Headlines News :
Home » » သုံးကျော့ပြန် ထကြွလာသော ရခိုင်ပဋိပက္ခမီး

သုံးကျော့ပြန် ထကြွလာသော ရခိုင်ပဋိပက္ခမီး

Written By လွင့်မောင်မောင် on Sunday, October 6, 2013 | 6:52 PM


တစ်နှစ်နီးပါး ငြိမ်သက်နေသော ရခိုင်ပြည်နယ်၏ လူမျိုးရေးအသွင်ဆောင် ပဋိပက္ခသည် အောက်တိုဘာလ အစတွင် သံတွဲမြို့၌ အရှိန်မြင့်တက်လာသည်။ ထိုပဋိပက္ခသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရခိုင်ပြည်နယ်သို့ ရောက်ရှိနေချိန် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

ပဋိပက္ခအရှိန် မြင့်တက်နေသည့် အောက်တိုဘာလ ၂ ရက်နေ့တွင် နိုင်ငံတော် သမ္မတ သံတွဲမြို့သို့ လာရောက်ခဲ့ပြီး တရားဥပဒေစိုးမိုးရေး၊ လူ့အသိုင်းအဝိုင်း နှစ်ခုကြား ယုံကြည်မှု တည်ဆောက်မှု အခြေအနေများ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များကို လာရောက် လေ့လာခြင်း ဖြစ်သည်။
ယင်းကဲ့သို့ပဋိပက္ခများ တစ်ကျော့ပြန် လာခြင်းသည် အစိုးရ၏ အောက်ခြေအာဏာ ပိုင်များသည် ကျေးရွာများတွင် အကြမ်းဖက် မှု ဖြစ်စေနိုင်သော လှုံ့ဆော်မှုများကို လျစ်လျူရှုထားခြင်း ကြောင့်လောဟု မေးခွန်း ထုတ်စရာ ဖြစ်လာသည်။

လေ့လာသုံးသပ်သူတို့၏ အဆိုအရမူ သံတွဲပဋိပက္ခသည် ချက်ချင်းထဖြစ်သော ပဋိပက္ခမဟုတ်။ ပြဿနာ ကြီးထွားလာစေရန် အစပျိုးနေသည်မှာ ကြာပြီဟု ဆိုသည်။ ဥပမာ-လူမျိုး မုန်းတီးရေး တရာဟောခွေများ ဖွင့်ပြီး လှုံ့ဆော်ခြင်းမျိုးနှင့် အသေးစား ပြဿနာများ မကြာခဏ ဖြစ်ပွားခဲ့သည်။
ယင်းပဋိပက္ခ ဖြစ်ပွားခဲ့သည့် သုံးရက်အတွင်း သံတွဲမြို့တွင် လူငါးဦး သေဆုံးပြီး လူနှစ်ဦး ပျောက်ဆုံးကာ လေးဦးမှာ အတွင်းလူနာအဖြစ် ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း ရဲမှူးကြီးကျော်တင့်က အတည်ပြု ပြောကြားသည်။
သံတွဲတွင် ဘာသာမတူသူ များကြား ရုန်းရင်းဆန်ခတ်မှုများ မကြာခဏဆိုသလို ဖြစ်ပွားနေသော်လည်း လူသေဆုံးသည်ထိ ဖြစ်ပွားခြင်းမှာ ပထမဆုံးဖြစ်ပြီး သေဆုံးသူ များမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်သည်။

တောင်ကုတ်မှ သံတွဲသို့ ဆိုင်ကယ်ကယ်ရီ သုံးစီးဖြင့် ပြန်လာသူ ခြောက်ဦးကို သံတွဲမြို့နယ် ရွှေလှေကျေးရွှာ ရဲစခန်းရှေ့ တွင် လင်းသီကျေးရွာတွင် နေထိုင်သည့် အစ္စလာမ်ဘာသာဝင် များက တိုက်ခိုက်ခြင်းကြောင့် နှစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး လေးဦးကို အတွင်းလူနာအဖြစ် သံတွဲမြို့ ဆေးရုံတွင် ကုသနေရကြောင်း သံတွဲမြို့ခံ ဦးမြင့်မိုးက ပြောကြားသည်။

