သွားရမှာပါ။ ချုပ်ရက်တာရှည်သော်လည်းပဲ အဆုံးသတ်အဖြေကောင်းတယ်ဆိုရင် ကျနော်တို့အတွက် အကျိုးရှိပါတယ်။ ဖြည်းဖြည်းချင်းတော့ သွားကြရမှာပေါ့။”
ကဗျာဆရာ မောင်ဆောင်းခဟာ  ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)တို့နဲ့ တရားစွဲဆိုခံထားရတာဖြစ်​ပြီး၊ ပုဒ်မ ၅၀၅ (ခ) ကိုတော့ ဧပြီလ ၈ ရက်နေ့က ရုပ်သိမ်းပေးခဲ့တာဖြစ်​ပါတယ်​။ မောင်​ဆောင်းခကို လက်​ရှိအင်းစိန်အကျဉ်း​ထောင်မှာ ထိန်းသိမ်းထားတာဖြစ်ပြီး ဧပြီ ၂၅ ရက်နေ့ကို ရုံးချိန်းပြန်လည်​ချိန်းဆိုထားပါတယ်​။
DVB
မိုးသက်လေပြင်းကြောင့် အိမ်ရာချီပြိုကျ၊ ထောင်ချီ ပျက်စီးခဲ့ဟု ကယ်ဆယ်ရေးဌာနပြော
တံတားဦးမြို့နယ် အပျက်အစီး မြင်ကွင်းများ (ဓာတ်ပုံ – မျိုးနိုင်)
ဧပြီ ၂၂ ရက်က တိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းဒဏ်ကြောင့် ပြည်နယ်တိုင်း ၄ ခုမှာ အိမ်ခြေ ရာနဲ့ချီပြိုကျခဲ့ပြီး ထောင်နဲ့ချီပျက်စီးခဲ့တယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက  ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရှမ်းနဲ့ ချင်း ပြည်နယ်တို့မှာ မနေ့ညနေပိုင်းက တိုက်ခတ်ခဲတဲ့ လေပြင်းနဲ့ မိုးရွာသွန်းတာ မိုးသီးကြွေတာတွေကြောင့် အကြမ်းဖျင်း သိရသလောက် လူသေဆုံးမှုသတင်း မရသေးဘဲ ထိခိုက်ဒဏ်ရာရသူနဲ့ အိမ်ပြိုကျပျက်စီးတဲ့သတင်းတွေပဲ ရသေးတာလို့ သူက  ပြောပါတယ်။
“ရှမ်းပြည်နယ်မှာဆို မိုးမိတ်မှာ အိမ်ခြေ ၂၀၀ လောက်ပြိုသွားတယ်၊ ၂၀၀၀ လောက်က အမိုးအကာပျက်စီး၊ မဘိမ်းမှာဆို အိမ်ခြေ ၁၀၀ လောက်က လုံးဝပြိုသွားတယ်၊ ၁၀၀၀ လောက်က ပျက်စီးတယ်။ ထိခိုက်ဒဏ်ရာရသူ မစိုးရိမ်ရ ၁၄ ဦး ရှိပါတယ်၊ အတွင်းလူနာက ၃ ဦး၊ အနည်းငယ် စိုးရိမ်ရပေါ့။ နမ့်ခမ်းမှာက အိမ် ၄ လုံး အမိုးအကာလန်တာ၊ ဆီဆိုင်မှာက မြေစိုက်အိမ် ၆ လုံး ပြိုကျတယ်။”
ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့မှာ အိမ်ခြေ ၁၄၄ လုံး ပြိုကျတယ်၊ ၃၅၁ လုံးက အမိုး အကာပျက်စီးတယ်။ ရေစကြိုမြို့မှာ အိမ်ခြေ ၂၀ ပြိုကျပြီး ၃၀၀ ကျော် ပျက်စီး၊ ရေဦးမြို့မှာ အိမ်ခြေ ၁၁၀၀ ကျော် ပျက်စီး၊ မြင်းမူမှာ အိမ်ခြေ ၂၀၀ကျော် ပျက်စီးတယ်လို့ ပြောပါတယ်။
မကွေးနဲ့ ချင်းပြည်နယ်တို့က စာရင်းဇယားတွေ မရသေးဘူးလို့လည်း ဆိုပါတယ်။
ဒီဗွီဘီက သီးခြားစုံစမ်းချက်အရ စစ်ကိုင်းမြို့မှာ လူ ၁ ဦး အိမ်နံရံပြိုကျတာ ပိမိပြီး သေဆုံးခဲ့ပါတယ်။ ကျောက်ဆည်မြို့နယ်မှာက လေပြင်းတိုက်ခိုက်မှုနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေသရောက်ကျေးရွာမှ နွားသွင်းပြန်လာသူ ၆ ဦးနဲ့ နွားတွေ တောင်ကျချောင်းရေမှာ မျှောပါသွားခဲ့လို့ သေဆုံးသူ လူ ၄ ဦးနဲ့ နွားသေအချို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး ပျောက်ဆုံးသူ ၂ ဦးကို ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။
မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ဧပြီ ၂၁ရက်ကနေ ၂၄ရက်အတွင်း ပြည်နယ်တိုင်းအားလုံးလောက်နီးနီးမှာ မိုးတိမ်တောင်ကြောင့် လေပြင်းတိုက်ခြင်း၊ မိုးကြီးခြင်း၊ မိုးကြိုးပစ်ခြင်းတို့ ဖြစ်ပွားနိုင်တယ်လို့ သတိပေးထားပါတယ်။
မိုးလေ၀သဌာနရဲ့ ဒီမနက်ထုတ်ပြန်ချက်မှာတော့ နောက် ၂ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ  နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
DVB
ကျောက်ဆည်တွင် မိုးသည်းထန်မှုကြောင့် လူ ၆ ဦး တောင်ကျချောင်းရေထဲ မျောပါ
 13090276_10208026680639390_781842787_n
ဧပြီ ၂၂ ရက်ညနေပိုင်းက လေပြင်းတိုက်ခိုက်မှုနဲ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်ဆည်မြို့နယ် ရေသရောက်ကျေးရွာမှ နွားသွင်းပြန်လာသူ ၆ ဦးနဲ့ နွားတွေ တောင်ကျချောင်းရေမှာ မျှောပါသွားခဲ့ပါတယ်။
ဒီနေ့အထိ သေဆုံးသူ ၄ ဦးနဲ့ နွားသေအချို့ ရှာဖွေတွေ့ရှိရပြီး ပျောက်ဆုံးသူနှစ်ဦးကို ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် လေပြင်းနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာအချို့ နေအိမ်တွေ ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။
DVB
ရခိုင်ပြည်နယ် စစ်ပွဲများရပ်တန့်ရေး လွှတ်တော်တွင် အရေးကြီး အဆိုတင်မည်
အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်ကြား ဒီနေ့ထိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်မှုမရှိပါက လာမယ့် မေ ၂ ရက်နေ့ ပြန်လည်စတင်မယ့် လွှတ်တော်မှာ ငြိမ်းချမ်းရေရရှိရေး အရေးကြီးအဆို တင်သွားမယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ဧပြီ ၁၆ ရက်နေ့ကနေ ဧပြီ ၂၂ ရက်နေ့အထိ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်အကြား ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ဘေးရှောင် ဒုက္ခသည်တွေ မြင့်တက်လာနေတာကြောင့် တိုက်ပွဲတွေ ရပ်တန့်ရေးအတွက် အရေးကြီး အဆိုတင်သွင်းမှာလို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဒီဗွီဘီ ကိုပြောပါတယ်။
“အခုလက်တလော တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေကြတယ်လေ။ တကယ်လို့ ဒီတိုက်ပွဲတွေ မရပ်ဘူးဆိုရင် မေလ ၂ ရက်နေ့ကျရင် လွှတ်တော်ခေါ်ဖို့ရှိတယ်လ။ အန်တီတို့ မနေ့ညနေကပဲ စစ်ဘေးရှောင်ဒေသတွေကို ရောက်ခဲ့သေးတယ်။ ရောက်တဲ့အခါမှာ ပြည်သူတွေရဲ့ဆန္ဒတွေကို အန်တီတို့က မေးကြည့်ပါတယ်။ ပြည်သူတွေ အများစုကတော့ အားလုံးက ငြိမ်ငြိမ်းချမ်းချမ်းနေချင်ကြတယ်။ အန်တီတို့ရခိုင်ပြည်က ဆင်းရဲတယ်။ နောက်ပြီး အလုပ်အကိုင်ရှားပါတယ်။ ရွာမှာနေထိုင်တော့ တောတောင်တွေမှာ မှိခိုပြီး စားသောက်နေကြတဲ့ လူတွေဖြစ်နေတယ်။ နောက်တခါ ရေလုပ်ငန်းနဲ့လုပ်ကိုင်တဲ့လူတွေဖြစ်နေတယ်။ အခုလို မငြိမ်မသက်ဖြစ်နေတဲ့အခါ သူတို့ရဲ့စီးပွားရေးဟာ အကျပ်အတည်းတွေရှိတယ်။ နောက်တခါ နေအိမ်တွေပစ်ပြီးတော့ သူများနေရာကို လာရတဲ့အတွက်ကြောင့် အဓိကငြိမ်းချမ်းရေး လိုချင်နေကြပါတယ်။ အန်တီတို့ လွှတ်တော်ခေါ်တဲ့နေ့မှာ အခုလို ငြိမ်ချမ်းရေးမရဘူးဆိုရင် အရေးကြီးအဆိုအနေနဲ့တင်ပြသွားပါမယ်။”
လက်တလော အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်အကြားတိုက်ပွဲတွေကြာင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ ပုဏ္ဍားကျွန်းမြို့နယ်တွေက ဘုန်ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။
အဲ့ဒီနေရာတွေမှာ ဧပြီ ၂၂ ရက်နေ့ ညနေပိုင်းအထိ ဒုက္ခသည်ဦးရေ တဖြည်းဖြည်း တိုးလာနေပြီး ၅၀၀ နီးပါးလောက် ရှိနေပြီလို့ စားနပ်ရိက္ခာတွေ သွားရောက်ကူညီနေတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဆိုပါတယ်။
ဒါ့အပြင် နှစ်ဖက်တိုက်ပွဲတွေအတွင်း အစိုးရတပ်မတော်ဘက်က ကျေးရွာသား ၇ ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်သွားတယ်လို့ ဒေါ်ခင်စောဝေက ပြောပါတယ်။
“တကယ့်ကို မြေပြင်ဆင်းတဲ့ခါမှ အဖြစ်မှန်ကို ပိုသိလာရပါတယ်။ ကျောက်လန်းချောင်းဆိုတဲ့ ရွာက လူလေးယောက်ကို စစ်တပ်ကနေ ခေါ်သွားတယ်။ နှစ်ယောက်ကိုတော့ ပြန်လွှတ်လိုက်ပြီ။ အဲ့ဒီနှစ်ယောက်နဲ့လည်း အန်တီတို့နဲ့တွေ ခဲ့ပြီးပါပြီ။ နောက်နှစ်ယောက်ကတော့ ဒီနေ့အချိန်အထိပြန်မရောက်သေးဘူး။ နောက်တစ်ခါ ရီစိုးချောင်းမှာကျတော့ ရေလုပ်ငန်းလုပ်နေတဲ့ လူတွေကို လမ်းမှာတွေ့လို့ ၅ ယောက်ကို လမ်းပြအဖြစ် စစ်တပ်က ခေါ်ဆောင်သွားတယ်။ ဒါကို အုပ်ချုပ်ရေးမှူးကိုယ်တိုင်လည်းသိပါတယ်။ သူတို့ တစ်ယောက်မှ ရွာကိုပြန်မရောက်သေးဘူး။ သူတို့ပြန်လည်ရရှိရေးကို တင်ပြသွားမယ်။ဓ
လက်တလော စစ်ဘေးရှောင်ဒုက္ခသည်တွေ စားဝတ်နေရေးအတွက် ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေအပါအ၀င် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စစ်တွေမြို့က ရခိုင်လူငယ်မျိုးဆက်သစ်အဖွဲ့၊ ဘူသီးတောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့တွေက သွားရောက်လှူဒါန်းနေကြပေမယ့် ရေရှည်စားဝတ်နေရေးအတွက် အခက်အခဲဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။
သတင်း-၀ဏ္ဏခွာညို၊ ဓာတ်ပုံ – မင်းဘာချေ
DVB
ရက္ခိုင့်တပ်မတော်နှင့်တိုက်ပွဲအတွင်း အစိုးရတပ်က ဒေသခံများကို အထမ်းသမားအဖြစ် ခေါ်ယူ
Army soldiers carry weapons as they walk to the earthquake struck area in Tarlay, Myanmar March 28, 2011. REUTERS/Soe Zeya Tun
ရခိုင့်တပ်မတော် (အေအေ) နဲ့ အစိုးရတပ်ဖွဲ့တွေကြား တိုက်ပွဲတွေအတွင်း ဒေသခံတွေကို အထမ်းသမားအဖြစ် အဓမ္မခေါ်ယူခိုင်းစေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင့်တပ်မတော် (AA) နဲ့ အစိုးရတပ်တွေဟာ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်ထဲက လောရ မတောင်ပေါ်မှာ ဧပြီ  ၁၆ ရက်ကနေ ၂၂ ရက်နေ့အထိ တိုက်ပွဲတွေဖြစ်နေပြီး တောတောင်ထဲမှာ သစ်ခုတ်၊ ထင်းခုတ်နဲ့ တောင်ယာလုပ်ကိုင်သူတွေကိုလည်း စစ်တပ်က ပစ္စည်းတွေထမ်းဖို့ ခိုင်းစေခံနေရတာတွေ ရှိနေတယ်လို့ ရေကောင်းချောင်းရွာနေ ဦးမောင်တင်ငွေက ပြောပါတယ်။
“ကျနော်က ဆေးရွက်ကြီးစိုက်ပါတယ်။ စစ်သားတွေလာတာမြင်လို့ မထရဲတော့ပါဘူး။ ထိုင်နေတုန်း ရှေ့လူတွေလွန်သွားပြီး နောက်ကလာတဲ့လူက ကျနော့်ကိုခေါ်ပါတယ်။ ကျနော်ဆင်းသွားတော့ ဒါကိုထမ်းလို့ပြောလို့ ထမ်းပါတယ်။ ထမ်းသွားပြီး သူတို့ ခဏနားမယ်ဆိုပြီး နားနေတုန်း ကျနော်အလစ်ပြန်ထွက်ပြေးလာပါတယ်” လို့ ပြောပါတယ်။
