Headlines News :
Home » , » ဦးအောင်မင်း လွှတ်တော်ကို လိမ်ပြောမိခဲ့သလား

ဦးအောင်မင်း လွှတ်တော်ကို လိမ်ပြောမိခဲ့သလား

Written By လွင့်မောင်မောင် on Monday, March 16, 2015 | 2:53 PM



၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၃ ရက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း MPC နှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်သို့ လာရောက်ရှင်းလင်းစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)
၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၁၃ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ငြိမ်းချမ်းရေးကားပါမစ်တွေနဲ့ ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “လိုင်စင်စာအုပ်မှာ တံဆိပ်တုံး နှိပ်လိုက်ပါတယ်။ အဲ့ဒီတံဆိပ်တုံးက ဘာလဲဆိုရင် ဒီကားကို ပိုင်ရှင်ကပဲစီးရမယ် လက်လွှဲလက်ပြောင်း မပြုရဘူးဆိုတဲ့သဘောမျိုး ဒီလိုရေးထားခြင်းဖြစ်တယ်”လို့ လာရောက်ပြောကြား ခဲ့ပါတယ်။

၂ဝ၁၅ ခုနှစ် မတ် ၁ဝ ရက် မှာ နေပြည်တော်က ကညနရုံးချုပ်ကို မေးမြန်းတဲ့အခါ ငြိမ်းချမ်းရေး ပါမစ်ကားတွေနဲ့ပတ်သက်လို့ ပြည် တွင်းအခွန်မှာ အခွန်ဆောင်လိုက်တာနဲ့ အခွန်ဆောင်လိုက်တဲ့ ဘယ်သူ့အမည်ကိုမဆို ပြောင်းလို့ရတယ်၊ ရုံးတွင်းအမိန့်စာလည်း ထွက်ပြီးဖြစ်တယ်လို့ ပြောပါတယ်။

ဆိုလိုတဲ့ အဓိပ္ပာယ်ကတော့ ပြည်တွင်းအခွန်မှာ အခွန်ဆောင်လိုက်ရင် ဘယ်နှလက်ပဲပြောင်းပြောင်း ပြောင်းလို့ရတယ်၊ အမည်ကိုလည်း ကြိုက်သလောက်ပြောင်းလို့ ရတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်လို့ ငြိမ်းချမ်းရေး ပါမစ်ကားတွေဖြစ်တဲ့ 9E/1000 ကျော်ကားတွေဟာ ကြိုက်သလို တရားဝင် လက်လွှဲလက်ပြောင်း လုပ်ခွင့်ရှိတဲ့ အခြေအနေ ဖြစ်သွားပါ ပြီ။

ဒီတော့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြည်ထောင်စုလွှတ်တော်မှာ ပြောခဲ့တာနဲ့ ပြောင်းပြန်ဖြစ်နေတဲ့အတွက် ဝန်ကြီးအနေနဲ့ ဘာကြောင့် ဒီလိုပြောခဲ့သလဲ၊ မသိလို့လား၊ အခုကတော့ လွှတ်တော်ကို လိမ်ပြောသလို ဖြစ်နေပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ သမ္မတရဲ့ စကားတည်တံ့မှုက အရေးကြီးပါတယ်၊ သမ္မတက အရေးကြီးသလို သမ္မတရုံးဝန်ကြီးတွေရဲ့ ပြောစကားတွေကလည်း တည်တံ့မှန်ကန်ဖို့ အရေးကြီးပါတယ်။ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး တစ်ယောက်ရဲ့ စကားက တည်တံ့မှုမရှိဘဲ လွဲမှားနေတယ်၊ အလွဲတွေ ပြောခဲ့တယ်ဆိုရင် ပြည်သူတွေရဲ့ မယုံမရဲမှုတွေ တိုးလာဖို့ပဲရှိတယ်။ ဒါကြောင့် လွှတ်တော်ကို လိမ်ပြောမိခဲ့သလားဆိုပြီး မေးမြန်းနေရတာပါ။

နောက်ထပ် အရေးကြီးတဲ့ အချက်က ငြိမ်းချမ်းရေးခေါင်းစဉ်နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့က ကားအစီးပေါင်း ၁၁၁ဝ စီးကို ခွင့်ပြုပေးလိုက်တာမှာ ဝန်ကြီးတို့ ပြောတဲ့အတိုင်းမဟုတ်ဘဲ နိုင်ငံတော်က အခွန်အရပ်ရပ် အမေရိကန်ဒေါ်လာ သန်း ၃ဝဝ နစ်နာသွားတဲ့ ကိစ္စပါ။