သုံးရက်ကြာ သံတွဲပဋိပက္ခ ကြောင့် နေအိမ် ၁၀၂ လုံး ၊ တဲတစ်လုံး၊ ဗလီနှစ်လုံး၊ ဈေးဆိုင်တစ်ဆိုင် ပျက်စီးခဲ့သည့်အပြင် ဒုက္ခသည်အဖြစ် ရောက်ရှိသူ ၄၄ ဦး ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ စာရင်းများအရ သိရသည်။

သက်ဆိုင်ရာ အာဏာပိုင်နှင့် ဒေသခံတို့၏ အဆိုအရ ပဋိပက္ခအစမှာ စက်တင်ဘာ လ ၂၈ နေ့တွင် ကမန်လူမျိုးတစ်ဦးက ၄င်းအိမ်ရှေ့တွင် ရပ်ထားသည့် သုံးဘီးဆိုင်ကယ်တွင် တပ်ဆင်ထားသည့် သာသနာ့ အလံကို ဖျက်ဆီးရာမှ လူစုလူဝေးဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာလ ၂၉ ရက်နေ့တွင် ယင်းသို့ ဖျက်ဆီးခဲ့သူ ဦးကျော်ဇံလှကို ရဲတပ်ဖွဲ့က အာမခံဖြင့် ပြန်လွှတ်လိုက်သဖြင့် ဒေသခံများ မကျေနပ်ဖြစ်ကာ လုံခြုံရေး တပ်ဖွဲ့ဝင်များကို ခဲနှင့်ပစ်ပေါက်မှု၊ အစ္စလာမ် ဘာသာဝင်များ နေထိုင်သည့် နေအိမ်ကို ခဲဖြင့်ပစ်ပေါက်မှု၊ မီးရှို့မှု ပြုလုပ်ခဲ့ကြပြီး နေအိမ်နှစ်လုံး မီးရှို့ခံခဲ့ရ သည့်အတွက် ရဲတပ်ဖွဲ့များက သေနတ်ပစ်ဖောက် ဟန့်တားခဲ့ရသည်။

စက်တင်ဘာလ ၃၀ ရက်နေ့တွင်မူ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်သော သံတွဲမြို့ အံတော်ရပ်ကွက်ကို အကြမ်းဖက်မည် ဆိုသည့်သတင်းနှင့် ရွှေချောင်းပြင် ကျေးရွာတွင် ဗုဒ္ဓဘာသာဝင်များကို အကြမ်းဖက်မည် ဆိုသည့် သတင်းများကြောင့် ဈေးဆိုင်များ၊ စာသင်ကျောင်းများ ပိတ်ထားလိုက် ရကြောင်း သံတွဲခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောကြားသည်။

အထက်ပါပဋိပက္ခ ဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) ၏ သံတွဲမြို့နယ် ဥက္ကဋ္ဌ အပါအဝင် အမျိုးဘာသာ သာသနာ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး အဖွဲ့မှ သုံးဦးနှင့် အခြားနှစ်ဦးကို ဖမ်းဆီးထားပြီး ဖမ်းဆီးရသည့် အကြောင်းအရင်းကိုမူ သက်ဆိုင်ရာ အာဏာပိုင်များက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ပဋိပက္ခများ အမြန်ဆုံး အဆုံးသတ်နိုင်ရေး၊ ပြစ်မှုကျူးလွန်သူ များအား ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရသော နေအိမ်များကို ပြန်လည် တည်ဆောက်ပေး မည်ဖြစ်ပြီး ပြည်သူများအနေနှင့်လည်း ပဋိပက္ခများ ထပ်မံမဖြစ်ပွားရန် တာဝန်ရှိ သူများနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာလ ၂ ရက်နေ့တွင် တရားဝင် ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ကမူ အမေရိကန်ပြည်ထောင်စု အနေနှင့် အကြမ်းဖက်မှုများကို ပြင်းထန်စွာရှုတ်ချပြီး အကြမ်းဖက်ခံနေရသည့် ဒေသခံများကို လျင်မြန်စွာနှင့် တိကျသော မူဝါဒများဖြင့် အကာအကွယ်ပေးရန်၊ အကြမ်းဖက်သူများကို အရေးယူရန်၊ အကြမ်းဖက် ခံရသူများကို အကူအညီပေးရန်၊ အကြမ်းဖက်မှုများ ဆက်မဖြစ်ရန်၊ တင်းမာမှုများ၏ ရင်းမြစ်များကို ဟန့်တားပေးရန် ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်သည်။

