Headlines News :
Home » » The Daily Eleven သတင်းစာတွင် ဖော်ပြခဲ့သည့် သတင်းဆောင်းပါးနှင့် ပတ်သက်၍ ပြန်ကြားရေး ၀န်ကြီးဌာန၏ သတင်းစာ ရှင်းလင်းပွဲ နေပြည်တော်တွင် ကျင်းပ

The Daily Eleven သတင်းစာတွင် ဖော်ပြခဲ့သည့် သတင်းဆောင်းပါးနှင့် ပတ်သက်၍ ပြန်ကြားရေး ၀န်ကြီးဌာန၏ သတင်းစာ ရှင်းလင်းပွဲ နေပြည်တော်တွင် ကျင်းပ

Written By လွင့်မောင်မောင် on Wednesday, October 9, 2013 | 12:18 PM

 U-9-10
သတင်းစာ ရှင်းလင်းပွဲတွင် ဦးရဲတင့် (ညွှန်ကြားရေးမှူးချုပ်၊ ပြန်/ဆက်)၊ ဦးပိုက်ထွေး (ဒုတိယ၀န်ကြီး)၊ ဦးတင့်ဆွေ (ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား) တို့ကို တွေ့ရစဉ်
အောက်တိုဘာ ၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာတွင် ဖော်ပြခဲ့သော "ပုံနှိပ်မီဒီယာများ၏ ၀င်ငွေထက် အဆ ၂၀ မှ အဆ ၅၀ အထိ ပိုမိုရရှိနေပြီး ထိပ်တန်းအခွန်ဆောင် စာရင်းတွင် ပါဝင်မလာသည့် Forever ကုမ္ပဏီနှင့် ရွှေသံလွင် ကုမ္ပဏီပိုင် ရုပ်သံမီဒီယာများ၏ အခွန်ဆောင်မှုနှင့် ပြန်ကြားရေး ၀န်ကြီးဌာန ဆက်စပ်ပတ်သက်မှုအား စစ်ဆေးကာ အများပြည်သူသို့ ချပြသင့်" ဟူသော သတင်းဆောင်းပါးနှင့် ပတ်သက်၍ ပြန်ကြားရေး ၀န်ကြီးဌာနမှ အောက်တိုဘာ ၈ ရက်က နေပြည်တော်၌ သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။
မီဒီယာများက မေးမြန်းရာတွင် Forever ကုမ္ပဏီနှင့် ရွှေသံလွင် ကုမ္ပဏီပိုင် ရုပ်သံမီဒီယာများ၏ မြန်မာတစ်နိုင်ငံလုံးတွင် ရောင်းချထားပြီးဖြစ်သည့် စက်အလုံးရေကို လည်းကောင်း၊ အကျိုးတူ ပူးပေါင်းလုပ်ကိုင်ရာတွင် ပြန်ကြားရေး ၀န်ကြီးဌာနမှ ရရှိသည့် အကျိုးအမြတ်နှင့် Forever၊ ရွှေသံလွင် မီဒီယာများမှ ရရှိသည့် အကျိုးအမြတ် အချိုးကို လည်းကောင်း၊ အဆိုပါ ရုပ်သံမီဒီယာများ၏ အခွန်ပေးဆောင်ထားသည့် ပမာဏ စသည့် အများပြည်သူ သိသင့်သော မေးခွန်းများကို အဓိကထား မေးမြန်းခဲ့ခြင်း ဖြစ်သည်။
သို့သော် ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ပုဂ္ဂလိက ရုပ်သံမီဒီယာများအကြား ချုပ်ဆိုထားသည့် စာချုပ်တွင် ပါဝင်သော ပြန်ကြားရေး ၀န်ကြီးဌာနမှရမည့် အကျိုးအမြတ် အချိုး၊ ရွှေသံလွင်နှင့် Forever တို့ ရရှိနေသည့် အကျိုးအမြတ် အချိုးတို့ကို အကြိမ်ကြိမ် မေးမြန်းသော်လည်း တိကျစွာ ထုတ်ဖော်ပြောကြားခြင်း လုံးဝမပြုလုပ်ခဲ့ပေ။
