Headlines News :
Home » » မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှု ချေးငွေယန်း ၆၃ ဘီလျံ ချပေးမည့် အစီအစဉ် အပါအ၀င် သဘောတူညီမှုဆိုင်ရာ စာချုပ်များကို မြန်မာနှင့်ဂျပန် လက်မှတ်ရေးထိုး

မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှု ချေးငွေယန်း ၆၃ ဘီလျံ ချပေးမည့် အစီအစဉ် အပါအ၀င် သဘောတူညီမှုဆိုင်ရာ စာချုပ်များကို မြန်မာနှင့်ဂျပန် လက်မှတ်ရေးထိုး

Written By လွင့်မောင်မောင် on Monday, December 16, 2013 | 9:06 AM

ဒီဇင်ဘာ ၁၅ ရက် တနင်္ဂနွေနေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ၀န်ကြီးချုပ်ရုံးတွင် မြန်မာ-ဂျပန် ထိပ်သီးအစည်းအဝေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ လမ်းအခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှုချေးငွေ ယန်း ၆၃ ဘီ လျံချပေးမည့် အစီအစဉ် အပါအ၀င် အခြားအကူအညီပေးရေး သဘောတူညီမှုဆိုင်ရာ စာချုပ်များကို နှစ်နိုင်ငံ လက်မှတ်ရေးထိုး ခဲ့ကြသည်။
ဝန်ကြီးချုပ်ရုံးတွင် နံနက် ၁၁ နာရီ အချိန်ခန့်မှ စတင်ခဲ့သော နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးပွဲ မစတင်မီ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက နှုတ်ဆက်စကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် ဂျပန်နိုင်ငံ အနေဖြင့် အင်တိုက်အားတိုက် အကူအညီ ပေးမည်ဖြစ်ကြောင်းနှင့် ရှေ့ဆက်၍လည်း နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုခိုင်မြဲ လာနိုင်ရေးအတွက် မျှော်လင့်ပါကြောင်း ပြောကြားသည်။
နေ့လယ် ၁၂ နာရီ အချိန်ခန့်တွင် ထိပ်သီးအစည်းအဝေးပွဲ ပြီးဆုံးခဲ့ပြီး အစည်းအဝေးပွဲတွင် သဘောတူညီမှု ရရှိခဲ့သည့် အချက်များကို နှစ်နိုင်ငံခေါင်းဆောင်များ ရှေ့မှောက်တွင် လက်မှတ်များ ရေးထိုးခဲ့ကြသည်။ ယခုထိပ်သီး အစည်းအဝေးပွဲတွင် မြန်မာ-ဂျပန် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ မြင့်မားလာစေရေးအတွက် ဂျပန်နိုင်ငံက အကူအညီပေးရေး သဘောတူညီချက်နှစ်ခု လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ သဘောတူညီမှု လက်မှတ်ရေးထိုးအပြီး ပူးပေါင်းသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် ဂျပန်ဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ အပစ်အခတ် ရပ်စဲရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးသည် ပြည်သူလူထုအားလုံးက မျှော်လင့်နေကြသည့် အရာတစ်ခုဖြစ်ကြောင်းနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဂျပန်နိုင်ငံဘက်ကလည်း အထူးကိုယ်စားလှယ်တစ်ဦး ထားရှိပြီး အကူအညီ ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံက အကူအညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံတွင် လမ်းအခြေခံ အဆောက်အအုံများ တိုးတက်လာရေးအတွက် ဂျပန်နိုင်ငံက ဖွံ့ဖြိုးတိုးတက်မှုချေးငွေ ယန်း ၆၃ ဘီလျံ ချထားပေးမည်ဖြစ်ပြီး သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ဂျပန်ကုမ္ပဏီများ မြှုပ်နှံလာစေရေး အတွက်လည်း တွန်းအားပေးသွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဆက်လက်ပြောကြားသည်။ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက စီးပွားရေးဆိုင်ရာ သဘောတူညီမှုများ လက်မှတ်ရေးထိုးမှုတွင် မြန်မာနိုင်ငံ အနေဖြင့် စီးပွားရေး လုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ဖြေလျှော့ရန် သဘောတူညီ ခဲ့သည့်အတွက်လည်း အထူးဝမ်းမြောက်ပါကြောင်း ပြောကြားသည်။
သမ္မတဦးသိန်းစိန်သည် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ဂျပန်-အာဆီယံ နှစ် ၄၀ ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးပွဲများ တက်ရောက်ရန်အတွက် ဒီဇင်ဘာ ၁၃ ရက်က စတင်ရောက်ရှိ နေခြင်းဖြစ်သည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template