ဒီလိုခေါ်ယူခိုင်းစေခံနေရတာတွေဟာ ရသေ့တောင်မြို့နယ်ထဲက၊ ရေကောင်းချောင်း၊ ရီစိုးချောင်း ရွာတွေမှာ အများဆုံး ဖြစ်နေတာလို့ ပြောကြပါတယ်။
ရီစိုးချောင်းရွာနေ ကိုထွန်းနိုင်စိုးက “ကျနော့်ကို အစ်ကိုကခေါ်ပြီး အဖေ့ကို စစ်သားတွေ ဖမ်းသွားပြီလို့ ပြောတယ်။ ကျနော်ကမယုံလို့ ဖုန်းဆက်ပြီး အဖေနေတဲ့နေရာကို စုံစမ်းတော့ လေးယောက်ပါသွားတယ်တဲ့။ ငထောင်ချေ၊ ဦးလေးသာထွန်း၊ နောက်ကျနော့်အဖေပါတယ်။ နောက်တစ်ယောက် သန်းထွန်းပါတယ်။ သူကလည်း ကျနော့်ဘဒွေးပါ။ အားလုံး ကျနော့်ဆွေမျိုးမိသားစုထဲကပါ။ ပထမ ဒီလိုဖမ်းတယ်ဆိုတာ မယုံပါဘူး။ အခုကျနော်တို့ လက်တွေ့ ကြုံရမှယုံတာပါ။ အဖေ့ကို ကင်ပွန်းချောင်းဘက် ခေါ်သွားတယ်လို့ ကြားပါတယ်။ အမေလည်း ဘယ်မှာလည်း မသိဘူး။ စုံစမ်းလို့မရပါဘူး” လို့ ပြောပါတယ်။
စစ်တပ်က ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းတွေဖြစ်နေတဲ့အပြင် လက်နက်ကြီး ပစ်ခတ်သံတွေကြောင့် တိုက်ပွဲဖြစ်တဲ့ နေရာအနီးအနားက ဒေသခံတွေဟာ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ၊ နေအိမ်နဲ့ မွေးထားတဲ့ တိရစ္ဆာန်တွေပါထားခဲ့ပြီး နီးစပ်ရာကျေးရွာတွေနဲ့ ဇာတိရပ်ရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
နတ်အိုင်ရွာသူ မသန်းရွှေက “ကျမတို့က မရှိဆင်းရဲသားတွေဖြစ်လို့ တောင်မှာလုပ်စားနေတာပါ။ အခုလို အသံတွေကြားလို့ ကြောက်ပြီး ဆင်းပြေးလာတာပါ။ အဲ့ဒီအသံတွေကိုလည်း မကြားချင်ပါဘူး” လို့ ပြောပါတယ်။
တိုက်ပွဲတွေအတွင်း အစိုးရတပ်ဘက်က ဒေသခံတွေကို လမ်းပြ၊ အထမ်းသမားတွေအဖြစ် ခေါ်ယူမှုတွေ ရှိနေကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကလည်း ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ အစိုးရတပ်ဘက်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။
တိုက်ပွဲတွေကြောင့် ဘူးသီးတောင်၊ ရသေ့တောင်နဲ့ ပုဏ္ဍားကျွန်းမြို့နယ်တွေက ဘုန်ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ဒုက္ခသည် ၅၀၀ လောက် ခိုလှုံနေကြရပါတယ်။
DVB
တနင်္သာရီတိုင်း ယခု ဘဏ္ဍာ ရေးနှစ်တွင် သောက်သုံးရေအတွက် ဘတ်ဂျက် ငွေကျပ်သန်းခုနစ်ရာကျော် ခွင့်ပြု
 ထားဝယ်၊ ဧပြီ ၂
တနင်္သာရီတိုင်းအတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဒေသအတွင်း သောက်သုံးရေလိုအပ်ချက် ပြည့်မီစေရန် ပြည်ထောင်စုအစိုးရမှ
 ငွေကျပ်သန်း ခုနစ်ရာကျော် ခွင့်ပြုထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရ သည်။
တိုင်းဒေသကြီးအတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် လုပ်ဆောင် မည့် အနက်ပေ ၇၀ မှ ပေ ၉၀ အထိ  ရှိသည့် ရေတွင်းတိမ် ၈တွင်း၊ အနက်ပေ ၁၅၀ ခန့်ရှိသည့် ရေတွင်းနက် ၈ တွင်း၊ အနက်ပေ ၄၀ ခန့်ရှိသည့် လက်တူး တွင်း၂၆ တွင်း၊ စိမ့်စမ်းရေ ရေသွယ် လုပ်ငန်း ၂၃ခုနှင့် အုတ်ရေကန်အပါအဝင် (အခြားလုပ်ငန်း) ၁၁ ခု တို့ တည် ဆောက်ရန်အတွက် ပြည်ထောင်စု အစိုးရမှ ငွေကျပ်သန်း ၇၆၈.၀၃ သန်း ခွင့်ပြုပေးထား လုပ်ဆောင်ခွင့်အတွက် တိုင်းဒေသကြီး အစိုးရထံတင် ပြ ထားကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန တိုင်းဒေသ ကြီးဦးစီးမှူး ဦးသက်ပိုင် ကဆိုသည်။
တည်ဆောက်ပြီးရင် ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေဆီ အပ်နှံ လိုက်တာ” ဟု တိုင်းဒေသကြီးဦးစီးမှူး ဦးသက်ပိုင် ကပြောသည်။
ဒေသတွင်း သောက်သုံးရေလို အပ်ချက်အား ဖြည့်တင်းနိုင်ရန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်ငွေ ငွေကျပ် ၁၀၆၄.၈၅ သန်း အသုံး ပြုကာ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်ငွေ ၉၀၈.၂၆သန်း အသုံး ပြုကာ စုစုပေါင်း တွင်းတိမ် ၁၅ တွင်း၊ တွင်းနက် ၂၀ တွင်း၊ လက်တူးတွင်း ၁၃၀ တွင်း၊ စိမ့်စမ်းရေ ရေသွယ်လုပ်ငန်း ၅၄ ခု၊ မြေသား ရေလှောင်ကန် ၂၈ ကန်နှင့် အုတ်ရေကန်(အခြား) ၂၁ ခု တို့အားဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။
|Dawei Watch|
Friday, April 22, 2016
လေပြင်းတိုက်ခတ်မှုကြောင့်စာသင်ကျောင်းနှင့်စာကြည့်တိုကပျက်စီး
တံတားဦး ဧပြီ - ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တံတားဦးမြို့နယ်တွင်ယနေ့ညနေ (၅)နာရီ အချိန်က မိုးသက်လေ ပြင်းတိုက်မှုဖြစ်ပွားကြောင်းသိရသည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ငါးဇင်ရိုင်းကျေးရွာအခြေခံပညာမူလတန်း စာသင်ကျောင်းပြိုကျ ပျက်စီးခြင်းမိုးကြိုးတွင်းကျေးရွာစာကြည့်တိုက် အမိုးလန်ခြင်းပြူကန်ကျေး ရွာစေတီပုထိုးများမြေခပြိုကျခြင်းဖြစ်ပွားကြောင်း ကနဦးသတင်းရရှိသည်။
ရဲတင့်( တံတားဦး ပြန်/ဆက်)
MOI Webportal Myanmar
မြန်မာနိုင်ငံရှိ စိန်ခေါ်မှု များစွာကို အခွင့်အလမ်း အဖြစ် ပြောင်းလဲရန် လိုအပ်ဟု နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကဆို
    နေပြည်တော်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)
    နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံခြား သံတမန်များ ပထမအကြိမ် နေပြည်တော်၌ တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် စိန်ခေါ်မှုများစွာရှိပြီး ယင်းစိန်ခေါ်မှုများကို အခွင့်အလမ်းအဖြစ် ပြောင်းလဲရန် လိုအပ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသည်။
    ပြည်တွင်း အခြေစိုက် သံရုံး ၄၆ ရုံး ၊ ပြည်ပသံရုံး ၁၇ ရုံးမှ သံတမန်များနှင့် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးမှုသည် တစ်နာရီကျော် ကြာမြင့်ခဲ့သည်။
အဆိုပါ ရှင်းလင်းပွဲ၌ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ တိုင်းပြည်၏ အပြောင်းအလဲ အခြေအနေများနှင့် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒကို ရှင်းလင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရပြီးစဉ်မှစ၍ လွတ်လပ်ပြီး တက်ကြွသော နိုင်ငံခြားရေး မူဝါဒ ရှိခဲ့ပြီး လက်ရှိ အိမ်နီး နားချင်းများသာမက ကမ္ဘာ တစ်ဝန်းရှိ အခြားနိုင်ငံများနှင့်ပါ ခင်မင် ရင်းနှီးလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရခဲ့သည့် အချိန်ကစ၍ ဘက်မလိုက် ကြားနေနိုင်ငံ အဖြစ် ရပ်တည်ခဲ့ပြီး မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနှင့် တောင်အာရှ ဆုံမှတ်မှာ တည်ရှိသောကြောင့် ပထဝီ နိုင်ငံရေးအရ အချက်အခြာ ကျသလို တပြိုင်နက်တွင် စိန်ခေါ်မှုများလည်း များကြောင်း ၎င်းက ပြောသည်။
ပြည်သူ အချင်းချင်းကြား ဆက်ဆံရေး ကောင်းမွန်မှုသည်သာ အဓွန့်ရှည်မည်ဖြစ်ပြီး အစိုးရသစ်၏ မူဝါဒသည် ပြည်သူကို အခြေခံကာ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးမှုများသည် ပြည်သူလူထု မပါဝင်ဘဲ မဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။
“ကျွန်မအနေနဲ့ Burma လို့ မကြာခဏ သုံးစွဲခဲ့ပါတယ်၊ အဲ့ဒါဟာ အလေ့အကျင့်လို ဖြစ်နေလို့ပါ၊ အဲ့ဒီလို သုံးစွဲလို့ ကျန်တဲ့သူတွေလည်းအလားတူ သုံးစွဲရမယ်လို့ မပြောလိုပါဘူး၊ နောင်မှာ အလျဉ်းသင့်သလို Myanmar လို့ သုံးစွဲသွားမှာ ဖြစ်ပါတယ်၊ ဒါမှလည်း သံတမန်တွေအနေနဲ့ သက်သောင့် သက်သာဖြစ်မယ်ဆိုတာ နားလည်ပါတယ်၊ သံတမန်တွေ အနေနဲ့ Burma ဒါမှမဟုတ် Myanmar ကြိုက်သလို သုံးနှုန်းနိုင်ပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘယ်လိုသုံးစွဲရမယ်ဆိုတာ ပြဌာန်းထားတာ မရှိပါဘူး”လို့ နိုင်ငံခြားရေး ဝန်ကြီးက ဆိုသည်။
မြန်မာနိုင်ငံကို အင်အားကြီးမားသည့် နိုင်ငံဖြစ်အောင် တည်ဆောက်မှာဖြစ်ပြီး အင်အားကြီး နိုင်ငံဖြစ်ရန်  မြန်မာနိုင်ငံသားများကို အခြေပြု အားထားသွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
 (Xinhua)
ဒေါ်စုကို ကမ္ဘာ လူသားတို့ ရဲ့ မျှော်လင့်ချက် အဖြစ် အိုဘားမား ချီးမွမ်း
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ်။ ( ၁၉၊ နိုဝင်ဘာ ၂၀၁၂)
ဒေါ်အောင်ဆန်းစုကြည်ဟာ သန်း ၅၀ ကျော် မြန်မာလူထုအတွက်သာမက ကမ္ဘာတ၀န်းက သန်းပေါင်းများစွာသော လူတွေ အတွက် တရားမျှတမှု ရဲ့ မျှော်လင့်ချက် မီးရှုးတန်ဆောင် အဖြစ် အခုဆိုရင် ဘယ်တုန်းကနဲ့မှ မတူတဲ့ အနေအထားနဲ့ ဆက်ရှိနေဆဲပါ လို့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားက ချီးကျူး ရေးသားလိုက်ပါတယ်။
Time မဂ္ဂဇင်းက ပြုစုထုတ်ပြန်တဲ့ ကမ္ဘာပေါ်မှာ သြဇာအရှိန်အ၀ါ အကြီးမားဆုံး လူပုဂ္ဂိုလ် အယောက် ၁၀၀ စာရင်းထဲမှာပါဝင်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး သမ္မတအိုဘားမားက ဧပြီလ ၂၁ ရက်နေ့စွဲနဲ့ A beacon of hope မျှော်လင့်ချက် မီးရှုးတန်ဆောင် ဆိုတဲ့ခေါင်းစဉ်နဲ့ Time မဂ္ဂဇင်း အင်တာနက်စာမျက်နှာမှာ ရေးထားတာပါ။
အကျဉ်းသားဘ၀ကနေ လွှတ်တော်အမတ်အဖြစ် ခရီးရှည်ကြီးကို ဖြတ်ခဲ့ပြီးတဲ့နောက် ဒီကနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ သူ့ရဲ့ပါတီကို ပြီးခဲ့တဲ့နှစ်ရွေးကောက်ပွဲမှာ ပြည်လုံးကျွတ်အနိုင်ရအောင် ဦးဆောင်ခဲ့ပါပြီလို့ သမ္မတအိုဘားမားက ရေးပါ တယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး အရပ်သားအစိုးရကို အခု ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်နေ ပြီလို့လည်း ဖော်ပြပါတယ်။