၎င်းအပြင် အဆိုပါ ရုပ်သံမီဒီယာများမှ နိုင်ငံတော်သို့ အခွန်အကောက် သင့်တင့်စွာ ပေးသွင်းခြင်း ရှိ၊ မရှိကို အများပြည်သူ သိရှိရန် မေးမြန်းသော်လည်း ပြည်တွင်းအခွန်များ ဦးစီးဌာနသို့သာ မေးမြန်းရန် ပြောကြားခဲ့သည်။
အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် အများပြည်သူ သိရှိသင့်သော အချက်အလက်များကို The Daily Eleven သတင်းစာ အပါအ၀င် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများမှ မေးမြန်းသည့် အချက်အလက် အချို့ကို ပြန်ကြားရေး ၀န်ကြီးဌာနက ပြန်လည်ဖြေကြားခြင်း မရှိဘဲ သတင်းစာ ရှင်းလင်းပွဲကိုလည်း ရပ်နားခဲ့သည်။   
မး - ၄ ရက်က ဖော်ပြခဲ့တဲ့ သတင်းမှာ ဥပဒေသီးသန့်-ရုပ်သံမီဒီယာ ဥပဒေသီးသန့် လုံးဝမရခြင်းကိုပဲ ဆိုလိုခြင်း ဖြစ်ပါတယ်။ အဲဒီဟာနဲ့ ဆက်စပ်တာကိုလည်း ယခင်ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးရဲထွဋ် ဖြေကြားထားပြီးသား၊ ဖော်ပြထားပြီးသား သတင်းတွေ အများကြီး ရှိပါတယ်။ နောက်တစ်ခုက Corruption ဆိုတာကလည်း Corruption တိုက်ရိုက်ရှိတယ်လို့ ပြောကြားခြင်း မဟုတ်သလို ရှိမရှိကိုပဲ စုံစမ်းစစ်ဆေးဖို့ ပြောတာပါ။ နောက်တစ်ချက်က အဲဒီမှာလည်း ကျွန်တော်တို့ အဓိက ပြောချင်တာက စာချုပ်ကို အများပြည်သူကို ချပြလို့ ရမရ၊ နိုင်ငံတော်နဲ့ Forever၊ ရွှေသံလွင်တို့ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်၊ နိုင်ငံတော်အကျိုး ဘယ်လောက်လဲ၊ သူတို့အကျိုးအမြတ် ဘယ်လောက်လဲ၊ ဒါကိုကျွန်တော်တို့က ပြောတာပါ။ နောက်တစ်ချက်က အခွန်ကို ဘယ်လောက်ပေးဆောင်ထားလဲ ဆိုတာကို ကျွန်တော်တို့က ထောက်ပြထားခြင်း ဖြစ်ပါတယ်။ နောက် အဲဒါနဲ့ ပတ်သက်ပြီး ဖြေကြားနိုင်မယ်ဆိုရင် ဖြေကြားပေးစေ လိုပါတယ်။
နိုင်ငံတော်နဲ့ ရွှေသံလွင်၊ Forever တို့ကြားထဲမှာ ချုပ်ထားတဲ့ကြားမှာ နိုင်ငံတော်က အချိုးဘယ်လောက် ရပြီးတော့ ပုဂ္ဂလိက အချိုးဘယ်လောက် ရတယ်ဆိုတာကို သိချင်ပါတယ် ခင်ဗျား။ အခွန်ဆောင်ထား မှုကိုလည်း သိချင်ပါတယ်။ ပုဂ္ဂလိက ရုပ်သံမီဒီယာတွေ ရောင်းထားတဲ့ စက်လုံးအရေအတွက်လည်း အတိအကျ သိလိုပါတယ်။
အဖြေ - ဦးမာန်သူရှိန် ပြောတာနဲ့ ပတ်သက်လို့ ကျွန်တော်အကြမ်းဖျင်း ဖြေကြားပါမယ်။ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ ဖြစ်ပါတယ်။ တင်ပြလာတဲ့ သတင်းစာ ရေးသားချက်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က ဒီမှာပြောကြားတာကတော့ ဥပဒေမရှိဘဲ ချုပ်ဆိုထားတဲ့ စာချုပ်များဆိုပြီး