
တိုင်းရင်းသားတွေ တင်တဲ့ အဆိုတွေကို အစိုးရက ထိရောက်အောင်လုပ်တာ မရှိလို့ ဒေါ်ဒွဲဘူဆို
၂၀၀၈ ဖွဲ့စည်းပုံအရ သတ်မှတ်ထားတဲ့ ပြည်နယ်၊ တိုင်းတွေနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ တွေမှာ အာဏာ ခွဲဝေမှု၊ သယံဇာတ နဲ့ အခွန် အကောက်ခွဲဝေမှုတွေ ပီပီပြင်ပြင် ဖြစ်လာအောင် ဥပဒေ၊ နည်း ဥပဒေတွေကို လိုအပ်သလို ပြင်ဆင် ပြဌာန်းပေးဖို့ တိုက်တွန်းတဲ့ အရေးကြီး အဆိုကို ပြည်ထောင်စုလွှတ်တော်မှာ မတ်လ ၂၀ ရက်နေ့က တင်သွင်းခဲ့ပါတယ်။
ပြည်ထောင်စု လွှတ်တော်နဲ့ ပြည်ထောင်စု အစိုးရကို တိုက်တွန်း ထားတဲ့ ဒီအရေးကြီး အဆိုကို တိုင်းရင်းသား ဒေသတွေက ကိုယ်စားလှယ်တွေက တင်သွင်းတာ မဟုတ်ဘဲ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင်ဆန်းက တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
ဒီအဆိုကို ထောက်ခံ ဆွေးနွေးခဲ့သူ တစ်ယောက် ဖြစ်တဲ့ ကချင်ပြည် အင်ဂျန်းယန် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပါတဲ့ အာဏာ ခွဲဝေမှု၊ သယံဇာတ နဲ့ အခွန် အကောက်ခွဲဝေမှုတွေ နဲ့ ပတ်သက်လို့ တိတိကျကျ ပြဌာန်းထားတာ မရှိတဲ့ အတွက် သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသတွေမှာ ဆောင်ရွက်ရတာ အခက်အခဲတွေ ရှိနေတယ်လို့ ပြောပါတယ်။
နည်းဥပဒေတွေ တိတိကျကျ မရှိတာကြောင့် အငြင်းပွားမှုတွေ ရှိနေလို့ အရေးကြီး အဆိုတင်ဖို့ လိုတယ်လို့ ယူဆတဲ့ အတွက် ထောက်ခံတာလို့ ဒေါ်ဒွဲဘူက ပြောပါတယ်။
လက်ရှိ အစိုးရ သက်တမ်း ၁၀ လလောက်ပဲ ကျန်တော့တဲ့ အခု အချိန်ကျမှ တပ်မတော်သား ကိုယ်စားလှယ် ဘက်က အခုလို တင်သွင်းတဲ့ အကြောင်းရင်းက တာကတော့ တိုင်းရင်းသား ငြိမ်းချမ်းရေး ဖြစ်စဉ် တိုးတက်လာတာနဲ့လည်း ပတ်သက်နိုင်တယ်လို့ မြင်ကြောင်း သူက ပြောပါတယ်။
အခု လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ အတိုင်းအတာ တစ်ခု အထိ တိုးတက်လာတဲ့ အတွက် တပ်မတော်သား ကိုယ်စားလှယ်တွေ ဘက်ကလည်း ခြေတစ်လှမ်း တိုးလာတာလို့ ဒေါ်ဒွဲဘူက မြင်ကြောင်း ပြောပါတယ်။
ဒီအဆို အကောင် အထည်ပေါ်လာစေဖို့ကတော့ ဥပဒေတွေ၊ နည်းဥပဒေတွေ ပြင်ဆင်မှု ဘယ်လောက်ကြာမယ် ဆိုတဲ့ အပေါ် မူတည်တယ်လို့လည်း ဒေါ်ဒွဲဘူက ပြောပါတယ်။
ဒီအဆိုကို ပြည်ထောင်စုလွှတ်တော်မှာ အားလုံးက ထောက်ခံခဲ့ကြပေမဲ့ အရေးကြီး အဆိုအဖြစ် သတ်မှတ်ဖို့ သင့်မသင့် မေးခွန်း ထုတ်သူတွေ ရှိခဲ့ပြီး ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက အရေးကြီး အဆိုအဖြစ် သတ်မှတ်ခဲ့ပါတယ်။