လွှတ်တော်မှာ ၀န်ကြီး ဒီလိုပြောခဲ့တယ်

၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၁၃ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ငြိမ်းချမ်းရေး ကားပါမစ်တွေနဲ့ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပြောခဲ့တဲ့ စကားအချို့က ဒီအတိုင်းပါ။

“ကျွန်တော်တို့ သူတို့ကို ကားပါမစ်ပေးတာ မဟုတ်ပါဘူးဗျာ။ ကျွန်တော်တို့ အမိန့်စာထဲမှာလည်း ကားပါမစ်ပေးတယ်လို့လည်း မရေးပါဘူးခင်ဗျာ။ ကျွန်တော်တို့ပေးတာက သူတို့စီးတဲ့ကားတွေကို Register လုပ်ပေးတာပဲ ဖြစ်ပါတယ်။ မှတ်ပုံ တင်ပေးတာပဲ ဖြစ်ပါတယ်”

“ကျွန်တော်တို့ နိုင်ငံရေး တည်ဆောက်တဲ့ကိစ္စဟာ ဥပဒေပြင်ပမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ဥပဒေထဲကို ရောက်လာအောင် ကျွန်တော်တို့က ခေါ်ရတဲ့လူတွေ ဖြစ်ပါတယ်။ အလားတူပဲ သူတို့ဥပဒေပြင်ပမှာရှိနေတဲ့ ကားတွေကို ဥပဒေထဲရောက်အောင် မှတ်ပုံတင်ပေးခြင်းသာ ဖြစ်ပါတယ်။ အဲ့ဒီလိုတင်ပေးတဲ့ အခါမှာလည်း အဖွဲ့ပေါင်း အားလုံးပေါင်း ၁၆ ဖွဲ့ ဖြစ်တဲ့အတွက် ၁၆ ဖွဲ့ဆိုတဲ့အတွက် အဲ့ဒီမှာ အရေအတွက် များပါတယ်။ ဒါကြောင့်မို့လို့ ဒီမှာအားလုံးပေါင်း လူကြီးစီးတဲ့ကားတွေကိုတော့ ကျွန်တော်တို့က တန်းပြီးတော့မှတ်ပုံတင် ပေးလိုက်ပါတယ်။ လူငယ်တွေ၊ တပ်ဖွဲ့ဝင်တွေစီးတဲ့ ကားတွေကိုတော့ အခွန် ၆ဝ ရာခိုင်နှုန်းဆောင်ပြီးမှ လုပ်ပေးတာဖြစ်ပါတယ်။ ဒီလို ၆ဝ ရာခိုင်နှုန်းဆောင်တာ ဆိုတာဟာ လုပ်ငန်းအသစ်အဆန်း မဟုတ်ပါဘူး။ ကျွန်တော်တို့ အရင်တုန်းက Without လိုင်စင်ကားတွေကို လုပ်ပေးတဲ့ နည်းစနစ်အတိုင်းသာ ဆောင်ရွက်ခြင်းဖြစ်ပါတယ်”

“အဲဒီတော့ ဒီကားတွေကိုလည်း နံပါတ်တွေကို ပေးတဲ့အခါမှာ ကညနကနေပြီးတော့ နံပါတ်ကို Grouping နဲ့ ထုတ်ပေးပါတယ်။ အဲ့ဒီပေးတဲ့ လိုင်စင်စာအုပ်မှာ တံဆိပ်တုံးနှိပ်လိုက်ပါတယ်။ အဲ့ဒီတံဆိပ်တုံးက ဘာလဲဆိုရင် ဒီကားကို ပိုင်ရှင်ကပဲစီးရမယ် လက်လွှဲလက်ပြောင်းခြင်း မပြုရဘူးဆိုတဲ့ သဘောမျိုး ဒီလိုရေးထားခြင်းဖြစ်တယ်။ ဒီကားတွေဟာ အပြင်မှာသွားရောင်းရင် ဈေးကောင်းမရပါဘူး။ အဲလို စနစ်တကျ လုပ်ထားခြင်းဖြစ်ပါတယ်။ ကား Register လုပ်ပေးတယ် ဆိုတာကလည်း ကက်ဘိနက်ကို တင်ပြပြီးကာမှ ခွင့်ပြုချက်နဲ့ ထုတ်ပေးခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်ဦးတစ်ယောက်တည်းရဲ့ သဘောအရ ဆောင်ရွက်ပေးခြင်း မဟုတ်ကြောင်းလည်း ဒီလိုတင်ပြအပ်ပါတယ်” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီး အလွဲတွေပြောမိတာလား လွဲပြီး ပြောမိလိုက်တာလား