ခေါင်းစဉ်နဲ့ ပါတယ်။ နောက်မနေ့ တစ်နေ့ကထွက်တဲ့ သတင်းစာမှာလည်း ထပ်ပြီးပါတယ်။ ဒါကြောင့် ဥပဒေမရှိတဲ့ စာချုပ်ဆိုတာ မဟုတ်ပါဘူး။ တကယ်တော့ ဥပဒေ ရှိပါတယ်။ ဥပဒေက နှစ်ခုရှိပါတယ်။ ပထမ ဥပဒေအရ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်း ဥပဒေလို့ ခေါ်ပါတယ်။ ပုဒ်မ ၃ အပိုဒ်ခွဲ (ဇ) မှာ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်း ၁၂ မျိုး ရှိပါတယ်။ နံပါတ် ၉ မြောက်မှာ အသံထုတ်လွှင့်ခြင်းနဲ့ ရုပ်မြင်သံကြား ထုတ်လွှင့်ခြင်းလုပ်ငန်း ထည့်ထားပါတယ်။ အဲဒီဥပဒေရဲ့ ပုဒ်မ ၄ မှာပဲ ဘာပြန်ပြောထားသလဲ ဆိုတော့ "နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းကို သက်ဆိုင်ရာ ကုမ္ပဏီ တစ်ခုခုဖြင့် ဖက်စပ်လုပ်ကိုင်ခြင်းဖြင့် လည်းကောင်း၊ စည်းကမ်းထုတ်ပြန်ချက် တစ်ခုခု ထုတ်ပြန်ပြီး လုပ်မယ်ဆိုသော် လည်းကောင်း၊ နိုင်ငံတော် အစိုးရ အဖွဲ့ကနေ ပြီးတော့မှ ကန့်သတ်စည်းကမ်းချက်၊ လမ်းညွှန်ချက်ကို အမိန့်ကြေညာ ထုတ်ပြန်ပြီး လုပ်နိုင်တယ်လို့ ဖော်ပြထားတဲ့ အချက်တွေ ဖြစ်ပါတယ်။ နောက်တစ်ချက်က ရုပ်မြင်သံကြားနဲ့ ဗီဒီယိုဥပဒေ ဖြစ်ပါတယ်။ ဒါကလည်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့က ၈/၉၆ နဲ့ ထုတ်ခဲ့တာပါ။ အဲဒီမှာလည်း အခန်း ၉ ပုဒ်မ ၃၁ မှာ ဘာပါလဲဆိုရင် နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းကို
လုပ်ချင်တယ်ဆိုရင် နိုင်ငံတော် အစိုးရအဖွဲ့ကို တင်ပြပြီးမှ လုပ်ခွင့်ရှိတယ်။ အဲဒီလို မလုပ်ဘူးဆိုရင် ထောင်ဒဏ်၊ ငွေဒဏ်တွေ ရှိတယ်လို့ သတ်မှတ်ထားပါတယ်။ ကျွန်တော်တို့ အဓိက ဖြေရှင်းချင်တာကတော့ ပြန်ကြားရေး ၀န်ကြီးဌာန၊ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားနဲ့ သက်ဆိုင်ရာ အသံလွှင့် မီဒီယာ ကုမ္ပဏီများ၊ ရုပ်သံကုမ္ပဏီတို့နဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေက ကျွန်တော်တို့ ရှိခဲ့တဲ့ ဥပဒေနဲ့အညီ ဥပဒေအတိုင်းပဲ ချုပ်ဆိုခဲ့တာကို တင်ပြလိုပါတယ်။ ကိုမာန်သူရှိန်ကို ပြောကြား လိုတာကတော့ ရေးသားမှုတွေကို ပြန်စိစစ်ပေးဖို့ မေတ္တာရပ်ခံ လိုပါတယ်။ နောက်တစ်ခုကတော့ ဘယ်လောက်အချိုးအစားနဲ့ ဘယ်လိုပြောလဲ။ ဒီစာချုပ်တွေကို ချပြခွင့် ရှိလားလို့ ပြောပါတယ်။ စာချုပ်တွေကို ချပြခွင့် မပြခွင့် ဆိုတာထက် ကျွန်တော်တင်ပြ လိုတာကတော့ လက်ရှိလုပ်ဆောင်နေတဲ့ မြန်မာ့ရုပ်မြင် သံကြားရော၊ ရုပ်သံကုမ္ပဏီများရော