Headlines News :
Home » , » ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိယနေ့တွင် တပ်မတော်နှင့် ကေအိုင်အေအကြား တိုက်ပွဲဖြစ်နိုင်သော နေရာများအတွက် တပ်ပိုင်းဆိုင်ရာကိစ္စများ တံခါးပိတ်ဆွေးနွေး

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိယနေ့တွင် တပ်မတော်နှင့် ကေအိုင်အေအကြား တိုက်ပွဲဖြစ်နိုင်သော နေရာများအတွက် တပ်ပိုင်းဆိုင်ရာကိစ္စများ တံခါးပိတ်ဆွေးနွေး

Written By လွင့်မောင်မောင် on Thursday, October 10, 2013 | 9:17 AM

 
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အောက်တိုဘာ ၈ ရက်မှ စတင်ပြုလုပ်နေသည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိယနေ့တွင်တပ်မတော်နှင့် ကေအိုင်အေတပ်များအကြား တိုက်ပွဲဖြစ်ပွားနိုင်သော နေရာများအတွက် တံခါးပိတ်ဆွေးနွေးခဲ့ကြသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး ဦးဆောင်သောအဖွဲ့နှင့် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်သော အဖွဲ့တို့သည် မြစ်ကြီးနားမြို့ မဂျွယ်ခန်းမ၌ အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင်တစ်ကြိမ်၊ မွန်းလွဲပိုင်းတွင်တစ်ကြိမ် တံခါးပိတ်ဆွေးနွေးမှု ပြုလုပ်ခဲ့ကြပြီး အစိုးရတပ်မတော်နှင့် ကေအိုင်အေတပ်များအကြား ထိတွေ့မှုဖြစ်ပေါ်နေသည့် နေရာများတွင် ထပ်မံမဖြစ်ပေါ်စေရေးအတွက် စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ (JMC-Joint Monitoring Committee) ဖွဲ့စည်းရေးအတွက် မူအားဖြင့် သဘောတူညီခဲ့ကြောင်း သိရသည်။
''အဓိက ပစ်ခတ်မှုဖြစ်နိုင်တဲ့နေရာတွေကို အသေးစိတ်ဆွေးနွေးတယ်။ JMC ကိစ္စက မူအားဖြင့် သဘောတူပြီးသွားပြီ။ အသေးစိတ်အနေနဲ့ ဘာ agreement တွေ ထည့်သင့် လဲဆိုတာကို နှစ်ဖက်စလုံးမှာရှိတဲ့ Technical Team တွေ ဆွေးနွေးနေကြတယ်။ တပ်ကိစ္စအနေနဲ့ တိုက်ပွဲဖြစ်နိုင်တဲ့ နေရာတွေမှာ နောက်ထပ် ထပ်မဖြစ်အောင် အသေးစိတ် ဆွေးနွေးနေတယ်။ နေရာအလိုက်ပေါ့''ဟု ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးက ဆိုသည်။
ယခု ဆွေးနွေးပွဲတွင် တပ်မတော်ကိုယ်စားလှယ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်၊ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်စိုး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီးဗိုလ်ချုပ် မောင်မောင်အုန်းတို့က တပ်ပိုင်းဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
အစိုးရတပ်များနှင့် ကေအိုင်အေတို့သည် ၂၀၁၃ ခုနှစ်မေလ ဆွေးနွေးပွဲနောက်ပိုင်း လေးလအတွင်း ရင်ဆိုင်တိုက်ပွဲ နှစ်ကြိမ်သာ ဖြစ်ပွားခဲ့ပြီး အောက်ခြေတပ်များအချင်းချင်း ပစ်ခတ်မှု (၂၉)ကြိမ်သာ ဖြစ်ပွားတော့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ယခုကဲ့သို့ တိုက်ပွဲများ လျော့ကျလာခြင်းကြောင့် လုံးဝအပစ်အခတ် ရပ်စဲရေးရရှိနိုင်ရန် နှစ်ဖက်တပ်များကို စောင့်ကြည့်မည့် ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေးအဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းရန် ကေအိုင်အေဖက်မှ အစည်းအဝေး ပထမနေ့တွင် တင်ပြလာခြင်းကြောင့် ယခုကဲ့သို့ ဆွေးနွေးနိုင်ခဲ့ခြင်းဖြစ်သည်။
''အပစ်အခတ်ရပ်စဲရေးဆိုတာ လက်မှတ်ထိုးပြီး တိုက်ပွဲတွေဖြစ်နေရင် အလကားပဲ။ အရေးအကြီးဆုံးက တိုက်ပွဲမဖြစ်ဖို့ပဲ။ အရင်ကဆို တစ်လကိုအကြိမ်(၁၅၀)လောက် ဖြစ်တာ။အခုဟာက နှစ်ဖက်ညှိနှိုင်းလိုက်တော့ လေးလအတွင်းမှာ အချိုးချကြည့်လိုက်ရင် တစ်လကို ခုနစ်ကြိမ်လောက်ပဲ ဖြစ်တော့တယ်။ အဲဒီခုနစ်ပွဲမှာ တကယ်တေ့တေ့ဆိုင်ဆိုင်ဖြစ်တာ တစ်လကို တစ်ပွဲတောင်မရှိတော့ဘူး။ ကျန်တဲ့ခြောက်ကြိမ်လောက်က လမ်းကြောင်းမှာ တွေ့တဲ့အခါဆုံပြီးတော့ သူပစ်ကိုယ်ပစ်နဲ့ လုပ်ပြီးတော့ သူမထိ ကိုယ်မထိဖြစ်တဲ့ ပွဲတွေပဲ။ တိုက်ပွဲတွေ ဒီလောက် လျော့သွားတာကို အသိအမှတ်ပြုပေးကြပါ''ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဒုတိယဥက္ကဋ္ဌ
ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ဆိုသည်။
ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ''တပ်ပိုင်းဆိုင်ရာကိစ္စအနေနဲ့ အဓိကကတော့ တိုက်ပွဲတွေ လျော့ချရေးအတွက် ဆွေးနွေးတာပါ။ မေလဆွေးနွေးပွဲက သဘောတူညီချက်တွေကို လိုက်နာမယ်။ နောက် နိုင်ငံရေးဆွေးနွေးပွဲသွားမယ်။   နိုင်ငံရေး ဆွေးနွေးပွဲကို သွားဖို့ National Ceasefire လုပ်မယ်စသဖြင့်ပေါ့။ နောက်တစ်ခုက (JMC-Joint Monitoring Committee) ဖွဲ့ဖို့အတွက်တော့ သဘောတူတယ်။ ဒါပေမဲ့ mechanism အတွက်တော့ ဆွေးနွေးနေတုန်းပဲ''ဟု ပြောကြားသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template