ဝန်ကြီးပြောတာက ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေ စီးနေတဲ့ကားတွေကို မှတ်ပုံတင်ပေးတယ်လို့ပြောတယ် ဒါဆို Rolls Royce Phantom တို့ Lamborghini တို့က တောထဲမှာ လက်ရှိစီးနေတဲ့ကားတွေလား မေးစရာ ရှိလာပါတယ်။

နောက် ဝန်ကြီးပြောတဲ့ လက်လွှဲလက်ပြောင်း မပြုရဘူးဆိုတဲ့ အဓိပ္ပာယ်ရတဲ့ တံဆိပ်တုံးကရော အခုဘာအဓိပ္ပာယ် ဖြစ်သွားပြီလဲ။

အခု လပိုင်းလေးမှာတင် ပြည်ထောင်စု အစိုးရအဖွဲ့မှာပါတဲ့ လူကြီးတစ်ယောက်ရဲ့ မိသားစုဝင်တစ်ယောက်က ငြိမ်းချမ်းရေးပါမစ်နဲ့ အမည်ပေါက် အရောင်းအဝယ်လုပ်ပြီး ဒေါ်လာသိန်းဂဏန်းကနေ သန်းဂဏန်းအထိတန်တဲ့ Lamborghini ကားကို အခွန်ကင်းလွတ်ခွင့်ဈေးနဲ့ စီးနေပါပြီဝန်ကြီး။

ဝန်ကြီးက လက်လွှဲလက်ပြောင်း မလုပ်ရဘူးလို့ ပြောခဲ့ပေမယ့် အခု ကညနကတော့ ပြည်တွင်းအခွန်မှာ အခွန်ဆောင်ရင် အခွန်ဆောင်သူ အမည်နဲ့ မှတ်ပုံတင်ခွင့်ပေးတယ်လို့ အမိန့်စာ ထုတ်လိုက်ပါပြီ။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ ခွင့်ပြုပေးခဲ့တဲ့ 9E\1000 ကျော် ငြိမ်းချမ်းရေးပါမစ် ကားတွေကို နာမည်ပြောင်းမယ်ဆိုရင် ပထမဆုံးစပြီး အမည်ပေါက် လုပ်တဲ့သူက ပြည်တွင်းအခွန်မှာ တစ်ပြားမှ အခွန်ပေးစရာမလိုပဲ ကညနမှာ အမည်ပေါက်ရပါတယ်။

အဲဒီ အမည်ပေါက်သူကနေမှ နောက်တစ်ယောက်ကို ရောင်းတဲ့အခါ နောက်ဆုံးဝယ်တဲ့သူက သူ့အမည်ပေါက်လိုချင်ရင် ပြည်တွင်းအခွန်ကိုသွားပြီး ကားတန်ဖိုးကို ရာဖြတ် ဖြတ်ရတယ်။ အဲ့ဒီရာဖြတ်တန်ဖိုးရဲ့ ၃ ရာခိုင်နှုန်းကို အခွန်ပေးဆောင်လိုက်တာနဲ့ ကညနမှာ ကိုယ့်အမည်ပေါက် ပြန်ပြောင်းလို့ရပါပြီ။

ဥပမာ-ကျပ်သိန်း ၅ဝဝဝ ရဲ့ ၃ ရာခိုင်နှုန်း သိန်း ၁၅ဝ အခွန်ပေးလိုက်တာနဲ့ ကိုယ့်အမည်ပေါက်ရပြီ။ 

ပြည်တွင်းအခွန်မှာ ရာဖြတ်တယ်ဆိုလို့ အပြင်မှာ သိန်း ၅ဝဝဝ တန်တဲ့ကားကို သိန်း ၅ဝဝဝ အပြည့် ဘယ်သူမှ မဖြတ်ဘူး။ အဲ့ဒီထက် လျှော့ဖြတ်ကြတာချည်းပဲ။