ဥပဒေအတိုင်းပဲ ဆောင်ရွက်ခဲ့တယ်။ ဥပဒေ အတိုင်းပဲ စာချုပ်ချုပ်ဆိုတယ်။ စာချုပ်မှာလည်း သတ်မှတ်ချက်တွေ အကုန်ပါတယ်။ ဒီသတ်မှတ်ချက်တွေ အတိုင်းပဲ နိုင်ငံတော်ကို ၀င်ငွေပေးခဲ့တယ်။ အဲဒီ ၀င်ငွေအတိုင်းပဲ စာရင်းတွေကို ခံယူထားတယ်ဆိုတာ တင်ပြလိုပါတယ်။ ဒီနေရာမှာ တစ်နှစ်ချင်းအလိုက် တစ်ယောက်ဆီမှာ Forever ဆိုရင် ၂၀၀၅-၂၀၀၆ မှာ ၂၄၉ သန်း၊ သန်း ၇၂၀၊ ၆၁၃ သန်း၊ ၁၄၄၁ သန်း၊ ၂၅၁၃ သန်း၊ ၂၅၅၈ သန်း၊ ၁၈၄၇ သန်း စသဖြင့်ပေါ့။ တစ်ခုချင်းစီအလိုက် အားလုံးပေါင်းလိုက်မယ်ဆိုရင် သန်းပေါင်း ၁၀၈၆၉ လောက် သွင်းထားတယ်။ ပြန်ကြားရေး ၀န်ကြီးဌာနက ရသင့်ရထိုက်သော စာချုပ်အရ ၀င်ငွေအားလုံးကို နိုင်ငံတော်ကို သွင်းထားတယ်။
မေး - ကျွန်တော် ဆိုလိုတာက ဥပမာ ၅၀-၅၀၊ ၆၀-၄၀၊ ၈၅-၁၅ လား။ အဲဒီအချိုးကို တိတိကျကျလေး သိချင်တာပါ ခင်ဗျား။ နောက်တစ်ခုက အခွန်ပေးဆောင်မှု ဘယ်လောက်ရှိလဲ သိချင်ပါတယ်။
ဖြေ - အခွန်ပေးဆောင်မှု အနေနဲ့က ကျွန်တော်တို့ရဲ့ စာချုပ်မှာ သက်ဆိုင်ရာ ကုမ္ပဏီတွေက ကျွန်တော်တို့ နိုင်ငံမှာဆိုရင် ဘဏ္ဍာရေး ၀န်ကြီးဌာန ရှိမယ်။ အခွန်ဝန်ကြီးဌာနတို့ကို သွင်းရပါမယ်။ ကုန်သွယ်ခွန်တွေ၊ ၀င်ငွေခွန်တွေကို ပေးဆောင်ရပါမယ်။ အခွန်တွေကို ပေးဆောင်ရဖို့ဆိုတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ချုပ်ဆိုထားတဲ့ သတ်မှတ်ချက်ထဲမှာ စိစစ်ဖို့ မပါပါဘူး။ ကျွန်တော်တို့ တာဝန်လည်း မဟုတ်ပါဘူး။ ကျွန်တော်တို့က ကျွန်တော်တို့ ၀င်ငွေရဲ့ သတ်မှတ်ချက်ကိုပဲ လက်ခံပြီး နိုင်ငံတော်ကို ပေးသွင်းရတာပါ။ ဒါကြောင့် ကိုမာန်သူရှိန်မေးတဲ့ မေးခွန်း စက်ပစ္စည်း အလုံးရေတွေ သိချင်တယ်။ ၀င်ငွေခွန် ဆောင်ထားတာ ဘယ်လောက်ရှိလဲ သိချင်ရင်တော့ ကျွန်တော့် မေတ္တာရပ်ခံချက်က အခွန်ဦးစီး ဌာနရုံးမှာ တရားဝင် အချက်အလက်တွေနဲ့ သက်ဆိုင်ရာ ကုမ္ပဏီတွေမှာ သွားရောက်မေးမြန်း ပြောဆိုနိုင်ပါတယ်။
မေး - ဟိုဘက်ဒီဘက် အချိုး ရုပ်သံတစ်ခုတည်းပဲ သိချင်ပါတယ်။ ပမာဏအချိုး ၇၀-၃၀ လား၊ ၅၀-၅၀ လား၊ ၈၅-၁၅ လား။
ဖြေ - အချိုး အနေနဲ့တော့ သတ်မှတ်ချက် အနေနဲ့ ၀င်ငွေတွေအရ တင်ပြထားတဲ့အခါ သတ်မှတ်ဝင်ငွေအတိုင်း သွင်းထားတယ် ဆိုတာပဲ။ အချိုးရယ်လို့ မဟုတ်ဘူး။ စာချုပ်ပါ အချက်အတိုင်းပဲ သတ်မှတ်ထားတဲ့ ၀င်ငွေရရှိရေးပဲ ဖြစ်ပါတယ်။
သတင်းနှင့်ဓာတ်ပုံ -  Eleven Media Group

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template