Headlines News :
Home » » စည်းကမ်းရှိရှိ၊ နိုင်ငံကြီးသားပီသစွာ အားပေးရန် မန္တလေးပရိသတ်အား မေတ္တာရပ်ခံ

စည်းကမ်းရှိရှိ၊ နိုင်ငံကြီးသားပီသစွာ အားပေးရန် မန္တလေးပရိသတ်အား မေတ္တာရပ်ခံ

Written By လွင့်မောင်မောင် on Wednesday, December 18, 2013 | 4:00 PM

မန္တလေးမြို့တွင် ယနေ့ ကျင်းပမည့် မြန်မာအမျိုးသမီးဘောလုံးအသင်းနှင့် ထိုင်းအမျိုးသမီး ဘောလုံးအသင်းတို့၏ အကြိုဗိုလ်လုပွဲမှာ အရေးကြီးပွဲစဉ်ဖြစ်ပြီး သုဝဏ္ဏကွင်းမှ ဖြစ်ရပ်မျိုး ထပ်မံမကြုံတွေ့စေရန် နေပြည်တော်နှင့် ရန်ကုန်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား မန္တလေးသို့ စေလွှတ်ပြီး အင်အားတိုးမြှင့်လိုက်ပြီဖြစ်ကြောင်း ဆီးဂိမ်းလုံခြုံရေးတာဝန်ယူထားသူ ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။

““မန္တလေးမှာ နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတစ်ဦးက ဦးစီးမယ်။ ရဲမှူးချုပ်တစ်ဦးရှိမယ်။ ရဲတပ်ရင်း (၃)က တပ်ဖွဲ့ဝင်တွေ ရှိမယ်။ တိုင်းရဲတပ်ဖွဲ့မှူးလည်း ရှိမယ်။ အခု နေပြည်တော်နဲ့ ရန်ကုန်က အရန်တပ်တွေကိုပါ ထပ်လွှတ်လိုက်ပြီ။ မနေ့က သုဝဏ္ဏကွင်းဖြစ်စဉ်ကြောင့် ပုံမှန်လုံခြုံရေးထက် သုံးပုံတစ်ပုံ တိုးမြှင့်လိုက်ပါတယ်။ မြန်မာပရိသတ်တွေရဲ့ ခံစားချက်ကိုလည်း နားလည်ပါတယ်”” ဟု ၎င်းကပြောကြားသည်။
မန္တလာသီရိဘောလုံးကွင်းမှာလည်း အရံအတားများ ကာရံထားခြင်းမရှိသည့်အတွက် အကြိုဗိုလ်လုပွဲတွင် ပရိသတ်ကို ထိန်းမရမည်ကို ပူပန်မိကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။ ထို့ပြင် အမျိုးသားလက်ရွေးစင်ဘောလုံးအသင်းမှာ အုပ်စုအဆင့်မှ နှုတ်ဆက်သွားရသည့်အတွက် မြန်မာပြည်သူများ၏ မျှော်လင့်ချက်မှာ အမျိုးသမီးဘောလုံးအသင်းထံသို့ စုပြုံပုံအောထားသည့် အနေအထား ဖြစ်နေသည်။

““ပြိုင်ပွဲကျင်းပမယ့် မန္တလာသီရိကွင်းက သုဝဏ္ဏလို အကာအရံတွေလည်း မလုပ်ရသေးတော့ လူတံတိုင်းနဲ့ လုံခြုံရေးပေးရမယ့် အနေအထား ဖြစ်နေတယ်။ ပြီးတော့ ကျွန်တော်တို့အနေနဲ့ အတတ်နိုင်ဆုံး ပရိသတ်ကြီးကို ဖျောင်းဖျထိန်းသိမ်းမယ်။ ပညာပေးသွားပါမယ်”” ဟု ၎င်းက ပြောကြားသည်။

ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲ မကျင်းပမီက မန္တလေးမြို့တွင် လုံခြုံရေးအင်အား ၁၈၀၀ ခန့်သာ အသုံးပြုရန် စီစဉ်ခဲ့သော်လည်း ပြိုင်ပွဲကျင်းပနေသည့် လက်ရှိတွင် ဆီးဂိမ်းပွဲတော်အတွက် လုံခြုံရေးအင်အား ၃၄၀၀ ခန့် အသုံးပြုထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆီးဂိမ်းအမျိုးသမီး ဘောလုံးပြိုင်ပွဲအကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲများ  ကျင်းပမည့် ဒီဇင်ဘာ ၁၈ ရက်နှင့် ဒီဇင်ဘာ ၂၀ ရက်များ တွင် အားကစားကွင်းသို့ လာရောက်အားပေးသော ပရိသတ်များအား လမ်းတစ်ဝက်မှ စတင် စစ်ဆေးမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှလည်း ထုတ်ပြန်သည်။