အဲ့ဒီတော့ ကညနက ခွင့်ပြုလိုက်တဲ့အတွက် ကညန (ရထားပို့ဆောင်ရေး ဝန်ကြီးဌာန)က မှားတာလား၊ ဝန်ကြီးက လွှတ်တော်မှာ လွဲပြောမိခဲ့တာလားဆိုတာ မေးစရာ ဖြစ်လာတာပေါ့။

ပါမစ်ပေးတာ မဟုတ်ဘူးလို့ ဝန်ကြီးကပြောတယ်။ အခု တန်ဖိုးကြီးကားတွေက အကုန်လုံး နိုင်ငံတကာက ဝယ်သွင်းပြီး စီးတာဆိုတော့ သွင်းခွင့်ရှိတဲ့ ပါမစ်မဟုတ်လို့ ဘယ်လိုခွင့်ပြုချက်ကြီးများပါလဲ ဝန်ကြီး။ ပြီးတော့ ဈေးကွက်ထဲမှာလည်း ပါမစ်တစ်စောင် အရင်ကျပ် သိန်း ၅ဝဝ ကနေ အခုဆို ကျပ်သိန်း ၂ဝဝဝ ဝန်းကျင် ပေါက်ဈေးနဲ့ ရောင်းဝယ်နေကြတာဖြစ်လို့ ပါမစ်မဟုတ်ဘူးဆိုတော့ ဘယ်လိုခွင့်ပြုချက်များလဲ။

ဒါတွေ ခြုံကြည့်လိုက်ရင် ဝန်ကြီးအနေနဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောတဲ့အခါ ဝန်ကြီးတို့ ချပေးလိုက်တာနဲ့မတူပဲ အပြင်မှာဖြစ်နေတာကိုမသိလို့ လွဲပြောလိုက်တာလား၊ ဒါမှ မဟုတ်သိသိနဲ့ လိမ်ပြောမိလိုက်တာလားလို့ ထင်မြင်စရာ ရှိနေပါတယ်။

ငြိမ်းချမ်းရေးပါမစ်ဖြင့် တင်သွင်းစီးနင်းသော ဒေါ်လာ ၅၀၀၀၀၀ ၀န်းကျင်အထိ တန်ကြေးရှိသည့် 9E/1000 ကျော်နံပါတ်တပ် Rolls Royce အမျိုးအစား ကားတစ်စီးအား တွေ့ရစဉ်
ဝန်ကြီးချပေးတဲ့ ကားတွေ ဘယ်သူစီး

ဝန်ကြီးပြောတာက ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေ လက်ထဲမှာရှိတဲ့ကားတွေကို မှတ်ပုံတင်ပေးလိုက်တာလို့ ပြောခဲ့တယ်။

အခု ဒီကားတွေ ဘယ်သူတွေက အမည်ပေါက်နဲ့ စီးနေသလဲဆိုတော့ လွှတ်တော်အမတ်အချို့နဲ့ သူတို့ရဲ့မိသားစုဝင်တွေ၊ လက်ရှိအစိုးရအဖွဲ့က ပြည်ထောင်စုဝန်ကြီးအချို့ရဲ့ မိသားစုဝင်တွေ၊ အရင်အစိုးရရော အခုအစိုးရ လက်ထက်မှာရော အခွင့်အရေးပေါင်း များစွာရနေတဲ့ ခရိုနီလုပ်ငန်းရှင်တစ်စုပဲ စီးနင်းနေကြတာ ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တွေဆီက ကားတွေကို မှတ်ပုံတင်ပေးတယ်လို့ ပြောပေမယ့် ရန်ကုန်လိုင်စင်နဲ့ချည်းပဲ ရန်ကုန်မှာ အများဆုံးစီးနေကြတာ ဖြစ်ပါတယ်။ ဝန်ကြီးပြောခဲ့တာတွေနဲ့ အများကြီးကွဲလွဲနေတာ မျက်မြင်ပါပဲ။ တကယ်ဆို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအမည်နဲ့ပဲ ရှိရမယ့်ကားတွေ ဘာကြောင့် အပြင်လူအမည်တွေနဲ့ စီးနေကြသလဲ ဆိုတာကလည်း မေးစရာ ကောင်းနေပါတယ်။



