Headlines News :
Home » » အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ကားမီးလောင်မှုကြောင့် လူ ၁၂ ဦးသေဆုံး

အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ကားမီးလောင်မှုကြောင့် လူ ၁၂ ဦးသေဆုံး

Written By လွင့်မောင်မောင် on Saturday, April 12, 2014 | 9:55 PM


(ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် ယာဉ်နှစ်စီးကို ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ဧပြီ ၁၂ ရက် နံနက် ၂ နာရီ ၁၅ မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားပြီး ကားမီးလောင်မှုကြောင့် လူ ၁၂ ဦးသေဆုံးခဲ့သည်။

အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၆ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံအကြားတွင် ခရီးသည် ၄၄ ဦး လိုက်ပါလျှက် တောင်ကြီးမှရန်ကုန်သို့ မောင်းနှင်လာသော ယာဉ်အမှတ် ၅ဃ/၈၂၅၆ “တောင်ပြာတန်း” ခရီးသည်တင် မှန်လုံယာဉ်သည် မြောက်မှတောင်သို့ ယာဉ်ကြောတူ မောင်းနှင်လာသော အဖြူရောင်ဆလွန်းကားသေး ယာဉ်အမှတ် ၉ဗ/၉၃၀၂ အား ၀င်တိုက်မိကာ ကား ၂ စီးလုံး မီးလောင်ကျွမ်းဆုံးရှုံးခဲ့ပြီး လူ ၁၂ ဦးမှာလည်း မီးလောင်ကျွမ်းကာ သေဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လူ ၁၂ ဦး မီးလောင်ကျွမ်းသေဆုံးမှု ဖြစ်ပွားခဲ့ရာ ဆလွန်းကားငယ်ပေါ်မှ ယာဉ်မောင်းအပါအ၀င်လူ ၆ ဦးနှင့် “တောင်ပြာတန်း” ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ လူ ၆ ဦး၊ စုစုပေါင်း ၁၂ ဦးသေဆုံးခဲ့ခြင်းဖြစ်ပြီး ၄ ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်။ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိသော ခရီးသည် ၁၀ ဦးခန့်မှာ မိမိသဘောဖြင့် လိုရာခရီးသို့ ဆက်လက်ထွက်ခွာသွားသဖြင့် ယင်းနေ့ မွန်းလွဲပိုင်း ၃ နာရီ အချိန်အထိ “တောင်တန်းပြာ”ခရီးသည်တင် မှန်လုံယာဉ်ပေါ်တွင် သေဆုံးသူများမှာ မည်သူမည်ဝါ၊ ကျား/မ အတိအကျ ခွဲခြားနိုင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။

“ကျွန်မတို့ သိတာကတော့ ကား ၂ စီး ယှဉ်မောင်းရာကနေ “တောင်ပြာတန်း” ကားကြီးက ကားလေးကိုတိုက်ပြီး ဖိကြိတ်သလို ဖြစ်သွားတော့ ကားလေးက ဓါတ်ဆီတိုင်ကီပေါက်ပြီး မီးထလောင်တာ၊ “တောင်ပြာတန်း” မှန်လုံယာဉ်က လူ ၆ ဦး မီးလောင်ပြီးသေတယ်၊၊ ၄ ဦးဒဏ်ရာရသွားတယ်၊ ကားလေးကတော့ လူ ၆ ဦးသေတယ် ကျား ၃ ဦး မ ၃ ဦးသေတာ၊ ကားကြီးရော ကားလေးရော အားလုံး ၁၂ ဦးသေတာပါ “တောင်တန်းပြာ” ကားပေါ်မှာ မီးလောင်ပြီးသေတဲ့ ၆ ဦးကတော့ ကျား/မခွဲခြားလို့ မရသေးပါဘူး” ဟုအမြန်လမ်းမကြီး ကြက်ခြေနီစခန်း တာဝန်ခံ၊ ဆရာမဒေါ်သန်းသန်းမြင့်က ယင်းနေ့မွန်းလွဲပိုင်း ၃ နာရီက ပြောကြားသည်။

“ကျွန်တော်ကတောင်ကြီးက PPT ကုမ္ပဏီ ၀န်ထမ်းပါ သင်္ကြန်ရက်မှာ အိမ်ကိုပြန်တာပါ။ ကားပေါ်မှာ မအိပ်ပဲစီးလာတာ လမ်းကအကျယ်ကြီး ကားလေးက အနောက်ဘက်ခြမ်းက ကျွန်တော်တို့မှန်လုံးကားက အရှေ့ဘက်ခြမ်းက မောင်းနေတာ၊ ကားကြီးက ကျော်တက်တာမဟုတ်ဘူး၊ ကားလေးကကျော်တက်တာ၊ ကားကြီးကခေါင်းမငြိမ်ဘူး ပလက်ဖောင်းကိုဝင်တိုက်ပြီးမှ ဖြစ်တယ်လို့ထင်တာ ပြီးမှကားကြီးက ရမ်းပြီး ကားလေးဖင်ကို ၀င်ဆောင့်တာ ဖောင်းခနဲပဲထမြည်တယ် အဲဒီလိုဖြစ်လည်းဖြစ်ပီးရော ကားလေးကနေ အရင်မီးထလောင်တာပဲ၊ ဆီတိုင်ကီကိုပွတ်တိုက်ပြီး အပူချိန်နဲ့ ထလောင်တယ်လို့ပဲ ထင်တယ်၊ ကျွန်တော်တို့ မသေတာ ကားကြီးကပေါက်ကွဲမှုမဖြစ်တာရယ် မှောက်မသွားတာရယ်ကို ကျေးဇူးတင်ရမယ်၊ ကျွန်တော်တို့ကားကြီးသာ တစ်ခုခုပေါက်ကွဲမှုဖြစ်ရင် ကားပေါ်မှာပါတဲ့ လူတွေအကုန်လုံး အသက်မရှင်နိုင်ဘူး ဘာဖြစ်လို့လည်းဆိုတော့၊ ကားမှန်တွေက ခွဲလို့မရဘူး၊ ခြေထာက်တွေနဲ့ကန်ပြီးခွဲလည်း မရဘူး။ ကားနောက်ကနေ မှန်လေးတစ်ချပ်ဖွင့်လို့ရတာကလည်း တော်တော်ကံကောင်းသွားတာ၊ အသက်ရှင်ကျန်တဲ့ ကျွန်တော်တို့အားလုံး ကားနောက်ခန်း အပေါက်ကနေ ကြိုးစားပြီးထွက်လာရတာ” ဟု “တောင်ပြာတန်း” ခရီးသည်တင် မှန်လုံယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်နေ ကိုထွန်းထွန်းက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားရာသို့ ဖြူးအမြန်လမ်း ရဲတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းကြက်ခြေနီစခန်းမှ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့များ၊ ဖြူးမြို့နယ် နာရေးကူညီမှုအသင်း၊ ဖြူးမြို့ပြည်သူ့ဆေးရုံကြီး၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး သေဆုံးသူများအား ကျား/မ အမည်၊ နေရပ်လိပ်စာများ စုံစမ်းစစ်ဆေး ကူညီဆောင်ရွက်လျက်ရှိသည်။

“တောင်ပြာတန်း” ခရီးသည်တင် မှန်လုံယာဉ်မှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့မှာ ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး “တောင်ပြာတန်း” ခရီးသည်တင်ယာဉ်မောင်း ဦးအောင်ဇေယျ (အမည်၊ အသက်၊ နေရပ်၊ စီစစ်ဆဲ)အား ဖြူးအမြန်လမ်း ရဲစခန်းမှ ယာဉ်(ပ)၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template