မန္တလေးသီရိအားကစားကွင်းသို့ လာရောက်ရာတွင် ၆၈ လမ်းနှင့် ငုရွှေဝါလမ်းဆုံ၊ ၆၈ လမ်းနှင့် သဇင်လမ်းဆုံ၊ ၇၃ လမ်းနှင့် ငုရွှေဝါလမ်းဆုံ၊ ၇၃ လမ်းနှင့် သဇင်လမ်းဆုံတို့မှ ဘောလုံးပွဲလက်မှတ်(သို့)ယာဉ်ဝင်ထွက်ခွင့်လက်မှတ်ပါသော မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကိုသာ အားကစားကွင်းတွင်းသို့ ၀င်ရောက်ခွင့်ပြုမည်ဖြစ်ပြီး ဘောလုံးပွဲလက်မှတ်(သို့) ယာဉ်ဝင်ခွင့်လက်မှတ်မပါသော မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကို အားကစားကွင်းရှိရာသို့ ဆက်လက်ဝင်ရောက်ခွင့်ပြုမည်မဟုတ်ဘဲ လုံခြုံရေး၊ စည်းကမ်းထိန်းသိမ်းရေးတာဝန်ရှိသူများ ညွှန်ပြသည့် ရှောင်ကွင်းလမ်း ကြောင်းများအတိုင်းသာ မောင်းနှင်သွားလာရမည်ဖြစ်ကြောင်း နှင့် ထိုသို့စိစစ်မှုကို မွန်းတည့် ၁၂ နာရီမှ ပြိုင်ပွဲပြီးဆုံးချိန်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီက ထုတ်ပြန်သည်။မြန်မာအမျိုးသမီးဘောလုံးအသင်း ယှဉ်ပြိုင်ကစားခဲ့ပြီးဖြစ်သည့် ပွဲစဉ် (၂)ခုတွင် အားကစားကွင်း ၀င်၊ ထွက်ပေါက်များ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စစ်ဆေးမှုများကြောင့် လူအများစုပြုံတိုးဝှေ့နေခဲ့ရပြီး အဆင်မပြေကြောင်း၊ လမ်းတစ်ဝက်မှ စတင်စစ်ဆေးမည်ဆိုလျှင် ပွဲကြည့်ပရိသတ်များ အဆင်ပြေစွာ ၀င်ထွက်နိုင်ရေးကိုလည်း အလေးထားလုပ်ဆောင်ပေးစေလိုသည် ဟုမန္တလေးမြို့ စိန်ပန်းရပ်ကွက်မှ အသက် ၃၀ ရွယ် ဘောလုံးပွဲကြည့်ပရိသတ်တစ်ဦး ကပြောသည်။

မန္တလေး ဘောလုံးပွဲကြည့်ပရိသတ်များအနေဖြင့် ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲအား မြို့၏ ဂုဏ်သိက္ခာနှင့်အညီ စည်းကမ်းရှိရှိ၊ နိုင်ငံကြီးသပီသစွာ အားပေးကြရန် ပြိုင်ပွဲကျင်းပရေး ကော်မတီက မေတ္တာရပ်ခံသည်။
မန္တလေးမြို့တော်သည် ရှေးအစဉ်အဆက်ကပင် ယဉ်ကျေးပျူငှာဖော်ရွှေမှုအစဉ်အလာရှိခဲ့သော မြို့တော်ဖြစ်ကြောင်း၊ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို မန္တလေးမြို့တော်မန္တလာသိရီအားကစားကွင်းကြီးတွင် ကျင်းပလျက်ရှိရာ ပြိုင်ပွဲကာလတစ်လျှောက်လုံး မန္တလေးမြို့တော်သူ၊ မြို့တော်သား ဘောလုံးပရိသတ်များအနေဖြင့် စည်းကမ်းရှိရှိ၊ အစဉ်အလာရှိရှိ မြို့တော်၏ ဂုဏ်သိက္ခာနှင့်အညီ နိုင်ငံကြီးသားပီသစွာ အားပေးကြပါရန်ဟု ပြိုင်ပွဲကျင်းပရေး ကော်မတီမှ မေတ္တာရပ်ခံချက်ထုတ်ပြန်သည်။
““ပြီးခဲ့တဲ့ ဗီယက်နမ်နဲ့ပွဲမှာ ပရိသတ်က ကွင်းလုံးပြည့်လာအားပေးတယ်။ မြန်မာအမျိုးသမီးအသင်း ရှုံးပေမဲ့ စည်းကမ်းရှိရှိ အားပေးခဲ့ကြတာတွေ့ရပါတယ်။ အဲဒါကြောင့် ရှေ့လာမယ့်ပွဲတွေမှာလည်း အဲဒီလိုပဲ အားပေးစေလိုပါတယ်””ဟု ပြိုင်ပွဲကျင်းပရေးကော်မတီ သတင်းမှတ်တမ်းနှင့် ပြန်ကြားရေးဌာနမှ ဦးကျော်သန်းထွန်းကပြောသည်။

မြန်မာအမျိုးသားဘောလုံးအသင်းသည် အင်ဒိုနီးရှားအသင်းကို ရှုံးနိမ့်ခဲ့ပြိး အုပ်စုအဆင့်မှ နှုတ်ထွက်ရ၍ မြန်မာဘောလုံးပရိသတ် များစွာ စိတ်ပျက်ဝမ်းနည်းခဲ့ရပြီး ပရိသတ်အချို့ကမူ ကွင်းတွင်းနှင့် ကွင်းပြင်ပ ဆူပူဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့ရသည်။
““ဆူပူမှုဖြစ်လာရင် အကြမ်းဖက်နှိမ်နင်းရေးအရ ချေမှုန်းရမယ်ဆိုပေမယ့် ကျွန်တော်တို့ မနေ့ကဖြစ်စဉ်မှာ တားဆီးတဲ့အဆင့်ပဲ လုပ်ခဲ့ပါတယ်။ ပရိသတ်ရဲ့ ရုတ်တရက်ဖြစ်လာတဲ့ ဒေါသကိုလည်း ကျွန်တော်တို့ နားလည်ပါတယ်။ ဒါကြောင့် သိမ့်မွေ့ညင်သာစွာနဲ ကိုင်တွယ်ခဲ့ပါတယ်”” ဟု ၎င်းက ပြောကြားသည်။
သုဝဏ္ဏကွင်းဖြစ်စဉ်တွင် ဖမ်းဆီးရမိသူ ၁၀ ကျော်ကို စစ်ဆေးပေါ်ပေါက်ချက်အရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ရဲမှူးကြီးက ဆိုသည်။

7day Daily
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template