ပြည်သူ့ဘဏ္ဍာ ဒေါ်လာသန်း ၃၀၀ ဘယ်လိုရှင်းမလဲ

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အစီးရေ စုစုပေါင်း ၁၁၁ဝ ချထားပေးခဲ့တယ်၊ အဲ့ဒီထဲမှာ အခွန်လုံးဝကင်းလွတ်ခွင့်နဲ့ ကားက အစီး ရေ ၃၇ဝ ရှိတယ်၊ ၃၇ဝ မှာ ၂၅၇ စီးက မှတ်ပုံတင်ပြီးပြီ၊ ၆ဝ ရာခိုင်နှုန်းပဲ အခွန်ဆောင်ရတဲ့ကားက အစီးရေ ၇၄ဝ ချထားပေးတယ်၊ ၇၄ဝ မှာ ၅၂၃ စီး မှတ်ပုံတင်ပေးပြီးပြီလို့ပါ ထပ်ပြီးပြောခဲ့ပါသေးတယ်။

လုံးဝအခွန်ကင်းလွတ်ခွင့်နဲ့ ပေးလိုက်တဲ့ ငြိမ်းချမ်ရေးပါမစ် (အရပ်အခေါ်) တွေကို သွင်းတဲ့အခါမှာ တန်ဖိုးနည်းကားတွေကို မသွင်းကြပါဘူး။ ပါမစ်ရှိတဲ့သူ အားလုံးနီးပါးက ဒေါ်လာ သိန်းဂဏန်းကနေ သန်းဂဏန်း အထိတန်တဲ့ တန်ဖိုးမြင့်ကားတွေကိုပဲ အားလုံးက တင်သွင်းစီးနင်း ရောင်းဝယ်နေကြတာ ဖြစ်ပါတယ်။

ဒေါ်လာ ၅ဝဝဝဝဝ ဝန်းကျင် အထိတန်တဲ့ Rolls Royce Phantom၊ ဒေါ်လာ ၃ဝဝဝဝဝ ဝန်းကျင်တန်တဲ့ Bentley၊ ဒေါ်လာ သိန်းဂဏန်းမှ သန်းဂဏန်း အထိတန်တဲ့ Lamborghini လို ကားမျိုးတွေကို တင်သွင်းပြီး 9E/1000 ကျော်နံပါတ်တွေနဲ့ စီးနင်းရောင်းဝယ် နေကြတာ ဖြစ်ပါတယ်။

ဒေါ်လာ ၅ဝဝဝဝဝ ဝန်းကျင်အထိ တန်ဖိုးရှိတဲ့ Rolls Royce Phantom လိုကားကို အခွန်နဲ့သွင်းမယ်ဆိုရင် နိုင်ငံတော်ကို အခွန်ငွေ ကျပ်သိန်း ၈ဝဝဝ ဝန်းကျင်အထိ ဆောင်ရမယ်။ အခု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့က အခွန်ကင်းလွတ်ခွင့်နဲ့ သွင်းခွင့်ပေးလိုက်တဲ့အတွက် Rolls Royce တစ်စီးသွင်းတိုင်း ကျပ်သိန်း ၈ဝဝဝ နိုင်ငံတော်က နစ်နာသွားခဲ့တယ်။

ဒီလိုပဲ ဒေါ်လာ ၃ဝဝဝဝဝ ဝန်းကျင်တဲ့ Bentley ကို အခွန်ကင်းလွတ်ခွင့်နဲ့ သွင်းခွင့်ပေးတဲ့အတွက် Bentley တစ်စီးသွင်းတိုင်း နိုင်ငံ့အခွန်ငွေ ကျပ်သိန်း ၅ဝဝဝ ဝန်းကျင်အထိ နစ်နာခဲ့ရတယ်။

ဒီထက်ဆိုးတာက ဒေါ်လာသိန်းဂဏန်းကနေ သန်းဂဏန်းအထိတန်တဲ့ Lamborghini ကားကို အခွန်လွတ်နဲ့ သွင်းခွင့်ရသွားတဲ့အတွက် တစ်စီးသွင်းတိုင်း နိုင်ငံအနေနဲ့ အခွန်ငွေ အနည်းဆုံး ကျပ်သိန်း ၅ဝဝဝ နဲ့အထက် နိုင်ငံတော်က နစ်နာခဲ့ရပါတယ်။

