ခြံစည်းရိုးကာရံထားသော်လည်း မလုံမခြုံ ဖြစ်နေသည့် မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်နယ်စပ်။ |
12-1-2013
သင်တန်းသွားသော နစက နယ်မြေမှူး တစ်ဦးသည် မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်မှ လူဝင် လူထွက် အသုံးပြုနေသော နယ်စပ် အ၀င်အထွက် ဂိတ် (၂) ခုကို ကျပ် (၁၀) သိန်းစီဖြင့် ငှားရမ်း သွားခဲ့သည်ဟု သတင်း ရရှိသည်။ ယခုကဲ့သို့ ငှားရမ်း လုပ်ပိုင်ခွင့်ပေးသွားခြင်းမှာ သူမရှိသည့် အချိန်စပ်ကြားတွင် ၀င်ထွက် ဂိတ်များမှ ရရှိလာ သော ၀င်ငွေများကို လက်လွှတ် မဆုံးရှုံးရအောင် ဖြစ်သည်ဟု ဆိုသည်။
နယ်စပ် ဒေသ၏ အရေးကြီးသော အ၀င်အထွက် ဂိတ် (၂) ခုကို ပုဂ္ဂလိက လက်ထဲသို့ ငှားရမ်းသွားသူမှာ မောင်တောမြို့မြောက်ပိုင်း နစက အမှတ် (၃) နယ်မြေ တောင်ပြို နယ်မြေမှူး ဗိုလ်မှူး ၀ဏ္ဍကျော်ဟု ဒေသခံများက ပြောသည်။
“ကွမ်းသီးပင် ဆိပ်ကမ်းကို ကျပ် ၁၀ သိန်းနဲ့ ကွမ်းသီးပင် အနောက်ရွာက ဘင်္ဂလီမွတ်ဆလင် ချီရပ်အူဒိမ်းကို ငှားရမ်းခဲ့တယ်။ နောက်အ၀င်အထွက် ဂိတ်တစ်ခု ဖြစ်တဲ့ မီးတိုက်ဆိပ် ကမ်းကိုတော့ လက်ဖွဲ့ကျရွာက ရိုဘာဟက် မွတ်ဆလင် စီးပွားရေး သမားကို ကျပ် ၁၀ သိန်းနဲ့ ငှားရမ်းသွားခဲ့ပါတယ်” ဟု ကွမ်းသီးပင် ကျေးရွာသား တစ်ဦးက နိရဉ္စရာကိုပြောသည်။
အ၀င်အထွက် ဆိပ်ကမ်း (၂) ခုကို ငှားရမ်း ရရှိသွားသူများသည် ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာ အကြားသယ်ယူပို့ ဆောင်နေသော ကုန်ပစ္စည်းများမှ အခွန်အကောက် ကောက်ခံခွင့်နှင့် ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာအကြား တရားမ၀င် ၀င်ထွက်သွားလာသူများထံမှလည်း လူတစ်ဦးစီအလိုက် ငွေကောက်ခံခွင့် ရရှိကြသည်ဟု ဆိုသည်။
ဗိုလ်မှူး ၀ဏ္ဍကျော် ငှားရမ်းသဖြင့် ရရှိသော ငွေများမှာ နိုင်ငံတော်အတွက်လား၊ ကိုယ်ပိုင် အတွက်လားဆို သည်ကို မိမိတို့ မရှိကြောင်း ကျေးရွားသားများက ဆိုသည်။
နယ်မြေမှူး ၀ဏ္ဍကျော်မှာ နေပြည်တော်သို့ နယ်မြေထိန်းသိမ်းရေ သင်တန်းတခုဆီ သို့သွားရောက်နေ ကြောင်း၊ ယခုလက်ရှိ ရောက်လာသော နယ်မြေမှူး အသစ်မှာ သီတင်း တပတ်ခန့်သာ ရှိသေးသည်ဟု သိရသည်။ှ
ယခုကဲ့သို့ နယ်စပ် အ၀င် အထွက် ဆိပ်ကမ်း (၂) ခုကို နယ်မြေမှူး ဖြစ်သူမှ ငှားရမ်းသွားသဖြင့် ကျန်ရှိနေသူ နစက တပ်ဖွဲ့ဝင်များမှာ ပြင်ပ ၀င်ငွေ မရရှိသဖြင့် နယ်စပ်တွင် မိသားစုနှင့် စားဝတ်နေရေး အခက်ကြုံနေရ သည်ဟု ဆိုသည်။
မလုံမခြုံ ဖြစ်နေသော မြန်မာ နိုင်ငံ အနောက်ဘက် နယ်စပ်၏ အရေးကြီးသော လူဝင် လူထွက်ဂိတ် (၂) ခုအား ပုဂ္ဂလိက လက်သို့ ဌားရမ်းသွားသဖြင့် ကျန်ရှိနေသော နစက တပ်ဖွဲ့ဝင်များ အနေဖြင့် နယ်စပ် ဒေသ လူဝင် လူထွက်ကို ထိန်းချုပ်ရန်နှင့် မူးယစ် မှောင်ခို ပစ္စည်းများ တားဆီးရေးမှာ အခက်ကြုံနေရသည်ဟု သိရသည်။
နိရဉ္စရာ