မြန်မာနိုင်ငံဟာ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပြီးတော့ နိုင်ငံရဲ့အောင်မြင်မှုဟာ ကာလရှည်ဖြစ်နေတဲ့ ပဋိပက္ခတွေ အဆုံးသတ်ဖို့၊ လူမျိုးစုနဲ့ ကိုးကွယ်ရာဘာသာကွဲအားလုံးက လူတွေအတွက် လူ့အခွင့်အရေးကို အကာအကွယ်ပေးဖို့ ဆိုတာတွေအပေါ် မူတည်နေပါတယ်လို့ သမ္မတ အိုဘားမားက ထောက်ပြထားပါတယ်။ ဒါပေမဲ့လည်း ပိုပြီးကြီးမားတဲ့ အလားအလာတွေနဲ့ ကြွယ်ဝချမ်းသာမှုတွေ ရှိလာမယ့် အနာဂတ်တခုကို ဒီမိုကရေစီက ဖော်ဆောင်ပေးဖို့ အသင့်ဖြစ်နေပါပြီလို့ သမ္မတ အိုဘားမားက ရေးသားထားပါတယ်။
VOA (မြန်မာပိုင်း)
နောက် ၃ ရက်အထိ လေပြင်းတိုက်ခတ်တာ ၊ မိုးကြိုးပစ်တာတွေ ဖြစ်နိုင်သေး
တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ ခုမှာ လေပြင်းတိုက်ခတ်တာ၊ မိုးသီးကြွေတာ၊ မိုးကြိုးပစ်တာ၊ အချိန်အခါမဟုတ် မိုးရွာတာတွေဟာ ဆက်ဖြစ်နေဦးမယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။
မိုးတိမ်တောင်ဖြစ်ထွန်းမှုတွေဟာ နောက် ၃ ရက်လောက်အထိ ဆက်ဖြစ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။
"အရင်တုန်းကတော့ မြန်မာနိုင်ငံမြောက်ပိုင်းလောက်ပဲ မိုးတိမ်တောင်တွေဖြစ်ပြီးတော့ ဒီဖြစ်စဉ်တွေဖြစ်ခဲ့တယ်ပေါ့၊ အခုတော့ ပိုပြီးကျယ်ပြန့်လာပြီးတော့ ဘယ်ကဆင်းလာသလဲဆိုရင် မြောက်ဘက်ကနေ တောင်ဘက်ကိုဖြတ်ဆင်းလာတယ်၊ အခုဆို ဘယ်လောက်အထိရောက်လဲဆိုရင် မြစ်ဝကျွန်းပေါ်အစပ်လောက်ထိ ရောက်သွားပြီပေါ့၊ နောက်လာမယ့် လေးငါးရက်အထိ ခန့်မှန်းချက် ထုတ်ကြည့်တဲ့အခါမှာ မိုးတိမ်တောင်ဖြစ်တာ နောက်ရက်တွေမှာ အနည်းဆုံးနောက်ထပ် ၃ ရက်လောက် ၂၅ ရက်နေ့လောက်အထိ ပိုလို့ ပိုလို့ ဆိုးလာဖို့ရာရှိတယ်၊ ၂၅ ရက်နေ့ နောက်ပိုင်းကျမှသာ ပြန်ကျသွားမယ်ပေါ့၊ အဲ့ဒီအနေအထားရှိပါတယ်"
ဒီရက်ပိုင်းမှာ ဖြစ်သွားတဲ့ ကလေးမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တွေမှာ လေပြင်းတိုက်တာ၊ ကချင်ပြည်နယ်မှာ မိုးသီးကြွေတာတွေဟာ မိုးတိမ်တောင်တွေကြောင့်လို့ ပြောပါတယ်။
မိုးတိမ်တောင်ကြောင့် မိုးသီးကြွေတာ၊ မိုးချိန်းတာ၊ လေပြင်းကျတာ၊ မိုးကြိုးပစ်တာ၊ အချိန်အခါမဟုတ်မိုးရွာတာ၊ နေရာကွက်ပြီး မိုးကြီးတာ၊ လေဆင်နှာမောင်းတိုက်တာ၊ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။
နောက် သုံးရက်လောက်အထိ ကချင်၊ ရှမ်း၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ချင်း၊ ဧရာဝတီတိုင်းအရှေ့ပိုင်း၊ ရန်ကုန်တိုင်းမြောက်ပိုင်း၊ ကယား၊ ကရင်၊ မွန် စတဲ့ဒေသတွေမှာ မိုးတိမ်တောင်ဖြစ်နိုင်တယ်လို့ လည်းပြောပါတယ်။
RFA Burmese
နေပြည်တော် ရပ်ကွက်အချို့နှင့် ကျေးရွာအုပ်စုများတွင် သောက်သုံးရေ ပြတ်လပ်
နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်အတွင်းက ရပ်ကွက်တချို့နဲ့ ကျေးရွာအုပ်စု သုံးခုအတွင်းက တချို့ကျေးရွာတွေမှာ သောက်သုံးရေ ပြတ်လပ်နေပါတယ်။
အခုလို ရေပြတ်လပ်နေတာဟာ ကျေးရွာအတွင်းက ရေတွင်းတွေမှာ ရေခန်းခြောက်တာအပြင် ရေထွက်တဲ့တွင်း ရှိပေမယ့် ရေသုံးစွဲသူနဲ့ မမျှတဲ့အတွက် ရေအလှူရှင်တွေလာမှသာ သောက်သုံးရေ အဆင်ပြေတယ်လို့ ဇေယျာသီရိမြို့နယ် နန်းသြကျေးရွာသူ ဒေါ်ခင်ခင်ရီက ပြောပါတယ်။
“လာလှူမှလောက်တာ။ မဟုတ်ရင် ရေကိုမရှိဘူး။ သောက်ရေကော သုံးရေကော။ အခုနှစ်က တနှစ်လုံးလိုလိုပဲ၊ ဆောင်းဝင်ကတည်းက ရေရှားတာ။ အ၀ီစိတွင်းက သောက်ရေရတယ်၊ ရေသန့်ထွက်တော့။ အဲဒီရေသန့်က သောက်ရေကို တညလုံး မအိပ်ရဘူး၊ အလှည့်နဲ့ ယူရတာ၊ တခါတလေ ရေတောင်မချိုးရဘူး။”
နှစ်တိုင်း ခုလို သောက်သုံးရေရှားပါးမှု ဖြစ်ခဲ့ပေမယ့် အခုနှစ်ကတော့ ရေအရှားဆုံးပဲလို့ နန်းသြကျေးရွာ ဒေသခံတဦးဖြစ်တဲ့ ဦးထွေးက ပြောပါတယ်။
“ခါတိုင်းနှစ်တွေလည်း ရှားတော့ရှားတယ်။ ဒီနှစ်မှာ အရှားဆုံးပဲ။ သီတင်းကျွတ်လကတည်းက မိုးကမရွာတော့ ရေတော်တော်ပြတ်သွားတယ်။ အကုန်လုံး အခက်အခဲတွေ ဖြစ်ကြတယ်။ အဲတော့ ဘယ်လိုကြံရမှန်းလည်း မသိဘူး။ ဟိုးတောင်ပေါ်ကရေကလည်း မရှိဘူး။ ခါတိုင်းဆို ဒီချောင်းမှာ ရေလာနေတယ်ဆိုရင် ရသေးတယ်။ ခု ဒီချောင်းကလည်း ရေမလာတော့ဘူး။ ပြာသိုလကတည်းက လုံးဝ ရေပြတ်သွားပြီ။ အဲဒါကြောင့် အခက်အခဲတွေ ဖြစ်ကြပါတယ်။”
နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်အတွင်းက ပြည်စံအောင်ရပ်ကွက်
 ခေအေးကျေးရွာအုပ်စုအတွင်းက ကျေးရွာတွေဖြစ်တဲ့ အင်ပင်ကုန်း၊ စက်ကုန်း၊ ချောင်းဖျားကျေးရွာ၊ နန်းသြကျေးရွာအုပ်စုအတွင်းက ကျေးရွာတွေဖြစ်တဲ့ ဒိုးပင်ကုန်း၊ ဥယျာဉ်၊ နန်းသြကျေးရွာ၊ ရေဆင်းကျေးရွာအုပ်စုအတွင်းက ကျေးရွာတွေဖြစ်တဲ့ ကန်သာအေး၊ ရွှေကျကျေးရွာနဲ့ နယ်မြေလေးတို့မှာ သောက်သုံးရေ အခက်အခဲဖြစ်နေတာ ဖြစ်ပါတယ်။
ဒီလို သောက်သုံးရေ အခက်အခဲဖြစ်နေတဲ့ နေရာတွေကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ ပြင်ပက အလှူရှင်တွေက နေ့စဉ်နီးပါး ရေလှူပေးနေကြပါတယ်။
DVB
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သံတမန်များ တွေ့ဆုံ
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒများကို ရှင်းလင်းပြောကြားဖို့ ပြည်တွင်းပြည်ပ သံတမန်များနဲ့ ဒီနေ့ နေလယ်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံနေပါတယ်။
နေပြည်တော်က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ သံအမတ်ကြီးတွေ၊ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်တွေ၊ ဒုတိယသံအမတ်ကြီးတွေ စုစုပေါင်း ၇၀ ကျော်နဲ့ တွေ့ဆုံနေတာပါ။
မြန်မာနိုင်ငံဟာ လွတ်လပ်တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကို အစဉ်တစိုက် ကျင့်သုံးခဲ့တာဖြစ်ပြီး ဒီမူဝါဒကို ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူလက်ခံကြောင်း မကြာသေးမီကပြောခဲ့တဲ့ သူ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ပါရှိပါတယ်။
(ဓာတ်ပုံ – နေဖြိုးဝင်း)
DVB
မုံရွာတွင် မိုးရွာလေပြင်းတိုက်ခတ်ပြီး မိုးကြိုးပစ်၊ လူ ၂ ဦး သေဆုံး
မုံရွာမြို့ မြို့သစ်ရပ်ကွက်နဲ့ အိုးဘိုတောင်ရပ်ကွက်မှာ မနေ့ ညနေ ၄ နာရီခွဲလောက်က မိုးရွာ လေပြင်းတိုက်ခဲ့သလို မိုးကြိုးပစ်တာကြောင့် လူ ၂ ဦး သေဆုံးခဲ့ပါတယ်။
မိုးကြိုးပစ်ချိန်မှာ ဖုန်းပြောနေတဲ့ အသက် ၂၁ နှစ်ရွယ် မိန်းကလေး မိုးကြီးထိမှန်သေဆုံးခဲ့သလို လင်မယား ၂ ဦး သစ်ကိုင်းပီပြီး အမျိုးသမီး သေဆုံးသွားပါတယ်။ အမျိုးသားလည်း ခေါင်းမှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။ မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာလည်း လေပြင်းတွေ တိုက်ခိုက်ခဲ့လို့ ဓာတ်တိုင်နဲ့ သစ်ပင်တချို့ ကျိုးပြတ်ကျခဲ့ပြီး ကားလမ်းတွေလည်း ယာယီ ပိတ်သွားခဲ့ပါတယ်။
ဧပြီ ၂၁ ရက် ကနေ ၂၄ရက်အတွင်း မန္တလေး၊ စစ်ကိုင်း၊ တံတားဦး၊ ကျောက်ဆည်၊ နွားထိုးကြီး ၀က်လူး၊ ပြင်စည်၊ မြင်းခြံ စတဲ့ မြို့ ၈ ခုမှာ လေပြင်းများတိုက်ခတ်နိုင်တယ်လို့ မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က သတိပေးပါတယ်။
အဲ့ဒီမြို့တွေရဲ့ မွန်းလွဲနဲ့ ညနေပိုင်းတို့မှာ တနာရီ မိုင် ၂၀ မှ ၃၀ အထိရှိတဲ့ လေပြင်းတွေ တိုက်ခတ်နိုင်တယ်လို့ သူ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြပါတယ်။
အယ်လ်နီညိုနွေရာသီကာလအတွင်း မြန်မာပြည်က ချောက်၊ စစ်ကိုင်း၊ ထားဝယ်၊ မြိတ်၊ ဟဲဟိုး၊ ဖြူး စတဲ့ မြို့ ၁၁ ခုမှာ စံချိန်တင်ပူပြင်းခဲ့ပြီး ဧပြီ ၁၂ ရက်၊ အကြိုနေ့ တရက်ထဲမှာပဲ မြန်မာပြည်တ၀န်းရှိ မြို့ကြီး ၈ ခုမှာ စံချိန်တင် ပူပြင်းခဲ့ပါတယ်။
DVB
Thursday, April 21, 2016
ဗြိတိန်ဘုရင်မကြီး သက်တော် ၉၀ ပြည့် ကျင်းပ
ဘုရင်မကြီးရဲ့ သက်တော် ၉၀ ပြည့် မွေးနေ့အတွက် ဘုရင်မကြီး အတွက် အမှတ်တရ မွေးနေ့ ကိတ်မုန့်ကို ဖုတ်ပေးသူ Hussainနဲ့ ဘုရင်မကြီး။ ( ဧပြီ ၂၁၊ ၂၀၁၆)
ဒီကနေ့ဟာဖြင့် ဗြိတိန်နိုင်ငံ ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကြီးရဲ့ သက်တော် ၉၀ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ ဘုရင်မကြီး အတွက် အမှတ်တရ မွေးနေ့ကိတ်မုန့် ကို ဖုတ်ပေးသူကတော့ Great British Bake Off ဆိုတဲ့ ဗြိတိန်နိုင်ငံမှာ လူကြိုက်များတဲ့ ရုပ်သံလွှင့် မုန့်ဖုတ်ပြိုင်ပွဲအစီအစဉ်မှာ မကြာသေးခင်က အနိုင်ရထားသူ Nadiya Hussain ပါ။
ထောပတ်ခရင်မ်၊ သစ်သီးယိုတွေနဲ့အတူ လိမ္မော်အမှုန့်လေးတွေဖြူး ထားတဲ့ ရွှေရောင်နဲ့ ခရမ်းရောင် ကိတ်မုန့်ကို ဘုရင်မကြီးရဲ့ သက်တော် ၉၀ ပြည့် မွေးနေ့အတွက် Hussain က လုပ်ပေးပါတယ်။
ဗြိတိန်နိုင်ငံ မင်းဆက်တွေထဲမှာ အသက်အကြီးဆုံးနဲ့ နန်းသက်အရှည်ဆုံး အဲလိဇဘက်ဘုရင်မကြီးဟာ သူ့ရဲ့မွေးနေ့မှာ ၀င်ဒ်ဆာနန်းတော်ကိုလာပြီး ဆုတောင်းပေးကြသူတွေကို နှုတ်ဆက်စကားပြောပါတယ်။
ရာပေါင်းများစွာသော လူတွေဟာ ကိတ်မုန့်တွေ၊ မွေးနေ့ဆုတောင်း ကဒ်ပြားတွေ၊ ဘောလုံးတွေ၊ ယူနီယံဂျက်အလံတွေကို ကိုင်ပြီး ဘုရင်မကြီးနဲ့မတွေ့ရခင် နာရီပေါင်းအတော်ကြာကြာကတည်းက စုဝေး စောင့်ဆိုင်းနေခဲ့ကြတာပါ။
ကိတ်မုန့်ဖုတ်ပေးတဲ့ Nadiya Hussain ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖွား ဗြိတိန်နိုင်ငံသူဖြစ်ပါတယ်။
မြိတ်တွင် စိတ်ကြွဆေးပြား ၅၀၀၀ ကျော် ဖမ်းမိ
