“ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ တိုင်းပြည်ရဲ့နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ဖို့ တက်ကြွနေကြတာမြင်ရတော့ အင်မတန် ၀မ်းသာမိပါတယ်။ သို့ပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဘက်က သူတို့လုပ်ငန်းတွေကို တက်တက်ကြွကြွ မလုပ်ဆောင်တာကိုတော့ စိုးရိမ်မိပါတယ်။ တချို့ပါတီတွေ တချို့လူပုဂ္ဂိုလ်တွေရဲ့ ဒီမိုကရေစီနည်းမကျသော လုပ်ဆောင်ချက်များနဲ့ပတ်သက်လို့ ကျွန်မတို့ဘက်က တိုင်ကြားချက်တွေကို UEC က အရေးတယူဆောင်ရွက်ပေးခြင်းမရှိတာတို့ ထိရောက်သော အရေးယူမှု မလုပ်ပေးတာတို့ကို တွေ့နေရတယ်။ ခုရက်ပိုင်းအတွင်းကပဲ နိုင်ငံရဲ့နေရာအချို့ မှာ ကြိုတင်မဲတွေပေးနေပြီဆိုတာ သိရတယ်။ ဒါဟာ UEC က ချမှတ်ထားတဲ့ စည်းမျည်းစည်းကမ်းများနဲ့ ကိုက်ညီမှု မရှိပါဘူး။ သိပ်ရှည်သွားမှာစိုးလို့ အသေးစိတ်ကိုတော့ မပြောတော့ပါဘူး။ ကျွန်မတို့ NLD အနေနဲ့ကတော့ ချမှတ်ပေးထားတဲ့ စည်းမျည်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ပါတယ်။ ကျွန်မတို့ပါတီဝင်တွေအနေနဲ့ ၂ ကြိမ် တိုင်ကြားခံခဲ့ရပေမယ့် ခိုင်လုံမှုမရှိတဲ့အတွက် ရုပ်သိမ်းလိုက်ရပါတယ်။ ကျွန်မတို့အတွက် အားအတက်ရဆုံးဖြစ်ရပ်ကတော့ ဒီရွေးကောက်ပွဲကြီး လွတ်လပ်ပြီးတရားမျှတစွာ ကျင်းပနိုင်ဖို့မှာ ပြည်သူတွေကလည်း သူတို့ရဲ့တာဝန်အဖြစ် မှတ်ယူပြီး လုပ်ဆောင်နေခြင်းပဲ ဖြစ်ပါတယ်။ မဲစားရင်း ၃၀ ရာခိုင်နူန်းပဲ အာမခံနိုင်မယ်လို့ UEC ဥက္ကဌကြီးက သိပ်မကြာခင်ကပဲ ပြောသွားပါတယ်။ ကျန်တဲ့ ၇၀ ရာခိုင်နူန်းလောက်သော မဲများအတွက် တာဝန်မယူနိုင်ဘူးဆိုတဲ့ သဘောပါ။ ဒါဟာ ကျွန်မတို့ ယုံကြည်လေးစာလောက်တဲ့ ရွေးကောက်ပွဲကော်မရှင် မဟုတ်ဘူးလို့ပဲ ကျွန်မပြောချင်ပါတယ်။ ဥက္ကဌကြီးက ဒီလိုပြောပေမယ့် NLD နဲ့ ပြည်သူတွေက လိုအပ်တဲ့နေရာမှာ ကွက်လပ်ဖြည့်ဖို့ ကျွန်မတို့တာဝန်အဖြစ် မှတ်ယူပါတယ်။ ရွေးကောက်ပွဲပညာပေးလုပ်ငန်းတွေ၊ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်ရရှိရေးစတာတွေကို ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ ဒီကလူတွေလည်း သိပြီးလောက်ပြီထင်ပါတယ်။ ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို အောက်တိုဘာ ၁၈ ရက်နေ့ကစလို့ မဲပေးခွင့်ပြုခဲ့ပါတယ်။ အဲဒီမှာလည်း မူမမှန်တဲ့လုပ်ဆောင်မှုတွေ အများအပြားရှိခဲ့တာကို အာလုံးအသိဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် စင်ကာပူနဲ့တောင်ကိုရီးယားက မဲပေးသူတွေက သူတို့ရဲ့အတွေ့အကြုံတွေကို အများသိအောင် ပြန်ပြောပြတာတွေကနေတဆင့် သိခွင့်ရကြပါတယ်။ တကမ္ဘာလုံးက ကျွန်မတို့နိုင်ငံသားတွေလည်း ဒီလိုဖြစ်ရပ်မျိုးတွေနဲ့ ကြုံတွေ့ရလိမ့်မယ်ဆိုတာ သေချာပါတယ်။ နောက်တခါ ရွှေ့ပြောင်းလုပ်သားတွေ မဲပေးဖို့ မိမိတို့နေရပ်ကိုပြန်တဲ့နေနရာမှာလည်း အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ ကောလာဟလတွေလည်း ကြားနေရပါတယ်။”
News Watch(စောင့်ကြည့်သတင်းဂျာနယ်)