အခု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပြောတဲ့ အစီးရေအတိုင်းဆိုရင် အစီး ၁၁၁ဝ အတွက် နိုင်ငံတော်ဟာ အခွန်ငွေ အမေရိကန်ဒေါ်လာ သန်း ၃ဝဝ နီးပါးအထိ နစ်နာသွားခဲ့ပြီ။

လုံးဝအခွန်ကင်းလွတ်ခွင့်နဲ့ အစီး ၃၇ဝ အတွက် တစ်စီးပျမ်းမျှ ကျပ်သိန်း ၄ဝဝဝ ကနေ ကျပ်သိန်း ၅ဝဝဝ ကြား နစ်နာတယ်ဆိုရင်တောင် အခွန်ငွေဟာ အမေရိကန် ဒေါ်လာနဲ့ဆို သန်း ၁၅ဝ ဝန်းကျင် ကနေ သန်း ၁၈၅ သန်းလောက်အထိ နစ်နာသွားတာပါ။

၆ဝ ရာခိုင်နှုန်းအခွန်လွတ်နဲ့ အစီးရေ ၇၄ဝ အတွက် တစ်စီးပျမ်းမျှ ကျပ်သိန်း ၁ဝဝဝ ကနေ ၁၅ဝဝ ကြား နစ်နာတယ် ဆိုရင်တောင် နိုင်ငံတော်က အခွန်ငွေ အမေရိကန်ဒေါ်လာနဲ့ဆို ၇၄ သန်းနဲ့ ၁၁၁ သန်းအထိ နစ်နာမှာဖြစ်လို့ နှစ်ခုပေါင်းဆိုရင် နိုင်ငံဟာ အခွန်ငွေ အမေရိကန် ဒေါ်လာ သန်း ၃ဝဝ နီးပါးလောက်အထိ နစ်နာသွားမှာပါ။

ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေ တကယ်စီးနေတဲ့ကားတွေကို မှတ်ပုံတင် လုပ်ပေးလိုက်တာဆိုရင် အကြောင်းမဟုတ်ပေမယ့် အခုဝန် ကြီးဦးအောင်မင်းတို့ ခွင့်ပြုပေးလိုက်တဲ့ပါမစ်နဲ့ 9E/1000 ကျော် နံပါတ်တွေနဲ့ အမည်ပေါက်စီးနေတဲ့ သူတွေဟာ လွှတ်တော်အမတ်တွေ၊ ပြည်ထောင်စုဝန်ကြီးတချို့ရဲ့ မိသားစုဝင်တွေ၊ ခရိုနီလုပ်ငန်းရှင်တွေက စီးနေကြတာပါ။

တစ်ဖက်က ပြန်စဉ်းစားရင် လွှတ်တော်အမတ်တချို့၊ ခရိုနီနဲ့ ဝန်ကြီးသားသမီးတွေ အခုလို အခွန်လွတ်နဲ့စီးဖို့ လုပ်ပေးသလို ဖြစ်မနေဘူးလားလို့ မေးစရာကောင်းပါတယ်။

လွှတ်တော်ကို လိမ်ပြောမိခဲ့တာ မဟုတ်ဘူးဆိုရင်

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအနေနဲ့ ပြည်ထောင်စုလွှတ်တော်ကို လာရောက်ရှင်းလင်း ပြောကြားတဲ့နေရာမှာ လွဲပြောတာ မဟုတ်ဘူး၊ လိမ်ပြောတာ မဟုတ်ဘူး၊ အမှန်အတိုင်း ပြောခဲ့တာဆိုရင် အခုလို အလွဲတွေကို ဘယ်လိုတာဝန်ယူ တာဝန်ခံ ဖြေရှင်းမလဲလို့ မေးစရာရှိလာပါတယ်။ သမ္မတရုံးဝန်ကြီးတစ်ဦးရဲ့ စကားကလွဲလို့ မရပါဘူး။ လိမ်ပြောမိတဲ့ သဘောလည်း သက်ရောက်နေလို့ မရပါဘူး။ အဲ့ဒီအတွက် မဖြစ်မနေရှင်းလင်းတာ ပိုပြီးကောင်းမယ်လို့ သုံးသပ်မိပါတယ်။