|Dawei Watch| မြိတ်၊ ဧပြီ ၂၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ အောက်ရေပုန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ဧပြီလ ၂၁ ရက် မွန်းလွဲပိုင်းက စိတ်ကြွဆေးပြား ၅၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြိတ်မြို့နယ် ရဲစခန်းမှ သိရသည်။
ယင်းရပ်ကွက် နတ်စင်လမ်းတွင် နေထိုင်သူ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသည်ဟု သတင်းရသည့်အတွက် ယင်းသို့ ဖမ်းဆီးခြင်းဖြစ်ကြောင်း မြို့နယ်ရဲမှူး ဦးသန်းဦးက ပြောသည်။
လက်ရှိတွင် စိတ်ကြွဆေးပြား ၅၄၀၀ ပြားနှင့်အတူ ဖမ်းဆီးရမိသည့် အမျိုးသား ၂ ဦးအား အမှုဖွင့် အရေးယူဆောင်ရွက်နိုင်ရန် ဆောင်ရွက်နေကြောင်း ရဲမှူး ဦးသန်းဦးထံမှ သိရသည်။
Dawei Watch
IS ကို တိုက်ဖို့ ကန်နဲ့ ပင်လယ်ကွေ့ ခေါင်းဆောင်များ ညီညွတ်
ဆော်ဒီ အာရေး ဘီးယားနိုင်ငံ Riyadh မြို့မှာ မိန့်ခွန်းပြောနေတဲ့ ကန်သမ္မတအိုဘားမား။ ( ဧပြီ ၂၁၊ ၂၀၁၆)
IS အစွန်းရောက်အဖွဲ့ကို ခြေမှုန်းရေးနဲ့ ပဋိပက္ခပြည့်နေတဲ့ အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်ရေး ကြိုးပမ်းမှုတွေမှာ အမေရိကန် ပြည်ထောင်စုနဲ့ ပင်လယ်ကွေ့နိုင်ငံတွေကြား တညီတညွတ်ထဲ ဆက်ရှိနေပါတယ်လို့ သမ္မတ ဘရာ့ခ် အိုဘားမားက ပြောလိုက်ပါတယ်။
ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ GCC အဖွဲ့ဝင် လုပ်ဖော်ကိုင်ဖက်တွေ နဲ့ ဒေသတွင်း မဟာမိတ်နိုင်ငံတွေ အပေါ် ရန်လိုမှုတွေကို တားဆီးဖို့နဲ့ ရင်ဆိုင်သွားဖို့ အမေရိကန်ပြည်ထောင်စုဟာ အခိုင်အမာရှိနေတယ်ဆိုတာကို ဆော်ဒီ အာရေး ဘီးယားနိုင်ငံ Riyadh မြို့မှာ သမ္မတအိုဘားမားက ထပ်ပြောပါတယ်။
ISIL အဖွဲ့ကို ခြေမှုန်းရေး ကြိုးပမ်းမှုတွေမှာ တညီတညွတ်ထဲ ဆက်ရှိနေပါတယ်လို့ စစ်သွေးကြွအဖွဲ့ရဲ့ နာမည်အတိုကောက်ကို သုံးပြီး သမ္မတ အိုဘားမားက ပြော သွားပါတယ်။ ဆီးရီးယား၊ ယီမင်၊ အီရတ်နဲ့ လစ်ဗျားနိုင်ငံတွေမှာ နိုင်ငံရေးအခြေအနေ ဖရိုဖရဲဖြစ်နေတာနဲ့ တိုက်ပွဲတွေဖြစ်နေတာကို အဓိက ဦးတည်ချက်ထားပြီး သမ္မတအိုဘားမားနဲ့ GCC အဖွဲ့ဝင်ခြောက်နိုင်ငံတို့ ဒီကနေ့ Riyadh မြို့မှာ တွေ့ဆုံဆွေးနွေးကြတာပါ။
IS နဲ့ အယ်လ်ကိုင်းဒါးအဖွဲ့တွေကို အရှိန်မြှင့် နှိမ်နင်းရေး နည်းလမ်းတွေ နဲ့ ဒေသတွင်းမှာ မတည်မငြိမ်ဖြစ်စေတဲ့ အီရန်ရဲ့ လုပ်ရပ် တွေကို ရင်ဆိုင်ရေးတွေနည်းလမ်းတွေကိုလည်း သူတို့ဆွေးနွေးကြပါတယ်။
ဒေသတွင်းအရေးတွေနဲ့ပတ်သက်ပြီး မတူကွဲပြားတဲ့ ချဉ်းကပ်မှုတွေအပေါ် အမေရိကန်နဲ့ အာရပ်ဘ်မဟာမိတ်တွေအကြား တင်းမာမှုတွေ ရှိထားပါတယ်။
VOA (မြန်မာပိုင်း)
ထားဝယ်ဒေသ နာမည်ကျော် လောင်းလုံးဘုတ်ကျွန်းခရီးစဉ် လည်ပတ်ခွင့်ပိတ်
|Dawei Watch| ထားဝယ်၊ ဧပြီ ၂၁
ပြီးခဲ့သည့်နှစ် ကုန်ပိုင်းမှ စတင်၍ ရေပန်းစားလာသည့် တနင်္သာရီတိုင်း၊ ထားဝယ်ဒေသရှိ လောင်းလုံးဘုတ်ကျွန်းသို့ ဧပြီလ ၄ရက်မှ စပြီး  လည်ပတ်ခွင့် ပိတ်ထားကြောင်း ထားဝယ်ခရိုင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
လောင်းလုံးဘုတ်ကျွန်းသည် လုံခြုံရေးအရ တားမြစ်နယ်မြေဖြစ်၍ ခရီးလှည့်လည်ရေး ကုမ္ပဏီများမှ ခရီးသွားလုပ်ငန်းများ လုပ်ဆောင်ခြင်းမပြုရန်နှင့် ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ဖြတ်သန်းဝင်ရောက်သည့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာနှင့် ၂၅မိုင်သာ ကွာဝေးသည့်အတွက်  ယင်းသို့ သွားလာခွင့် ကန့်သတ်လိုက်ကြောင်း ထားဝယ်ခရိုင် ဟိုတယ်/ခရီးမှ ထုတ်ပြန်ထားသည့် ဧပြီလ ၄ရက်နေ့ ရက်စွဲပါစာအရ သိရသည်။
“ဘုတ်ကျွန်းကို နဂိုကတည်းက သွားခွင့်မပြုခဲ့ဘူး။ လတ်တလောလည်း တားမြစ်ထားတယ်” ဟု ထားဝယ်ခရိုင် ဟိုတယ်/ခရီးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဟိုတယ်/ခရီးမှ လောင်းလုံးဘုတ်ကျွန်းထံ သွားလာခွင့်အား ဧပြီးလ ၄ရက်ကတည်းက တားမြစ်ထား သည်ဟု ပြောသော်လည်း သင်္ကြန်ကာလအတွင်းတစ်ရက်လျှင် လူတစ်ထောင်ခန့် သွားရောက် လည်ပတ်ခဲ့ကြာင်း ဘုတ်ကျွန်းသို့ ပို့ဆောင်ပေးနေသည့် ခရီးသွားအဖွဲ့များထံမှ သိရသည်။
အဆိုပါဘုတ်ကျွန်းသို့ သွားရောက်ခွင့် တားမြစ်သည့် အကြောင်းကြားစာမှာ လက်ရှိ အချိန် ဧပြီ ၂၁ ရက်အထိ ပေးပို့လာခြင်း မရှိသေးကြောင်း လောင်းလုံးဘုတ်ကျွန်းသို့ ခရီးသည်ပို့ဆောင်နေသည့် ခရီးသွားအဖွဲ့တစ်ခုမှ တာဝန်ခံက ပြောသည်။
“ခရီးသွားလုပ်ငန်း ဦးမော့ပြီး ဒေသအကျိုးစီးပွား အခုမှ အဆင်ပြေလာချိန်မှာ အခုလို လုပ်လိုက်တာက ပြည်သူကို အကျိုးပြုစေတာလား၊ အကျိုးယုတ်စေတာလားလို့ မေးချင်တယ်” ဟု ၎င်းကပြောသည်။
ယင်းသို့ တားမြစ်ပါက ခရီးသည်များကို ကျွန်းပေါ်မတက်စေဘဲ ကျွန်းအနီးတစ်ဝိုက် ရေငုပ်ကာ ရေအောက်ရှု ခင်းကြည့်နိုင်ရန် ဆက်လက် ပို့ဆောင်သွားမည်ဖြစ်ပြီး သွားရောက်လည်ပတ်ခွင့် ပိတ်ပင်လိုက်ခြင်းမှာ အဖြေမှန် တစ်ခုမဟုတ်ပဲ ကျွန်းအားမပျက်ယွင်းစေဘဲ ရေရှည်သွားနိုင်မည့် အစီအမံတစ်ခုဆွဲကာ လုပ်ဆောင်သင့်သည် အထက်ပါ ခရီးသွားလုပ်ငန်းတာဝန်ခံက ပြောသည်။
ထားဝယ်ခရိုင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန မှတာဝန်ရှိသူကမူ တားမြစ်ချက်အား ဖောက်ဖျက်ပါက ၁၉၉၃ခုနှစ် မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေးဥပဒေအရ အရေးယူသွားမည်ဖြစ်သည်ဟု ဆိုသည်။
ယင်းလောင်းလုံးဘုတ်ကျွန်းသည် ၁၉၉၉ခုနစ် စက်တင်ဘာလတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ မောရ၀တီရေတပ်စခန်း ဌာနချုပ်၏ တပ်ပိုင်မြေအဖြစ်လွှဲပြောင်းပေးခဲ့သည့် ကျွန်းဖြစ်ကြောင်း ထားဝယ်ခရိုင် ဟိုတယ်/ခရီးမှ သိရသည်။
Dawei Watch
Monday, April 18, 2016
လိုင်ဇာ အနီး တိုက်ပွဲတွင် KIA ဘက် ထိခိုက် သေဆုံး ဒဏ်ရာရ
ဧပြီ ၇ ရက်မှ အစိုးရတပ်က ကချင်တိုက်ပွဲ စတင်ပြုလုပ်လာ
ယမန်နေ့ နေ့လယ်ပိုင်း အစိုးရတပ်မှ ကချင်လွတ်လပ်ရေး တပ်မတော် KIA ပေါင်စေး (Pau Se) ရှေ့တန်းစခန်းကို တိုက်ခိုက်ရာတွင် KIA မှ သေဆုံး ဒဏ်ရာရမှုရှိခဲ့ကြောင်း သိရပါသည်။
တိုက်ပွဲမှာ ယမန်နေ့ မနက်ပိုင်း ၁၁ နာရီခန့် တနင်္ဂနွေ ဝတ်ပြုအပြီး အစိုးရမှစစ်ကြောင်း သုံးကြောင်းဖြင့် တိုက်ခိုက်လာခြင်းဖြစ်ပြီး KIA ဘက် ၂ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း KIA ရှေ့တန်းသတင်းများ ပြောပါသည်။
ထို့ကြောင့် ယင်း KIA စခန်းကို ထပ်မံ ဆုတ်ခွာ ပေးလိုက်ရပြီ ဖြစ်ကြောင်း သိရပါသည်။
ယခုအကြောင်းနှင့် ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIA ဒု ဗိုလ်မှုးကြီး နော်ဘူကို မေးမြန်းရာတွင် ထိခိုက်ကျဆုံးမှု စာရင်းကို မသိရသေးကြောင်း ကချင်သတင်းဌာန KNG ကိုပြောခဲ့ပါသည်။
ယခု သိမ်းပိုက်မှုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရတက်ပြီး သုံးပတ်အတွင်း အစိုးရတပ်၏ သုံးခုမြောက် KIA ရှေ့တန်းစခန်းကို သိမ်းပိုက်မှု ဖြစ်ပါသည်။
Kachin News Group - Burmese
သင်္ကြန် ပြီးခြင်း အစိုးရတပ်က KIA ကို ပြန်လည် တိုက်ခိုက်
ကချင်ပြည်နယ် ရှေ့တန်းေ၇ာက်ရှိနေသည့် အစိုးရစစ်သားများ
သင်္ကြန် ပြီးနောက် မြန်မာ အစိုးရတပ်သည် ကချင် လွတ်လပ်ရေး တပ်မတော် KIA ဗဟိုဌာချုပ် လိုင်ဇာ အနီး ရှေ့တန်းစခန်းငယ် တစ်ခုကို ဧပြီ ၁၇၊ ယမန်နေ့ မွန်းလွဲပိုင်းတွင် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။
မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ်ရှိ နမ့်ဆန်ယန် (Nam San Yang) အနောက်ဘက် KIA တပ်ရင်း ၁၈ အောက် ပြည်သူ့စစ် MHH အဖွဲ့များရှိရာ ပေါင်စေး (Pau Se) ရှေ့တန်း စခန်းငယ်သို့ အစိုးရတပ်များ ဝင်ရောက် လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း လိုင်ဇာမှ KIA ဒုဗိုလ်မှုးကြီး နော်ဘူ ကချင်သတင်းဌာကို KNG ကို ပြောပါသည်။
တိုက်ပွဲဖြစ်ပွားချိန်မှာ နာရီပိုင်းခန့်လောက်သာဖြစ်ပြီး ထိခိုက်မှုစာရင်းရှိသော်လည်း အသေးစိတ် မဖော်ပြနိုင်သေးကြောင်း သူက ဆက်ပြောပါသည်။
အစိုးရတပ်သည် မြစ်ကြီးနား-ဗန်းမော် လမ်းမကြီး တလျှောက် နမ့်ဆန်ယန် (Nam San Yang)၊ ဂန်ဒေါင်ယန် (Gang Dau Yang) နှင့် အခြားကျေးရွာများတွင် ကျန်ရှိနေသော ပြည်သူများကို ဧပြီလအတွင်း အကုန်ပြောင်းရွေ့ပေးရန် အမိန့်ထုတ်ထားကြောင်း သိရသည်။
ထို့အပြင် နှစ်ဖက် တိုက်ပွဲ ဖြစ်လာပြီးနောက် မြစ်ကြီးနားမှ လိုင်ဇာ သွားရာတွင် အသုံးပြုသည့် မိုင်ဆက်ပါ (Maisak Pa) လမ်းကြောင်း ကိုလည်း ယခု လဆန်းပိုင်းမှ ပိတ်လိုက်ပြီဖြစ်ကြောင်း သိရပါသည်။
မြန်မာ့နှစ်သစ်ကူး သင်္ကြန်မတိုင်ခင် တပတ်အလို ဧပြီ ၇ နှင့် ၈ တွင် အစိုးရတပ်မှ KIA ဌာနချုပ် လိုင်ဇာအနီး တပ်ရင်း ၁၈ ၏ ဆွတ်ရှန်စခန်း (Sut Shang Post) နှင့် အင်ဘူကောင်စခန်း (Nbu Kawng Post) တို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် ယခုတိုက်ခိုက်မှုသည် နှစ်သစ်ကူးအပြီး အစိုးရတပ်မှ KIA ကို ပထမဆုံး အကြိမ် တိုက်ခိုက်မှုဖြစ်ပါသည်။
Kachin News Group - Burmese
http://burmese.kachinnews.com
တရုတ်တွင် ယွမ်သုံးသန်း လာဘ်စားပါက သေဒဏ် ချမှတ်မည်
18-4-2016
