အပစ်အခတ် ရပ်စဲရေးမူကြမ်း ဆွေးနွေးပွဲတစ်ခု ဓာတ်ပုံ - Nimrod Andrew |
မြန်မာ သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဌ ၂ ဦး၊ ကာကွယ်ရေး စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ကိုယ်စားလှယ်ဖြစ်တဲ့ ဒေါက်တာ အေးမောင်တို့က တွေ့ဆုံကြမှာ ဖြစ်တယ်လို့ ဒေါက်တာ အေးမောင်က ပြောပြတဲ့အကြောင်း လွှတ်တော်အမတ် ဦးရဲထွန်းရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
၆ ပွင့်ဆိုင် ဆွေးနွေးပွဲအတွင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ နိုင်ငံရေး ပြဿနာ ဖြေရှင်းရေးအကြောင်းတွေ ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ သမ္မတ၊ လွှတ်တော်၊ စစ်ဦးစီးချုပ်တို့နဲ့ လေးပွင့်ဆိုင် ဆွေးနွေးရေးကို လိုလားကြောင်း ပြောခဲ့ပေမယ့် အစိုးရကတော့ လေးပွင့်ဆိုင်က ဘောင်ကျဉ်းတဲ့အတွက် လေးပွင့်ဆိုင်အစား ခြောက်ပွင့်ဆိုင် ဆွေးနွေးမှုလုပ်ဖို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။
ပါလီမန်မှာ တိုင်းရင်းသားပါတီ ၁၄ ပါတီရှိတဲ့အထဲက ဒေါက်တာ အေးမောင်ကို ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။
တခြား ဖြစ်ရပ်တစ်ခုမှာတော့ မြန်မာ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ဖို့အတွက် ဆွေးနွေးမှုတွေ ပြန်လည်စတင်နေပြီလို့ သိရပါတယ်။
အဲဒီလို ဆွေးနွေးနိုင်ဖို့အတွက် မြန်မာ ငြိမ်းချမ်းရေးစင်တာအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဒီကနေ့ တွေ့ဆုံနေပြီ ဖြစ်ပါတယ်။
ABC Radio Australia