ဘာကြောင့်လဲဆိုတော့ နိုင်ငံက အခွန်ငွေ ဒေါ်လာသန်း ၃ဝဝ ဝန်းကျင်အထိ နစ်နာခဲ့တာလေ။

ဝန်ကြီးအလွဲတွေ ပြောခဲ့တာ မဟုတ်ဘူး ဝန်ကြီးပြောတာ အမှန်ဆိုရင်တော့ လက်လွှဲလက်ပြောင်းလုပ်ပြီး အမည်ပေါက်နဲ့စီးနေတဲ့ ကားတွေကို အရေးယူရပါမယ်။ ဒီကားတွေကို ဘယ်ပါမစ်နဲ့ သွင်းသလဲ၊ ဝန်ကြီးတို့ထုတ်ပေးတဲ့ ပါမစ်နဲ့ဆိုရင် အဲ့ဒီပါမစ် ဘယ်သူ့ဆီကရသလဲ၊ ကြားပွဲစားက ဘယ်သူလဲ၊ အခွန်ဘယ်လောက် နစ်နာသွားသလဲ စသဖြင့် စုံစမ်းဖော်ထုတ်ရမှာပါ။

တိုင်းပြည်က နစ်နာသွားတဲ့ အခွန်အရပ်ရပ်အတွက် အဲ့ဒီကားတွေစီးနေတဲ့ လွှတ်တော်အမတ်အချို့ရဲ့မိသားစုတွေ၊ လက်ရှိပြည်ထောင်စုဝန်ကြီး တချို့ရဲ့ မိသားစုတွေ၊ ခရိုနီတွေဆီကနေ အခွန်ပြန်ကောက်ပေးရမှာပါ။

အဲ့ဒီ ငြိမ်းချမ်းရေး ကားပါမစ်တွေကို လက်ဝယ်ကိုင်ထားပြီး ကားတင်သွင်း အရောင်းအဝယ် လုပ်နေတာတွေကိုလည်း ဖော်ထုတ်ရမှာပါပဲ။

ဒါက ဝန်ကြီးအလွဲတွေ ပြောခဲ့တာ မဟုတ်ဘူးဆိုမှပါ။ ဒါပေမဲ့ အဲ့ဒီလို ပြန်လည်ဆောင်ရွက်မှု မရှိဘူးဆိုရင်တော့ ပြည်ထောင်စုလွှတ်တော်ကို ဝန်ကြီးက အလွဲတွေ ပြောခဲ့တယ်လို့ သတ်မှတ်ကြမယ့်အပြင် အခုလို ကြားပွဲစားနဲ့ ဝယ်စီးကြတဲ့ လူတန်းစားတစ်စု သက်သာအောင် လက်ဝါးရိုက်ထားတယ်လို့ ထင်မြင်စရာ ရှိလာမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေကို ကားပါမစ်ပေးတဲ့အထိက ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမဲ့ အဲ့ဒီကားတွေကို ဝန်ကြီးပြောခဲ့သလို မဟုတ်ဘဲ နာမည်ပေါက်အထိ လုပ်လို့ရလာတာက အဓိကလွဲမှားမှုကြီးပါ။

နောက်တစ်ချက်က အတည်ပြုလို့ မရနိုင်သေးပေမယ့် ငြိမ်းချမ်းရေး ကားပါမစ်တွေဟာ အားလုံးငြိမ်းချမ်းရေး အဖွဲ့အစည်းတွေထံကို ရောက်တာမဟုတ်ပဲ ပြင်ပဈေးကွက်ထဲ ထုတ်ရောင်းတာတွေ ရှိတယ်လို့တောင် ပြောတာမျိုးရှိခဲ့တယ်။ ဟုတ်မဟုတ်ကတော့ မသေချာဘူး။ ဒါပေမဲ့ ဒါကလည်း အဲ့ဒီလိုဖြစ်စဉ် ရှိ မရှိ စုံစမ်းဖော်ထုတ် သင့်တာပါပဲ။

တကယ်လည်း ချုပ်လိုက်ရင် ငြိမ်းချမ်းရေး ကားပါမစ်ကိစ္စဟာ တိုင်းရင်းသား လက်နက်ကိုင်တွေလည်း ဘာမှမည်မည်ရရ မရခဲ့ဘူး၊ တိုင်းပြည်လည်း အခွန်နာ၊ တကယ်တော့ ကြားပွဲစားနဲ့ ဝယ်စီးနိုင်တဲ့ လူတန်းစားတစ်စုပဲ ကောင်းစားခဲ့တာပါ။