အနာဂတ်တွင် ယွမ်သုံးသန်း (ဒေါ်လာ ၄၆၃၀၀၀) သို့မဟုတ် ယင်းထက်ပိုသော ပမာဏကို လာဘ်စားမှုများတွင် ပါဝင်သူများသည် သေဒဏ်ချမှတ်ခံရမည်ဖြစ်ကြောင်း အာဏာပိုင်များက ဧပြီ ၁၈ ရက်တွင် ဆုံးဖြတ်ခဲ့ရာ အစိုးရ တာဝန်ရှိသူများသည် အကျင့်ပျက် ခြစားမှုများအတွက် ကွပ်မျက်ခံရနိုင်ကြောင်း အချက်ပြလိုက်ခြင်း ဖြစ်သည်။ တရုတ်သမ္မတ ရှီကျင်ပင်း လက်ထက်တွင် ရာထူးမြင့် တာဝန်ရှိသူများ သာမက ရာထူးနိမ့် တာဝန်ရှိသူများကိုပါ ပစ်မှတ်ထား၍ ထင်ရှားသော အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အစီအစဉ်ကို လုပ်ဆောင်ခဲ့သော်လည်း ကွန်မြူနစ်ပါတီ တာဝန်ရှိသူ တစ်ဦးမျှ အကျင့်ပျက် ခြစားမှုအတွက် ယခုချိန်အထိ သေဒဏ်ချမှတ်ခံခဲ့ရခြင်း မရှိသေးပေ။
စုစုပေါင်း ယွမ်သုံးသန်း သို့မဟုတ် ယင်းထက်ပိုသော ပမာဏကို လာဘ်စားမှု သို့မဟုတ် အလွဲသုံးစားပြုမှုသည် အလွန်အမင်း များပြားသော ပမာဏအဖြစ် စဉ်းစားမည် ဖြစ်ကြောင်း တရုတ်ပြည်သူ့ တရားရုံးချုပ်နှင့် တရုတ်အမျိုးသား တရားစီရင်ရေး အဖွဲ့တို့က ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီ ဆင်ဟွာက ဖော်ပြခဲ့သည်။ အကယ်၍ ယင်းအကျင့်ပျက် ခြစားမှုများတွင် ပါဝင်သူများ၏ လုပ်ဆောင်မှုများသည် လူမှုဝန်းကျင် သက်ရောက်မှုကို ဆိုးဆိုးရွားရွား ဖြစ်စေမှုနှင့် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားတို့ကို အလွန်အမင်း ဆိုးဆိုးရွားရွား ထိခိုက်ဆုံးရှုံးစေမှု ဖြစ်စေခဲ့ပါက သေဒဏ် ချမှတ်ခံရမည်ဖြစ်ကြောင်း ယင်းပူးတွဲကြေညာချက်ကို ကိုးကား၍ ဆင်ဟွာက ဖော်ပြခဲ့သည်။
တရုတ်တွင် အာဏာရ ကွန်မြူနစ်ပါတီက ထိန်းချုပ်ထားသော တရားရုံးများတွင် သေဒဏ်အပြစ်ပေးမှုကို စည်းမျဉ်းစည်းကမ်း ပြဋ္ဌာန်းချက်အရ မဖြစ်မနေ ပြုလုပ်ရမည် မဟုတ်ဘဲ ရွေးချယ်စရာ တစ်ခုအဖြစ် ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ရည်ရွယ်ချက်မှာ အကျင့်ပျက် ခြစားမှုကို ဥပဒေအရ ပြင်းပြင်းထန်ထန် အပြစ်ပေးနိုင်ရန်သာဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်ဟု ဆင်ဟွာက ဖော်ပြခဲ့သည်။ တရားစီရင်ရေး တာဝန်ရှိသူများသည် သေဒဏ်များကို ပြတ်ပြတ်သားသား ချမှတ်လိမ့်မည်ဖြစ်ကြောင်း တရားရုံးချုပ် တရားသူကြီး ဖေးရှန်တင်က ပြောကြားခဲ့သည်ဟု ဆင်ဟွာက သီးခြားဖော်ပြခဲ့သည်။
ယခင်က သေဒဏ်ချမှတ်ခံရနိုင်သည့် လာဘ်စားမှု ပမာဏကို ၁၉၉၇ ခုနှစ်တွင် ယွမ် ၁၀၀၀၀၀ ဟု သတ်မှတ်ခဲ့သော်လည်း ယင်းစနစ်ကို ဖျက်သိမ်းခဲ့သည့် ပြီးခဲ့သောနှစ်အထိ ပြင်ဆင်ခဲ့ခြင်း မရှိခဲ့ပေ။ ရှီ၏ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး လုပ်ဆောင်မှုတွင် လုံခြုံရေး အကြီးအကဲဟောင်း ကျိုးယုံကန်း အပါအ၀င် ပါတီ၊ အစိုးရ၊ စစ်ဘက်နှင့် နိုင်ငံပိုင် ကုမ္ပဏီကြီးများထံမှ ထိပ်တန်းတာဝန်ရှိသူ အများအပြား အရေးယူ ခံခဲ့ရသည်။ သို့သော် အပြင်းထန်ဆုံး အပြစ်ပေးမှုမှာ ကျိုးကို ချမှတ်ခဲ့သော သေဒဏ်ဆိုင်းငံ့ နှစ်နှစ်သာ ဖြစ်သည်။
Ref: AFP
EMG
မြန်မာနဲ့ အိန္ဒိယကို တိုက်ဖို့ IS ကြေညာချက် ဘင်္ဂလားဒေ့ရှ်ပယ်ချ
အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံ ပြမြေပုံ
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စစ်မျက်နှာသစ် ဖွင့်လှစ်ပြီး၊ မြန်မာနဲ့ အိန္ဒိယနိုင်ငံတွေကို တိုက်ခိုက်ဖို့ အဖွဲ့ဝင်တွေက အရှိန်မြှင့်ကြိုးပမ်းနေတဲ့အကြောင်း IS အစ္စလာမ်မစ် အစွန်းရောက် အဖွဲ့ရဲ့ ကြေညာချက်ကို ဘင်္ဂလားဒေ့်ရှ်နိုင်ငံက ပယ်ချလိုက် သလို၊ နိုင်ငံထဲမှာ IS စစ်သွေးကြွအဖွဲ့ မရှိဘူးလို့လည်း ပြောလိုက်ပါတယ်။
IS အဖွဲ့ရဲ့ နောက်ဆုံးထုတ် Dabiq မဂ္ဂဇင်းနဲ့ တွေ့ဆုံမေးမြန်းခန်းတခုအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက IS အဖွဲ့ခေါင်းဆောင်လို့ဆိုတဲ့ Shaykh Abu Ibrahim al-Hanif က - ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း တပ်သားသစ်စုဆောင်းမှုမှာ မူဆလင် အများအပြား ပူးပေါင်းလာကြတဲ့အတွက် အရှိန်ကောင်း လာနေတဲ့ အကြောင်း ပြောဆိုခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပထ၀ီဝင် အနေအထားကြောင့် ကာလီဖိတ် လှုပ်ရှားမှုနဲ့ ကမ္ဘာတ၀ှမ်း ဂျီဟတ်ဘာသာရေးစစ် ဆင်နွှဲရာမှာ မဟာဗျူဟာအရ အရေးပါတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ ဂျီဟတ်ဘာသာရေးစစ်ပွဲအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခိုင်အမာ ခြေကုပ် ယူနိုင်မယ်ဆိုရင် အိန္ဒိယနိုင်ငံတွင်းမှာ ပျောက်ကျးစစ် ဆင်နွှဲနိုင်မှာ ဖြစ်သလို၊ မြန်မာနိုင်ငံမှာ ဂျီဟတ်စစ်ပွဲ ဆင်နွှဲနိုင်မယ့် လှေကားထစ် တခု ဖြစ်နိုင်တယ်လို့လည်း ပြောကြားခဲ့တာပါ။
အင်တာနက် လူမှုကွန်ယက်တွေမှာ IS အဖွဲ့ရဲ့ ဘင်္ဂလီဘာသာနဲ့ စည်းရုံးလှုပ်ရှားမှုတွေကို မူဆလင် အများအပြားက စိတ်ဝင်စားလာကြတဲ့အတွက် အခြေစိုက်စခန်းတခု အောင်အောင်မြင်မြင်နဲ့ ထူထောင်နိုင်ခဲ့တာ လို့လည်း ပြောပါတယ်။
ဒါပေမဲ့လည်း ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal ကတော့ IS အဖွဲ့ဟာ မမှန်မကန်ဝါဒဖြန့်ချီမှုတွေ လုပ်နေတာသာ ဖြစ်တဲ့ အကြောင်း ပြောဆိုခဲ့တာပါ။ ပြည်ပကနေ ထုတ်ပြန်ခဲ့တဲ့ IS အဖွဲ့ရဲ့ ကြေညာချက်ကို ကြည့်မယ်ဆိုရင် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းမှာ ခြေကုပ်ယူနိုင်ဖို့ အသဲ အသန်ကြိုးပမ်းနေတယ်ဆိုတာကို ပြသရာ ရောက်တယ်လို့ ပြောကြားခဲ့ပါတယ်။ IS အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ မရှိတာကြောင့် ကြေညာချက်က မမှန်ဘူးလို့လည်း ဒါကာမြို့တော်မှာ သောကြာနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြည်ထဲရေးဝန်ကြီး ကမားလ်က ပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
အာဖဂန် တပ်ဖွဲ့ ဝင်များ ညစစ်ဆင်ရေးဖြင့် တာလီဘန် ခေါင်းဆောင်ကို ဖမ်းဆီးရမိ
အာဖဂန် အထူး တပ်ဖွဲ့ဝင်များ ညစစ်ဆင်ရေး ပြုလုပ်နေပုံအား သရုပ်ပြနေစဉ် ( ဓာတ်ပုံ - အင်တာနက် )
    ကဘူး ၊ ဧပြီ ၁၈ ရက် ( ဆင်ဟွာ )
    အာဖဂန် နစ္စတန် နိုင်ငံတောင်ပိုင်းရှိ ကန်ဒါဟာ ( Kandahar ) ပြည်နယ်၌ ၂ဝ၁၆ ခုနှစ် ၊ ဧပြီလ ၁၇ ရက် ည က ပြုလုပ်ခဲ့သော စစ်ဆင်ရေးတွင် ဒေသတွင်း တာလီဘန် ခေါင်းဆောင် တစ်ဦးကို ဖမ်းဆီး ရမိခဲ့ကြောင်း အာဖဂန် နစ္စတန်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။
“ အာဖဂန် အမျိုးသားတပ်ဖွဲ့ ရဲ့ အထူးတပ်ဖွဲ့ ဝင်တွေဟာ တာလီဘန်ခေါင်းဆောင် ခိုအောင်းနေတဲ့ Khakrez ခရိုင်ကို ညဘက် စစ်ဆင်ရေး လုပ်ခဲ့ပြီး ဝရမ်းပြေး တာလီဘန် ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ Mullah Khakifa နဲ့ သူ့ နောက်လိုက် တစ်ဦးကို လက်ရ ဖမ်းဆီးနိုင်ခဲ့တယ် ” ဟု ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာဖဂန် နစ္စတန်နိုင်ငံ မြို့ တော် ကဘူးလ်မြို့၏ တောင်ဖက် ကီလိုမီတာ ၄၅ဝ အကွာတွင် တည်ရှိသည့် ကန်ဒါဟာ ပြည်နယ် မြို့တော်တွင် ဝရမ်းပြေးမှုဖြင့် အလိုရှိနေသည့် တာလီဘန် ခေါင်းဆောင်ကို လုံခြုံရေး တပ်ဖွဲ့ ဝင်များက လက်ရ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပြည်နယ်သည် တာလီဘန် တပ်ဖွဲ့ ဝင်များ ခိုင်ခိုင်မာမာ ခြေကုတ်ယူထားသော ပြည်နယ် တစ်ခုဖြစ်သလို ဘိန်းစိုက်ပျိုးမှုကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားနေသော ပြည်နယ် တစ်ခုလည်း ဖြစ်သည်။
တာလီဘန် စစ်သွေးကြွများက“ Omari စစ်ဆင်ရေး” ဟု အမည်ပေးထားသော နိုင်ငံ အနှံ့ တိုက်ခိုက်မှုများ  စတင်မည့် ၂ဝ၁၆ ခုနှစ် ဧပြီ ၁၂ ရက်ကတည်းက အာဖဂန် လုံခြုံရေး တပ်ဖွဲ့ ဝင်များသည် နိုင်ငံအတွင်း လုံခြုံရေး တိုးမြှင့်ထားသည်။ Mullah Khakifa အဖမ်းခံရသည့် သတင်းနှင့် ပတ်သက်ပြီး စစ်သွေးကြွများ ဖက်က မှတ်ချက်ပြု ပြောဆိုခြင်း မရှိပါ။
( Xinhua )
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသည့် နှစ်သစ်ကူးမိန့်ခွန်း
၁၈-၄-၂ဝ၁၆
ဒီနှစ်သစ်ကူးအခါသမယမှာ ကျွန်မတို့ ပြည်သူပြည်သားများအားလုံး၊ ကမ္ဘာသူ ကမ္ဘာသားများအားလုံးကျန်းမာချမ်းသာကြပါစေ။ ဘေးဘယာဝေးကွာကြပါစေ။ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။
ကျွန်မတို့ဒီလိုမင်္ဂလာရှိတဲ့အချိန်အခါမှာ ပြည်သူလူထုကို နှုတ်ခွန်းဆက်ခွင့် ရတဲ့အတွက်လည်း အင်မတန်မှ ဝမ်းသာပါတယ်။ ကျွန်မတို့အခု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်ကနေပြီးတော့ နှစ်သစ်ကူးအချိန်ကာလမှာ တာဝန်ယူရတာလည်း အတိတ်နိမိတ်ကောင်းတယ်လို့ ကျွန်မယူဆပါတယ်။ အသစ်ကိုပြောင်းတဲ့အချိန်မှာ ကောင်းမွန်တဲ့သစ်ဆန်းမှုတွေကို ကျွန်မတို့ တည်ဆောက်တဲ့အချိန်ကာလမို့လို့ အတိတ်နိမိတ်ကောင်းတယ်လို့ ဆိုလိုတာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဆိုတဲ့ အသုံးအနှုန်းကိုလည်း ကျွန်မ အဓိပ္ပာယ်နည်းနည်းလေးရှင်းပြချင်ပါတယ်။ ဒီဟာဟာ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ပါတီကနေပြီးတော့ စိုးမိုးတယ်၊ အာဏာယူတယ်၊ အုပ်ချုပ် ပိုင်ခွင့်ကိုရ ယူတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ ပြောတာမဟုတ်ပါဘူး။
ကျွန်မပြောချင် တဲ့ အဓိပ္ပာယ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ရွေးကောက်ပွဲ မတိုင်မီက ပြည်သူလူထုကိုတင်ပြခဲ့တဲ့ မူဝါဒတွေအပေါ်မှာ အခြေခံပြီးတော့ ဆောက်တည်မယ့် အုပ်ချုပ်မှု စနစ်မျိုးဖြစ်တယ်လို့ ကျွန်မ ပြောချင်တာပါ။ တာဝန်ယူမယ် ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပြောချင်တာပါ။ ဒီတော့ တာဝန်ယူမယ်ဆိုတဲ့အခါမှာ ကျွန်မတို့အဖွဲ့ချုပ်ကသတ်မှတ်ထားတဲ့မူတွေ အရ၊ အခြေခံမူတွေအရ တာဝန်ယူမှာပါ။