ရေရှည်ငြိမ်းချမ်းရေးအတွက် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ လူသားချင်းစာနာမှုများ၊ ပြန်လည်သင့်မြတ်ရေး အခြေအနေများ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပေးရန် အစိုးရအဖွဲ့နှင့် ဒေသခံအာဏာပိုင် များကို တိုက်တွန်းထားပြီး မွတ်ဆလင် လူနည်းစုများကို ဦးတည်တိုက်ခိုက်မှု များကို ဆန့်ကျင်ပေးရန် ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ယခင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှစ် ကြိမ်ကြောင့် လူပေါင်း ၁၉၀ ကျော်သေဆုံးပြီး လူပေါင်း တစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
တတိယအကြိမ်မြောက် ဖြစ်ပွားခဲ့သော သံတွဲပဋိပက္ခသည် ပဋိပက္ခဖြစ်စေသည့် ဘာသာရေး လှုံ့ဆော်မှုများအပြင် သတင်းမီဒီယာများနှင့် လူမှုကွန်ရက် အင်တာနက်စာမျက်နှာ များတွင် OIC က မြန်မာနိုင်ငံသို့ လာရောက်မည်ကို အကြောင်းပြု၍ ဘက်လိုက်ရေးသားကာ ဝါဒဖြန့်မှုများ ကြောင့် ပဋိပက္ခကို တွန်းအားဖြစ်စေကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသူတစ်ဦး က မှတ်ချက်ပြုသည်။

ပဋိပက္ခများ ဖြစ်ပွားနေခြင်းသည် ပွင့်သစ်စ မြန်မာနိုင်ငံအဖို့ နိုင်ငံတကာ မျက်နှာစာတွင် နာမည်ဆိုး ထွက်သွားပြီ ဖြစ်ပြီး ပဋိပက္ခ ထပ်မံမဖြစ်ပွားရန် ထိန်းသိမ်းသင့်ကြောင်း နိုင်ငံတော်သမ္မတ၏ ရခိုင်ပြည်နယ် ခရီးစဉ်တွင် ပြောဆိုထားသည်။

ဒီမိုကရေစီ တည်ဆောက်ဆဲနိုင်ငံ များတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို လိုလားသူ အုပ်စုနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို မလိုလားသော အုပ်စုနှစ်မျိုး ထွက်နေကြမြဲ ဖြစ်သည်။ နိုင်ငံရေး ဖြေလျှော့မှုများနှင့် ပါလာတတ်သော ပဋိပက္ခ သဘောတရားအရ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ဆောင်မှုများ၏ တိုးတက်မှုနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်း ရေးကို လက်မခံဘဲ ဖန်တီးသည့် ပဋိပက္ခများ၏ မြင့်တက်မှုတို့ ဆုံမှတ်ဖြစ်လျှင် နောက်ပြန်လှည့်တတ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ် အပါအဝင် အခြားနေရာများတွင် လူမျိုးရေး အသွင်ဆောင် ပဋိပက္ခများ ခပ်စိပ်စိပ် ဖြစ်ပွားလာခြင်းသည် နောက်ပြန်သွားလို သူများ စနက်ဖြစ်ကြောင်း ပိုမိုထင်ရှားလာသည့် သဘောလောဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။

Written by  မင်းထက်စံ ၊ အောင်မြင့်ထွန်း

The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template