အခု ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေလည်း မယ်မယ်ရရမရ၊ တိုင်းပြည်လည်း အခွန်ငွေ အမေရိကန်ဒေါ်လာ သန်း ၃ဝဝ လောက် နစ်နာခဲ့တယ်၊ နောက် ချထားပေးခဲ့တဲ့ ဝန်ကြီးဦးအောင်မင်းတို့ ပြောခဲ့တာနဲ့ မြေပြင်မှာ ဖြစ်နေတာကလည်း အလွဲကြီး လွဲနေတာဖြစ်လို့ ဒီဖြစ်စဉ်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကပဲဖြစ်ဖြစ် လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ရပ် ဖွဲ့ပြီးတော့ပဲဖြစ်ဖြစ် စစ်ဆေးသင့်တဲ့ ကိစ္စတစ်ရပ်အဖြစ် ရှိနေပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ကြောင့် ဒေါ်လာသန်း ၃ဝဝ နစ်နာသွားတယ် ဆိုပေမယ့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအပြင် အခြားသော ပြည်ထောင်စုဝန်ကြီးတွေရဲ့ အခုလိုစီမံခန့်ခွဲမှု အမှားတွေကြောင့် အခြားကဏ္ဍတွေမှာပါ တိုင်းပြည်နစ်နာ ခဲ့ရပေါင်းလည်း များနေပါပြီ။

ဘယ်လိုပဲဖြစ်ဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နောက်ကြောင်းပြန် မသက်ရောက်စေရဘူးလို့ ပြောထားတာက ၂ဝ၁ဝ အရှေ့ပိုင်းကို ပြောထားတာပါ။ ၂ဝ၁၁ ခုနှစ်နောက်ပိုင်း အစိုးရသစ်လက်ထက် မပါ ပါဘူး။ ၂ဝ၁ဝ အရှေ့ပိုင်းလို့ ဆိုတာတောင်မှ ဥပဒေမဲ့လုပ်ခဲ့ရင် အဲ့ဒီရှေ့ပိုင်းအထိ ပြန်သက်ရောက်ပါသေးတယ်။

အဲ့ဒီအတွက် ပြည်ထောင်စုဝန်ကြီးတွေဟာ ကိုယ်လုပ်ခဲ့တဲ့ စီမံခန့်ခွဲမှု အမှားတွေကြောင့် တိုင်းပြည်နစ်နာခဲ့တာ၊ ပြည်သူ့ဘဏ္ဍာ နစ်နာခဲ့တာရှိရင် ဘယ်အစိုးရ လက်ထက်ရောက်ရောက် လုပ်ခဲ့တဲ့စီမံခဲ့တဲ့သူတွေကပဲ တာဝန်ယူ၊ တာဝန်ခံ ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။

တာဝန်ခံတယ်ဆိုတဲ့ နေရာမှာလည်း အေးဆေးပါပဲလို့ မထင်ပါနဲ့။ ကိုယ့်စီမံခန့်ခွဲမှုအမှားကြောင့် တစ်ချို့တိုင်းပြည် နစ်နာတာမျိုးအတွက် အဂတိမကင်းဘူးဆိုရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ အခြားသော ပြည်သူ့ဘဏ္ဍာ နစ်နာမှုမျိုးဆိုရင် သက်ဆိုင်ရာ တည်ဆဲဥပဒေ ကြောင်းအရပါ အရေးယူခံရနိုင်ပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ သမ္မတရဲ့ စကားတည်တံ့မှု၊ ကတိတည်မှုဟာ အရေးကြီးပါတယ်။ ဒီလိုပဲ သမ္မတရုံးဝန်ကြီးတစ်ပါးရဲ့ စကားတည်တံ့မှု၊ မှန်ကန်မှုကလည်း အရေးကြီးပါတယ်။ အခုအတိုင်းဆိုရင် ဝန်ကြီးက လွဲပြောမိခဲ့တာလား၊ လိမ်ပြောမိခဲ့တာလား။ ဒါမှမဟုတ် ဘယ်သူတွေ မှားခဲ့တာလဲ။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template