ဒီအခြေခံမူများဟာ အားလုံးသိတဲ့အတိုင်းပဲ အမျိုးသားရင်ကြားစေ့ရေး၊ ပြည် တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင် ပြောင်း လဲရေး၊ ဒီမိုကရေစီစနစ်ရှင်သန်ပြီးတော့ အမြစ်တွယ်အောင်လို့ လုပ်ရေး တို့ဖြစ်ပါတယ်။
အရေးကြီးဆုံးကတော့ အမျိုးသားရင်ကြားစေ့ရေးပါပဲ။ နိုင်ငံတစ်နိုင်ငံဟာ တိုးတက်ဖို့၊ ချမ်းသာဖို့ဆိုလို့ရှိလို့ရှိရင် ညီညွတ်မှုဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့ ဒါကြောင့်မို့လို့ ဒီအစိုးရဟာ အမျိုးသား ရင်ကြား စေ့ရေးကိုဦးတည်တဲ့ အစိုးရလို့ပြောတဲ့အခါမှာ ကျွန်မတို့ ပါတီကို ထောက်ခံမဲ ပေးခဲ့တဲ့ ပြည်သူလူထုအတွက်တင်မဟုတ်ဘူး။ ကျွန်မတို့ကို မဲမပေး၊ မထောက်ခံတဲ့ ပြည်သူတွေအတွက်လည်း ဒီအစိုးရဟာ တာဝန်ယူမှာပါလို့ ကျွန်မက ရှင်းရှင်းလင်းလင်းပြောချင်ပါတယ်။
ကျောသား ရင်သား ခွဲခြားမှာမဟုတ်ပါဘူး။
ဒီမိုကရေစီအရ ပြည်သူလူထုက ရွေးချယ်လို့တက်လာတဲ့အစိုးရဆိုတာဟာ လူတိုင်းအတွက် နိုင်ငံသူ နိုင်ငံသားများ အားလုံးအတွက် တာဝန်ယူရမှာပါ။ အားလုံးကိုမျှမျှတတ မေတ္တာ၊ စေတနာနဲ့ ဆက်ဆံရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ အမျိုးသားရင်ကြားစေ့ရေးကို အင်မတန်မှ အလေးထားပါတယ်။ ဒီလို အလေးထားပြီးလုပ်ဆောင်တဲ့နေရာမှာ ပြည်သူပြည်သားများ အားလုံးကလည်း ပါဝင်ပြီးတော့ ကျွန်မတို့ကိုပံ့ပိုးမယ်လို့ ကျွန်မတို့မျှော် လင့်ပါတယ်။
ကျွန်မတို့နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးရှိစေချင် တယ်ဆို တာဟာ နိုင်ငံ သူ နိုင်ငံ သားများအားလုံးဟာ တရားဥပဒေရဲ့ ကာကွယ် မှုအောက်မှာ လုံလုံခြုံခြုံနေနိုင်ခြင်းကို ကျွန်မတို့ဦးတည်တာကို ပြောတာပါ။ တရားဥပဒေ ဆိုတာဟာ တရားမျှတ ရမယ်။ ကောင်းမွန်တဲ့ သက်ရောက်မှုရှိနိုင် တဲ့ဥပဒေ တွေရှိရမှာဖြစ်ပါတယ်။
ကျွန်မတို့ တရားစီရင်ရေးမဏ္ဍိုင်ကြီးဟာ တည့်မတ်ဖို့၊ ထိရောက်ဖို့အင်မတန်မှ အရေးကြီးပါတယ်။ တရားစီရင်ရေးနဲ့ပတ်သက်လို့ဆိုလို့ရှိရင် တရားမျှတမှုရှိ ရမယ်။ နိုင်ငံတကာကလက်ခံထားတဲ့စံနှုန်းတွေနဲ့ ကိုက်ညီရမယ်။ တရားမျှတမှုဆိုတာဟာ မျှတတဲ့တရားစီရင်ခြင်းဆိုတာဟာ အဆိုရှိပါတယ်။ လုပ်ရုံတင်နဲ့မပြီးဘူး။ လုပ်ပါတယ်ဆိုတာထင်ရှားရမယ်။ တရားမျှတ ရုံနဲ့မလုံလောက်ဘူး။ တရားမျှတခြင်းရှိပါတယ်ဆိုတာ ထင်သာမြင် သာ ဖြစ်ရပါလိမ့်မယ်။ အဲဒါကတော့ အခြေခံတစ်ခုပါပဲ။
နောက်တစ်ခုက တရားဥပဒေစိုးမိုးရေးအတွက် အင်မတန်အရေးကြီးတဲ့ မူတစ်ခုကတော့ မည်သူမဆို အပြစ်ရှိတယ်ဆိုတာကို ခိုင်လုံတဲ့သက်သေ သာဓက မရှိလို့ရှိရင် အပြစ်မဲ့လို့ သတ်မှတ်ရပါလိမ့်မယ်။ ဒါဟာ ……… တရားဥပဒေရဲ့ အခြေခံလိုအပ်တဲ့မူတစ်ခုရှိပါတယ်။ အပြစ်ရှိတဲ့လူများပင်လျှင် တရားဥပဒေအရ စီရင်တဲ့အခါမှာ တရားဥပဒေထိရောက်မှုကို အကြင်နာ၊ ကရုဏာနဲ့ပျော့ပျောင်းအောင် လုပ်ရမယ်ဆိုတဲ့အဆိုလည်းရှိပါတယ်။
ဒီလိုအကြင်နာ၊ ကရုဏာနဲ့
တရားဥပဒေရဲ့ထိရောက်မှုကို ပျော့ပျောင်း အောင်လုပ်တဲ့ခြေလှမ်းတစ်ခုအနေနဲ့လည်း ကျွန်မတို့ သမ္မတကြီး ကနေပြီးတော့ ဒီနှစ်သစ်ကူးအခါသမယမှာ လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စတွေကို လက်မှတ်ထိုးပြီးတော့ သဘောတူခဲ့တာဖြစ်ပါတယ်။ ကျွန်မတို့တရားဥပဒေစိုးမိုးရေး ဆိုတာဟာ ပြည်သူတွေကို ကာကွယ်ဖို့၊ ပြည်သူတွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးဖို့ ဖြစ်ပါတယ်။
ပြည်သူတွေကိုချုပ်ချယ်ဖို့မဟုတ်ပါဘူး။ ဖိနှိပ်ဖို့မဟုတ်ပါဘူး။ တချို့ တွေက ဥပဒေဆိုရင် ကြောက်ကြပါတယ်။ ဥပဒေဆိုတာ ပြည်သူကို ဖိနှိပ်ဖို့လို့ထင်ကြပါတယ်။ ဒီလိုမဟုတ်ပါဘူးဆိုတာ ကျွန်မအနေနဲ့ရှင်းလင်း ပြီးတော့ ပြောချင်ပါတယ်။ တရားဥပဒေစိုးမိုးရေးဆိုတာ ကျွန်မတို့ပြည်တွင်း ငြိမ်းချမ်းရေးအတွက်လည်း အင်မတန်မှ အရေးကြီးပါတယ်။ တရားဥပဒေ စိုးမိုးရေးမရှိဘဲနဲ့ ကျွန်မတို့ငြိမ်းချမ်းရေးကို ဆောက်တည်လို့မရပါဘူး။ ငြိမ်းချမ်းရေးအကြောင်းပြောနေတဲ့ တစ်ချိန်တည်းမှာ ကျွန်မပြောချင်တာဟာ ကျွန်မတို့ဟာ အရင်အစိုးရရဲ့လုပ်ရပ်တွေအားလုံးကို ပစ်ပယ်တဲ့စိတ်ဓာတ် မရှိပါဘူး။
အကောင်းတွေလုပ်ခဲ့တာကို ကျွန်မတို့ အသိအမှတ်ပြုပါတယ်။ ဒီဟာတွေပေါ် မှာ ဆက်ပြီးတော့ ဆောက်တည်သွားပါမယ်။ ဒါကြောင့်မို့လို့ ပြည် တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အပစ်အခတ်ရပ်စဲရေးစတင်ပြီးတော့ လုပ်ခဲ့တဲ့အတွက် ကျွန်မတို့ဒါကို အများကြီးတန်ဖိုးထားပါတယ်။ ဒီအပစ် အခတ်ရပ်စဲရေးဟာ ပြီးမြောက်အောင်လို့ အားလုံးပါဝင်သင့်တဲ့အဖွဲ့အစည်း များပါဝင်အောင်လို့ ကျွန်မတို့ဆက်ပြီးတော့ ကြိုးစားပါမယ်။
ငြိမ်းချမ်းရေးညီလာခံများကနေတစ်ဆင့် ကျွန်မတို့နိုင်ငံသူနိုင်ငံသားများအားလုံး လိုလားတောင့်တနေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ခု ထူထောင်ဖို့အတွက် ကျွန်မတို့ဆက်ပြီးတော့ လုပ်သွားမှာ ဖြစ်ပါ တယ်။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ခုနကပြောတဲ့ ကျွန်မတို့ရဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးနဲ့ဟာ အင်မတန် မှ လေးလေးနက်နက်ကို ဆက်နွှယ်မှုရှိပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကိုလည်း လိုအပ်ပါတယ်။
ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ တကယ့်စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တစ်ခုကို ပေါက်ဖွားစေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုဖြစ်ဖို့လိုပါတယ်။ ဒီလိုဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့လုပ်တဲ့နေရာမှာ ကျွန်မတို့ဟာ ပြည်သူ လူထုကိုမထိခိုက်တဲ့နည်းတွေပဲ ကျွန်မတို့သုံးမှာပါ။ ကျွန်မတို့ရဲ့ နိုင်ငံရဲ့ အေး ချမ်းမှုကို ထိခိုက်တဲ့နည်းတွေနဲ့ ကျွန်မတို့ လုပ်ဆောင်သွားမှာမဟုတ်ပါဘူး။
ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမြဲပဲကိုင်စွဲခဲ့တဲ့မူပါ။ ပြည်သူ မနာစေရပါဘူး။ လုပ်စရာရှိရင် ကျွန်မတို့ ရှေ့ကနေခံစရာရှိရင်ခံပါမယ်။ အနောက်ကနေ ကာစရာရှိရင် ကာပါမယ်။ ပြည်သူလူထုကို မထိခိုက်တဲ့ နည်းတွေသာ သုံးစွဲပြီးတော့ ကျွန်မတို့ရဲ့နိုင်ငံကိုမှန်ကန်တဲ့လမ်းပေါ်ကိုပို့ဖို့ ဆိုတာဟာ ကျွန်မတို့အခု အစိုးရသစ်ရဲ့ အင်မတန်မှခိုင်မာတဲ့ အခြေခံမူ တစ်ခုဖြစ်ပါတယ်လို့ ပြောပါရစေ။
ကျွန်မတို့အခု နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ စဉ်းစားတဲ့အခါမှာ အရေးကြီးဆုံးအချက်တစ်ခုကဘာလဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အခြေခံမူနံပါတ်(၄)မှာပါတဲ့အချက်ပါ။ အဲဒါ ကတော့ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာဟာ နိုင်ငံသားများဆီက ဆင်းသက်တယ်။ နိုင်ငံတစ်ဝန်းလုံးမှာတည်ရှိတယ်။ ဒါဟာ ဒီမိုကရေစီရဲ့အခြေခံမူပါပဲ။
ဒါကိုကျွန်မတို့လုံးဝလက်ခံတယ်။ ဒါကိုလည်း လုံးဝကျင့်သုံးသွားပါ မယ်။ နိုင်ငံသူနိုင်ငံသားတွေဟာ အဓိကပါပဲ။ နိုင်ငံသူနိုင်ငံသားများဟာ ပထမ၊ နိုင်ငံသူနိုင်ငံသားများဟာ ဒုတိယ၊ နိုင်ငံသူနိုင်ငံသားများဟာ အဆုံးအထိပဲ။ နိုင်ငံသူနိုင်ငံသားများအတွက် နိုင်ငံကဖြစ်ရမယ်။ နိုင်ငံဆိုတာဟာ နိုင်ငံသူ နိုင်ငံသားများ မရှိလို့ရှိရင် အဓိပ္ပာယ်မရှိပါဘူး။ နိုင်ငံသူနိုင်ငံ သားများအတွက် အစိုးရဟာဖြစ်ရပါလိမ့်မယ်။ ဒီမူကို ကျွန်မတို့ဘယ်တော့မှ လက်လွှတ်မှာ မဟုတ်ပါဘူးဆိုတာ ကျွန်မတို့ရဲ့ပြည်သူလူထုကို ကတိပေးချင်ပါတယ်။
ကျွန်မတို့နိုင်ငံဟာ သဘာဝသယံဇာတပစ္စည်းပေါများတဲ့ နိုင်ငံဖြစ်တယ် ဆိုပြီးတော့ တစ်ကမ္ဘာလုံးကနေပြီးတော့ ပြောကြပါတယ်။ ဒါပေမယ့် ပွင့်ပွင့် လင်းလင်းပြောရရင် ကျွန်မဒါကို သိပ်အလေးမထားပါဘူး။ တကယ့်အရေးကြီး တာ ကျွန်မတို့ရဲ့နိုင်ငံသူနိုင်ငံသားများရဲ့ စွမ်းအားပါပဲ။ သယံဇာတပစ္စည်းတွေ မဟုတ်ပါဘူး။ သဘာဝသယံဇာတပစ္စည်းတွေဆိုတာ တစ်နေ့တစ်ချိန်တစ်ခါမှာ ကုန်ခန်းသွားနိုင်ပါတယ်။
နောက်ပြီးတော့ ဒီကမ္ဘာကြီးမှာ လှည့်ကြည့်လိုက်လို့ရှိရင် အင်မတန် သေး ငယ်ပြီးတော့ သဘာဝသယံဇာတ ပစ္စည်းမရှိတဲ့ နိုင်ငံများ ပင်လျှင် အင်မတန်မှ သြဇာလွှမ်းမိုးနေတယ်။ စီးပွားရေးအရတိုးတက်မှုရှိနေတယ်ဆိုတာလည်း သတိပြုမိကြမှာပါ။ ဒါကြောင့် ကျွန်မဟာ ကျွန်မတို့ရဲ့ ပြည်သူ ပြည်သားတွေကို အားကိုးပါတယ်။ ကျွန်မတို့အစိုးရသစ်ရဲ့ ရည်ရွယ်ချက်တစ်ခု ဟာ ပြည် သူပြည်သူများရဲ့စွမ်းအင်တွေ၊ အရည်အချင်းတွေကို မြှင့်တင်ပေး ဖို့ပါပဲ။
ပြည်သူပြည်သားများဟာ နိုင်ငံပေါ်မှာသစ္စာရှိပြီးတော့ နိုင်ငံရဲ့တာဝန်ကိုကျေကျေပွန်ပွန်ထမ်းဆောင်နိုင်တဲ့ နိုင်ငံသူနိုင်ငံသားများဖြစ်လာဖို့ ကျွန်မတို့ ကြိုးစား ပါမယ်။ ကျွန်မတို့နိုင်ငံဟာ စိန်ခေါ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်ရမှာပါ။ ဒီနိုင်ငံ ထဲမှာ ပြုပြင်ပြောင်းလဲစရာတွေ အများကြီးရှိပါတယ်။ ဒီအချိန်မှာ ဘာတွေ ပြုပြင်ပြောင်းလဲဖို့လိုလဲဆိုတာ ကျွန်မတစ်ခုချင်း မပြောသွားချင်ပါဘူး။ များလွန်း လို့ ပြောလို့ဆုံးမှာမဟုတ်ပါဘူး။ ဒါပေမယ့် ပိုပြီးအရေးကြီး တဲ့ကိစ္စတွေက ဘာတွေလဲဆိုတာလည်း ကျွန်မတို့ပြည်သူပြည်သားတွေ သိတယ်လို့ ကျွန်မယုံကြည်ပါတယ်။
ကျွန်မတို့ပြည်သူပြည်သားတွေရဲ့ဆင်ခြင်တုံတရားကိုယုံကြည်လို့ ကျွန်မဒီမိုကရေစီအတွက် ရုန်းကန်ခဲ့တာပါ။ ကျွန်မတို့ပြည်သူပြည်သားတွေကို မယုံကြည်လို့ရှိရင် ဒီမိုကရေစီကိုလည်း ယုံကြည်စရာအကြောင်းမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီဆိုတာ ပြည်သူတွေရဲ့ အုပ်ချုပ်ရေး စနစ်ပါပဲ။ ပြည်သူတွေကို တန်ဖိုးမထားရင်၊ ပြည်သူတွေကိုမ ယုံကြည်လို့ရှိရင် ဒီမိုကရေစီကို ထူထောင်ဖို့ဆိုတာဟာ အိပ်မက်မက်စရာတောင်မှမဟုတ်ပါဘူး။
ကျွန်မတို့ ပြည်သူတွေကိုယုံကြည်သလောက် ပြည်သူတွေကလည်း ပြန်ပြီးတော့ တုံ့ပြန်ပြီးတော့ ကျွန်မတို့ကိုယုံယုံကြည်ကြည်နဲ့ ဝန်းရံပြီးတော့ ကူညီကြပါလို့ ကျွန်မအနေနဲ့လည်း မေတ္တာရပ်ခံချင်ပါတယ်။ အစိုးရအဖွဲ့ တစ်ခုဆိုတာ နိုင်ငံကိုအောင်မြင်အောင်လို့၊ နိုင်ငံကို ဖွံ့ဖြိုးအောင်လို့၊ တိုးတက်အောင် လို့မလုပ်နိုင်ပါဘူး။ ပြည်သူတွေပါလာမှ ဒီလုပ်ငန်းတွေ ဟာအောင်မြင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ ပြည်သူပြည် သားများဟာ တာဝန်သိစိတ်နဲ့ အားလုံးလက်တွဲပြီးတော့ ဆောင်ရွက်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ချပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။
အခုချိန်မှာ ကမ္ဘာကြီးက အလျင်အမြန်တိုးတက်နေပါတယ်။ ကျွန်မတို့က ဒီတိုးတက်နေတဲ့ကမ္ဘာကြီးနဲ့ မီအောင်လိုက်ဖို့ဆိုတာဟာ တခြားလူတွေထက် ပိုပြီးတော့ ကြိုးစားရမယ့်အခြေအနေရှိပါတယ်။
အခုလည်း ကျွန်မ တို့ အဲဒီတုန်းက အခြေအနေနဲ့တော့သိပ်ပြီးတော့ မကွာဘူးလို့ပဲ ကျွန်မမြင်ပါတယ်။ ကျွန်မတို့ဟာ တခြားနိုင်ငံတွေ လမ်းလျှောက် နေတဲ့အချိန်မှာ ပြေးပြီးတော့၊ အပင်ပန်းခံပြီးတော့ လုပ်မှသာလျှင် တခြား နိုင်ငံတွေနဲ့ကို ကျွန်မတို့ မီမှာဖြစ်ပါတယ်။ အဲဒီတော့ တခြားနိုင်ငံတွေကို မီအောင်လို့လုပ်တဲ့နေရာမှာ မှန်ကန်တဲ့နည်းတွေပဲ ကျွန်မတို့သုံးချင်ပါတယ်။
အခုလည်း ကျွန်မ တို့ အဲဒီတုန်းက အခြေအနေနဲ့တော့သိပ်ပြီးတော့ မကွာဘူးလို့ပဲ ကျွန်မမြင်ပါတယ်။ ကျွန်မတို့ဟာ တခြားနိုင်ငံတွေ လမ်းလျှောက် နေတဲ့အချိန်မှာ ပြေးပြီးတော့၊ အပင်ပန်းခံပြီးတော့ လုပ်မှသာလျှင် တခြား နိုင်ငံတွေနဲ့ကို ကျွန်မတို့ မီမှာဖြစ်ပါတယ်။ အဲဒီတော့ တခြားနိုင်ငံတွေကို မီအောင်လို့လုပ်တဲ့နေရာမှာ မှန်ကန်တဲ့နည်းတွေပဲ ကျွန်မတို့သုံးချင်ပါတယ်။
ကျွန်မတို့နိုင်ငံကို ကမ္ဘာ့အလယ်မှာ တင့်တယ်စေချင်တယ်ဆိုတာ ကျွန်မက ရုပ်ပိုင်းဆိုင်ရာအရ ချမ်းသာမှုကိုတင် ပြောတာမဟုတ်ပါဘူး။ ကျွန်မတို့ရဲ့နိုင်ငံသူ နိုင်ငံသားများရဲ့အရည်အချင်းကို ကမ္ဘာ ကနေပြီးတော့ လေးစားရအောင်လို့၊ ကမ္ဘာကနေပြီးတော့ တန်ဖိုး ထားအောင်လို့ လုပ်ချင်တဲ့ စိတ်ဓာတ်အရပြောတာဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံ ကမ္ဘာ့အလယ်မှာ တင့်တယ်တယ်ဆိုရင် ကျွန်မတို့ နိုင်ငံသူနိုင်ငံသားတွေ ဘယ်နိုင်ငံသွားသွား မြန်မာနိုင်ငံကလာတဲ့ နိုင်ငံသူနိုင်ငံသားတွေဟေ့ဆိုပြီးတော့ ခေါင်းမော့ပြီးတော့ ဂုဏ်ယူနိုင်တဲ့အဆင့်ကို ဖြစ်စေချင်ပါတယ်။
အဲဒါအတွက်ဆိုရင် အားလုံးကကြိုးစားရမှာပါ။
ကျွန်မတို့ ပြည်သူ ပြည်သားတွေရဲ့ ထောက်ခံမှုကို တောင်းခံတဲ့အခါမှာ ကတိကဝတ်တွေကို လွယ်လွယ်နဲ့ မပေးခဲ့ပါဘူး။ လွယ်လွယ်နဲ့ ကျွန်မတို့နိုင်ငံဟာ တိုးတက်မယ်၊ ချမ်းသာမယ်လို့ ကျွန်မတို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။
ဒီလိုမပြောခဲ့တဲ့အကြောင်းဟာ ကျွန်မတို့ကိုယ်ကျွန်မတို့ မယုံကြည်လို့လည်း မဟုတ်ဘူး။ ပြည်သူပြည်သားတွေကို မယုံကြည်လို့လည်းမဟုတ်ဘူး။ တာဝန်ရဲ့လေးနက်မှုကို ကျွန်မတို့သဘောပေါက်လို့ဖြစ်ပါတယ်။ တာဝန်ဆိုတာဟာ အင်မတန်မှ လေးနက်ပါတယ်၊ အင်မတန်မှကြီးမား ပါတယ်။ နိုင်ငံ တစ်နိုင်ငံရဲ့ တာဝန်ဆိုတာ အထူးလေးနက်တယ်၊ အထူးကြီးမားပါတယ်။
ဒါကြောင့်မို့လို့ ဒီတာဝန်တွေထမ်းဆောင်တဲ့နေရာမှာဆိုလို့ရှိရင် လုပ်စရာတွေကများလွန်းလို့ လွယ်လွယ်နဲ့ ဒါလုပ်ပေးမယ်၊ ဒါလေးတော့ ဖြစ်စေမယ်ဆိုပြီးတော့ ပေါ့ပေါ့နဲ့ကျွန်မတို့မပြောချင်ပါဘူး။
အလေးအနက်ထားပြီးတာ့ ပြည်သူလူထုရဲ့ ပါဝင်ပတ်သက်မှုနဲ့ ကျွန်မတို့ အောင်မြင်စေရမယ်လို့တော့ ကျွန်မပြောရဲပါတယ်။ ပြည်သူ ပါလို့ရှိရင် ပြည်သူတကယ်ပဲထောက်ခံတယ်၊ ပြည်သူက ယုံကြည်မှုတ ကယ်ရှိတယ်ဆိုလို့ရှိရင် ကျွန်မတို့ မအောင်မြင်နိုင်တဲ့ကိစ္စ ဘာမှမရှိပါဘူး လို့ပြောပါရစေ။ ကမ္ဘာကြီးနဲ့ယှဉ်ပြီးတော့ ကျွန်မတို့က ကြိုးစားရမယ့်နိုင်ငံ တစ်ခုဖြစ်တော့ ကျွန်မတို့ရဲ့ နိုင်ငံခြားရေးဝါဒနဲ့ ပတ်သက်လို့ လည်း ပြည်သူတွေက သိချင်မှာဖြစ်ပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရစဉ်ကာလကတည်းက တစ်ကမ္ဘာလုံးနဲ့ သင့်မြတ်အောင်လို့နေခဲ့ပါတယ်။
အဲဒီဟာက ကျွန်မတို့နိုင်ငံအတွက် အင်မတန်မှဂုဏ်ယူစရာ ကိစ္စတစ်ခု ဖြစ်ခဲ့ ပါတယ်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလမှာ လွတ်လပ်ရေးရ စဉ်အခါကတည်းက ကျွန်မတို့နိုင်ငံဟာ ကမ္ဘာ့အလယ်မှာ နိုင်ငံလေးလည်းဖြစ်ခဲ့တယ်။ စစ်အတွင်း မှာ အင်မတန်မှ ထိခိုက်နစ်နာခံခဲ့ရတဲ့ နိုင်ငံလေးလည်းဖြစ်ခဲ့တယ်။ သို့သော် ငြားလည်း ကျွန်မတို့ကို ကမ္ဘာကဝိုင်းပြီးတော့ လေးစားခဲ့တယ်။ ဘာဖြစ်လို့လဲ။ ကျွန်မတို့ဒုက္ခတွေအများကြီးကြားထဲက ကျွန်မတို့ပြည် သူလူထုရဲ့ အရည် အချင်းဟာ ထွန်းတောက်ခဲ့တယ်။
ဒီလိုထွန်းတောက်နိုင်တဲ့ အခြေအနေကိုပြန်ရောက်အောင်လို့ ကျွန်မတို့ အားလုံးဝိုင်းကြိုးစားဖို့ လိုပါတယ်။ ကျွန်မတို့ ဘယ်လိုမူဝါဒတွေ အခြေခံ ဘယ်လို သဘောတရားတွေနဲ့ ဆက်ပြီးတော့ ရှေ့ခရီးကိုသွားမလဲဆိုတာ စဉ်းစားရပါလိမ့်မယ်။ ကျွန်မတို့လျှောက်ရမယ့်ခရီးဟာ ခရီးလမ်းလည်း ရှည်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ဆိုတာ ကမ္ဘာတည်သရွေ့ပါပဲ။ ခရီးကလည်း လွယ်မှာမဟုတ်ပါဘူး။ ကျွန်မတို့ များစွာသောစိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာပါ။
အဲဒီတော့ ဒီစိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်မလဲ။ ကျွန်မတို့ရဲ့ အစိုးရသစ်ဟာ အုပ်ချုပ်ရေးနဲ့ပတ်သက်လို့ အင်မတန်မှ အတွေ့အကြုံ နည်းတယ်ဆိုပြီးတော့ တချို့ကနေပြီးတော့စိုးရိမ်နေကြပါတယ်။ အတွေ့အကြုံနည်း တာ မှန်ပါတယ်။ ဒါပေမယ့်လည်း ကျွန်မတို့ဟာ အတွေ့အကြုံရှိတဲ့ပုဂ္ဂိုလ်တွေနဲ့အတူ လက်တွဲပြီးတော့လုပ်ဖို့ဟာဝန်မလေးပါဘူး။ အရင်တုန်းက လုပ်ခဲ့တဲ့ သူတွေမို့လို့ ပစ်ပယ်တယ်ဆိုတာလည်း ကျွန်မတို့မရှိပါဘူး။ ကျွန်မတို့ ဟာ နိုင်ငံကိုအကျိုးပြုနိုင်မယ့် ပုဂ္ဂိုလ်တွေ မည်သူ့ကိုမဆို လက်တွဲပြီးတော့ ကျွန်မတို့နဲ့ပါဝင်ပြီးတော့ လုပ်စေချင်ပါတယ်။ ၁၉၄၇ ခုနှစ် ရွေးကောက် ပွဲများပေါ့နော်။ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ဦးတည်တဲ့ရွေးကောက်ပွဲများ ကျင်းပပြီးတဲ့အခါတော့ ဖေဖေပြောခဲ့တဲ့ အင်မတန်မှ တိုတောင်းပြီးတော့ ရှင်းလင်းတဲ့ စကားလေးတစ်ခုရှိပါတယ်။
ဒီနိုင်ငံကို မေတ္တာ၊ သစ္စာနဲ့ အုပ်ချုပ်ပါ့မယ်။ အဲဒီတော့ နိုင်ငံကို မေတ္တာ၊ သစ္စာနဲ့ အုပ်ချုပ်ပါ့မယ်ဆိုတဲ့ အဓိပ္ပာယ်က နိုင်ငံသူ နိုင်ငံသားတွေ အပေါ် မေတ္တာ ထားပါမယ်။ နိုင်ငံအပေါ်မှာ သစ္စာစောင့်ပါမယ်။ ဒီဟာက အင်မတန် မှ တိုတိုတောင်းတောင်းနဲ့ ဘယ်အစိုးရမဆို၊ ပြည်သူလူထုကို လေးစားတဲ့ ဘယ်အစိုးရမဆိုပေးသင့်၊ တည်သင့်တဲ့ ကတိဖြစ်ပါတယ်။ ကျွန်မတို့လည်း ဒီအတိုင်းပဲ ဆက်ပြီးတော့လုပ်သွားချင်ပါတယ်။ ပြည်သူပြည်သားတွေ အပေါ်မှာ မေတ္တာထားပါ့မယ်၊ နိုင်ငံအပေါ်မှာ သစ္စာစောင့်ပါ့မယ်။ အဲဒီဟာ နှစ်ခုပဲ လုပ်နိုင်ပြီဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံ ဟာ အောင်မြင်ဖို့သေချာပါတယ်။
ဒီတော့ ကျွန်မအနေနဲ့ နိဂုံးချုပ်စကားလေးပြောရမယ်ဆိုလို့ရှိရင် ကျွန်မတို့ အခုဒီအချိန်အခါကနေစပြီးတော့ ကျွန်မတို့ရဲ့နိုင်ငံရဲ့ အနာဂတ် တစ်လျှောက် အောင်မြင်ဖို့အတွက် ကျွန်မတို့ပြည်သူပြည် သားအား လုံးဟာ မေတ္တာခြုံလို့ လုံနိုင်ပါစေ၊ သစ္စာဆောင်လို့ အောင်နိုင်ပါစေလို့ ကျွန်မအနေနဲ့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ထားဝယ်တွင် သင်္ကြန်အကြတ်နေ့ အုပ်စုဖွဲ့ ဓားထိုးမှုဖြစ်
Dawei Watch| ထားဝယ်၊ ဧပြီ ၁၈
ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်တွင် ဧပြီလ ၁၄ ရက် သင်္ကြန်အကြတ်နေ့ နေ့လယ် ၁၂ နာရီခန့်က ဆိုင်ကယ်စီးလာသော အမည်မသိ လူငယ်၂၀ ဦးခန့်က အမျိုးသားနှစ်ဦးကို တုတ်ဖြင့်ရိုက်၊ ခဲဖြင့်ပေါက်ကာ ဓားဖြင့်ထိုးခဲ့ကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။
ထားဝယ်မြို့ ဆန်းချီရပ်ကွက် ကမြောကင်းလမ်းရှိ နေအိမ်တွင် အသက် ၄၀နှစ် အရွယ်ရှိ အမျိုးသားနှင့် ခြံစည်းရိုးတစ်ဝင်းတည်းနေ အသက် ၂၁ အရွယ်ရှိ အမျိုးသားတို့ သင်္ကြန်လည်ရန် ကိစ္စ ပြောဆိုနေစဉ် အမည်မသိ လူငယ်၂၀ ဦးခန့် ဆိုင်ကယ်များဖြင့်ရောက်ရှိလာပြီး ၂၁နှစ် အရွယ် လူငယ်အား တုတ်ဖြင့်ဝင်ရိုက်နေစဉ် အသက် ၄၀ အရွယ်ရှိ အမျိုးသားက ၀င်ရောက်ဖျန်ဖြေကြောင်း၊  ထိုစဉ် ထိုဖျန်ဖြေသောသူကို အဆိုပါလူငယ်များမှ အုတ်ခဲဖြင့် ပစ်ပေါက်ကာ ဓာဖြင့်ထိုးသဖြင့် နဖူးပေါက်ပြဲဒဏ်ရာနှင့် ၀မ်းဗိုက်ဝဲဖက်တွင်  တစ်လက်မခန့် ထိုးသွင်းဒဏ်ရာတစ်ချက် (မစိုးရိမ်ရ) ရရှိကြောင်း ထားဝယ်ရဲစခန်း မှတ်တမ်းအရ သိရသည်။
ယင်းနောက် ဓါးထိုးခံရသူ၏ သားဖြစ်သူ အသက် ၁၉နှစ်အရွယ် လူငယ်က ၀င်ရောက်ဖျန်ဖြေရာ ယင်းဖျန်ဖြေသော လူငယ်ကိုလည်း ရိုက်နက်သဖြင့် ဦးခေါင်းပေါက်ပြဲဒဏ်ရာနှင့် ယာလက်ဖျံ ပြတ်ရှဒဏ်ရာ(မစိုးရိမ်ရ)များ အသီးသီးရရှိသွားခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။
ဒဏ်ရာရရှိသူများအနက် နှစ်ဦးမှာ ထားဝယ်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသနေပြီး ဓားဖြင့်ထိုးကာရိုက်နှက်ခဲ့သည့် အမည်မသိ လူငယ်၂၀ ဦးခန့် အား (ပ)၂၁၁/၂၀၁၆၊ပြစ်မှုပုဒ်မ ၃၂၄/၃၂၅/၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း ထားဝယ်ရဲစခန်းမှ သိရသည်။
ယင်းသို့ရိုက်နက် ပြီးနောက်ထွက်ပြေးသွားသော လူငယ်များကို ဖမ်းဆီးရမိခြင်းမရှိသေးပေ။
Dawei Watch
အီကွေဒေါ ငလျင် သေဆုံးသူ ၂၄၆ ဦး နှင့် ဒဏ်ရာရသူ ၂၅၂၇ ဦးထိ ရှိလာ
ငလျင်ကြောင့် ပြိုကျပျက်စီးသွားသော အဆောက်အအုံ ရှေ့ တွင် ကယ်ဆယ်ရေးလုပ်သားများအားတွေ့ ရစဉ် ( ဆင်ဟွာ )
    ကွီတို ၊ ဧပြီ ၁၈ ရက် ( ဆင်ဟွာ )
    အီကွေဒေါ နိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သေဆုံးသူ ၂၄၆ ဦး နှင့် ဒဏ်ရာရသူ ၂၅၂၇ ဦးထိ ရောက်ရှိသွားပြီ ဖြစ်ကြောင်း အီကွေဒေါ ဒုတိယ သမ္မတ Jorge Glas က ဧပြီ  ၁၇ ရက်တွင် ပြောကြားသည်။
အီကွေဒေါနိုင်ငံတွင် ငလျင်ဒဏ်ကြောင့် နိုင်ငံတွင်းရှိ ပြည်နယ် ၆ ခုကို အရေးပေါ် အခြေအနေကြေညာထားရပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ အင်အား ၁၄ဝဝဝ ဖြင့် ၄င်းဧရိယာအတွင်း လှည့်လည်၍ ကယ်ဆယ်ရေးများပြုလုပ်နေသည်။
ငလျင်ဒဏ် အဆိုးဝါးဆုံးခံစားခဲ့ရသော Pedernales မြို့ ၌ ငလျင်လှုပ်ခတ်ပြီးနောက်  အပျက်အစီးပုံများကြားတွင် နာရီ ၂ဝ ကျော် ပိတ်မိနေသည့် အမျိုးသမီးငယ် တစ်ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။ အဆိုပါအမျိုးသမီး၏ ဖခင်ဖြစ်သူက ၄င်းတို့  မိသားစုဝင် လေးဦးအသက်ရှင်ကျန်ရစ်ပြီး ၅ ဦးမှာ ငလျင်ကြောင့် အသက်ဆုံးရှူံးခဲ့ရကြောင်း ပြောကြားသည်။
အီကွေဒေါ ဒုတိယသမ္မတ Glas သည် ဧပြီ ၁၇ ရက်တွင် ငလျင်ဒဏ်ခံစားခဲ့ရသည့် Manta ၊ Pedernales နှင့် Portoviejo ပြည်နယ်များသို့ သွားရောက် စစ်ဆေးနိုင်ခဲ့သော်လည်း နိုင်ငံ အရှေ့ မြောက်ပိုင်းရှိ Manabi ပြည်နယ် သို့ သွားရာ အဝေးပြေးလမ်းသည် ငလျင်ဒဏ်ကြောင့် ပျက်စီးနေသဖြင့် ခက်ခက်ခဲခဲသွားရောက်ခဲ့ရသည်ဟု ဆိုသည်။ အီကွေဒေါနိုင်ငံ၏ အကြီးဆုံးမြို့ ဖြစ်သည့် Guayaquil မြို့ တွင်လည်း လူသေအလောင်းများ နှင့် အခြေခံ အဆောက်အအုံများ ပျက်စီးနေသည်ကို တွေ့ ရကြောင်း ၊ ပိတ်နေသော လမ်းများ ပြန်ဖွင့်နိုင်ရန် နှင့် လျှပ်စစ်မီးများ ပြန်လည်ရနိုင်ရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း သိရသည်။ ၄င်းမြို့ ထဲတွင် ငလျင်ဒဏ်သင့်ပြည်သူများအတွက် ကယ်ဆယ်ရေးစခန်း ၈ ခုဖွင့်လှစ်ထားသည်ဟု ဆိုသည်။
အီကွေဒေါနိုင်ငံသို့ အမေရိကန်ပြည်ထောင်စု နှင့် မက္ကဆီကို နိုင်ငံများမှ လူသားချင်းစာနာမှုအကူအညီများ စတင်ပေးပို့ နေပြီး ဖြစ်သလို စပိန်နိုင်ငံသို့ ရောက်ရှိနေသော အီကွေဒေါ လူမှု အဖွဲ့ အစည်းများကလည်း ငလျင်ဒဏ်ခံစားနေရသည့် အီကွေဒေါနိုင်ငံသို့ ကူညီထောက်ပံ့မှုများစတင်ပြုလုပ်နေပြီဖြစ်သည်။  အီကွေဒေါ အစိုးရအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၃ဝဝ အသုံးပြုသွားမည်ဟု ပြောဆိုထားသည်။
( Xinhua )
Sunday, April 17, 2016
အီကွေဒေါငလျင် ၈၀ နီးပါးသေဆုံး
အီကွေဒေါငလျင် ကြောင့် အဆောက်အအုံများပျက်စီး
အီကွေဒေါနိုင်ငံတွင်း လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူအရေအတွက် ၇၇ ဦးအထိ တိုးလာ ပြီး ရာနဲ့ချီ ဒဏ်ရာရရှိပါတယ်။ အရေးပေါ်အခြေအနေဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်တွေကို ပြည်သူတွေဘက်က လိုက်နာကြဖို့ကိုလည်း ဒုတိယသမ္မတ Jorge Glas က ပန်ကြားလိုက်ပါတယ်။
“အရေးပေါ်အခြေအနေ ဆိုင်ရာ တာဝန်ရှိသူတွေ ကြီးကြပ်ဆောင်ရွက်မှုနဲ့ အရပ်သားတွေကို ရွှေ့ပြောင်းပေးနေပြီဖြစ်ပြီး အားလုံး စနစ်တကျ လုပ်ဆောင်နေပါတယ်။ ဒီအချိန်မှာ ပြည်သူတွေနဲ့ ပြည်သူ့ ၀န်ထမ်းတွေကြား အမြင့်ဆုံးအဆင့် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တာကြောင့် အားလုံး စိတ်အေးအေးထားကြဖို့ တိုက်တွန်းပါတယ်။” လို့ ဒုတိယ သမ္မတက ပြောပါတယ်။
တောင်အမေရိက နိုင်ငံတခုဖြစ်တဲ့ အီကွေဒေါနိုင်ငံ ကမ်းရိုးတန်းတလျှောက်မှာ စနေနေ့က ပြင်းအား ၇ ဒသမ ၈ ရှိတဲ့ငလျင် လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာနက ပြောပါတယ်။ ကီလိုမီတာ ၁၇၀ အဝေးက မြို့တော် Quito မှာလည်း ငလျင် လှုပ်ခတ်ခဲ့ပြီး လျှပ်စစ်မီး ပြတ်တောက်မှုနဲ့ မိုဘိုင်းလ်ဖုန်း အဆက်အသွယ်တွေလည်း ပြတ်တောက်ခဲ့ပါတယ်။ မြို့တော် Quito က အဆောက်အအုံတွေ စက္ကန့် ၄၀ လောက် လှုပ်ယမ်းခဲ့ပြီး လူတွေလည်း လမ်းမပေါ် ထွက်ပြေးခဲ့ကြပါတယ်။
သမ္မတ Rafael Correa ကတော့ အီကွေဒေါကို အစောဆုံး တနင်္ဂနွေနေ့ နှောင်းပိုင်းမှ ပြန်လည် ရောက်ရှိ မယ်လို့ ခန့်မှန်းရပါတယ်။ သမ္မတဟာ ဗာတီကန် ညီလာခံတက်ရောက်ပြီး ရောမမြို့တော်မှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
သမ္မတအမိန့်ဖြင့် နိုင်ငံရေးအကျဉ်းသား ၈၃ ဦး လွတ်မြောက်
ဆရာ ထင်လင်းဦး
သမ္မတဦးထင်ကျော် အမိန့်နဲ့ ဒီနေ့လွှတ်ပေးတဲ့ အကျဉ်းသား ၈၃ ဦးဟာ နိုင်ငံရေးအကျဉ်းသားတွေချည်းဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အမှတ် ၁/၂၀၁၆အတိုင်း လုပ်ဆောင်တာလို့ သမ္မတရုံးက ပြောပါတယ်။
သမ္မတရုံး ဒုညွှန်ချုပ် ဦးဇော်ဌေးက “အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြေညာချက် ရှိတယ်၊ ၁/ ၂၀၁၆ ပေါ့။ အဲ့ဒီမှာ ဘာပါလဲဆိုတော့ နိုင်ငံရေးအကျဉ်းသားတွေ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသူတွေ ဆိုတဲ့ဟာ အဲ့ဒါကို အဓိကထားပြီးတော့ ဆောင်ရွက်တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားလို့ သုံးနှုန်းပြီး သတင်းမထုတ်တာကတော့ အဲ့ဒီအသုံးအနှုန်းအပေါ် ၀ိဝါဒကွဲပြားနေလို့ ဖြစ်ကြောင်းလည်း  ပြောပါတယ်။
ဒီနေ့ သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာသူတွေထဲမှာ စာရေးဆရာ ဦးထင်လင်းဦး၊ ဒေါက်တာ မြတ်နုခိုင်၊ တက်ကြွလှုပ်ရှားသူတွေ ဖြစ်ကြတဲ့ နော်အုန်းလှ၊ ဦးထင်ကျော်၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ကိုတင်ထွဋ်ပိုင်တို့ ပါဝင်ပါတယ်။
ပခုက္ကူထောင်က ယူနတီဂျာနယ် သတင်းထောက်တွေလည်း ဒီနေ့ ပြန်လည်လွတ်မြောက်လာကြပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည်က သူတို့ လက်လှမ်းမီသလောက် စုဆောင်းရရှိတဲ့ စာရင်းတွေအရ နိုင်ငံရေးအကျဉ်းသား ၃၆ ယောက်ပဲ လွတ်သေးတယ်လို့ ပြောပါတယ်။
“အင်းစိန်ထောင်က ၁၆ ယောက်၊ ကျား ၁၁၊ မ ၅ ယောက်၊ ပြည်က ၆ ယောက်၊ သာယာဝတီက ၄ ယောက်၊ မန္တလေး၊ အိုးဘိုထောင်က ၄ ယောက်၊ ပခုက္ကူက ၅ ယောက်၊ မုံရွာက ၁ ယောက်၊ အားလုံးပေါင်း ၃၆ယောက်ပဲ ရှိသေးတယ်။ သမ္မတကြီးက ကြေညာလိုက်တဲထဲမှာ ပူးတွဲပါစာရင်းဆိုတဲ့ စကားရပ်ပါတယ်၊ အဲ့ဒီစာရင်းက နိုင်ငံပိုင်မီဒီယာထဲမှာ ပါမလာတော့ ကျနော်တို့မှာ ရှိတဲ့စာရင်းနဲ့လည်း တိုက်စစ်လို့ မရဘူး ဖြစ်နေတယ်။”
ဒီနေ့ နှစ်ဆန်း တရက်နေ့မှာ သမ္မတ အမိန့်နဲ့ နိုင်ငံရေး အကျဉ်းသား ၈၃ ယောက် လွတ်မြောက်လာမှာဖြစ်လို့ မိသားစုတွေနဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ ထောင်အသီးသီးမှာ မနက်ကတည်းက စောင့်ဆိုင်းနေခဲ့ကြတာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာထောင်ကနေ ဒီနေ့ ပြန်လွတ်လာတဲ့ စာရေးဆရာ ထင်လင်းဦးက အစိုးရသစ်ရဲ့ အချိန်တိုတွင်း လုပ်သင့်လုပ်ထိုက်တာလုပ်ဆောင်နိုင်မှုကို ချီးကျုးစကား ပြောပါတယ်။
“အစိုးရသစ်နဲ့ ပတ်သက်တဲ့အမြင်ကို ပြောပါဆိုရင်တော့ အများကြီး စောသေးတယ်၊ ဒါပေမယ့် အစိုးရတခုရဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို  အချိန်တိုအတွင်းမှာ အမြန်ဆုံးလုပ်နိုင်တာကိုတော့ ချီးကျူးတယ်။”
သမ္မတရဲ့ ဒီနေ့ နှစ်သစ် နှုတ်ခွန်းဆက် စကားမှာတော့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဥပဒေနဲ့ အညီ ဆက်လက် ဆောင်ရွက်နေတဲ့အကြောင်း၊ နောင်မှာ ယုံကြည်ချက် အကျဉ်းချခံရသူတွေ မရှိအောင် ဆောင်ရွက်သွားမယ့်အကြောင်း ဖော်ပြပါရှိပါတယ်။
အခု သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ဟာ ဧပြီလ ၉ ရက်နေ့တုန်းက နိုင်ငံရေးအကျဉ်းသား၊ တက်ကြွလှုပ်ရှားသူ ၁၉၉ ဦးကို လွှတ်ပေးပြီးနောက် ဒုတိယအသုတ် ဖြစ်ပါတယ်။
DVB
နိုင်ငံတော်သမ္မတ ထုတ်ပြန်သော အကျဉ်းသား ၈၃ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်
ပည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ်၊ ၃၃/၂ဝ၁၆
၁၃၇၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက်
(၂ဝ၁၆ ခုနှစ်၊ ဧပြီလ ၁၆ ရက်)
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း
နှစ်သစ်ကူးအခါသမယတွင် အမျိုးသားရင်ကြား စေ့ရေးနှင့် ပြည်သူလူထုနှလုံးစိတ်ဝမ်းငြိမ်းချမ်းစေရေးတို့ကို ဦးတည်သောအားဖြင့် အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား ၈၃ ဦး ကို ၁၃၇၈ ခုနှစ်၊ တန်ခူးလဆန်း ၁ဝ ရက် မြန်မာနှစ်ဆန်း ၁ ရက် (၂ဝ၁၆ ခုနှစ်၊ ဧပြီလ ၁၇ရက်) နေ့မှစ၍ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂ဝ၄၊ ပုဒ်မခွဲ (က)အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သည်။
(ပုံ)ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Myanmar President Office
https://www.facebook.com/myanmarpresidentoffice.gov.mm