ဓားဖြင့် အလှီးခံလိုက်ရသော ဆိုင်းဘုတ်
ဓာတ်ပုံ- မိုးအိ/Dawei Watch Dawei Watch| ကော့သောင်း၊ နိုဝင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် နိုဝင်ဘာ ၁ ရက်နေ့ ညနေပိုင်းက အင်အားပြလှည့်လည်ပြီးနောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ မဲဆွယ် ပိုစတာတစ်ခု ဓားဖြင့် အလှီးခံလိုက်ရကြောင်း မြို့နယ် NLD ထံမှ သိရသည်။
ယင်းပါတီမှ မဲဆွယ်ပိုစတာများကို ကော့သောင်းမြို့တွင်း နေရာ အနှံ့အပြားတွင် စိုက်ထူခဲ့ရာ ရွှေဟင်္သာရပ်ကွက် လမ်းဆုံတွင်စိုက်ထူးထားသည့် အလျား ၃၀ ပေ၊ အနံ ၂၅ ပေရှိ ပိုစတာကို ညနေ ၄ နာရီခန့်တွင် ဓားဖြင့် အမွှန်းခံထားရခြင်း ဖြစ်ကြောင်း NLD ပါတီ ကော့သောင်းခရိုင် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးလတ်ကိုကိုဦး က ပြောကြားသည်။
“ပြဲနေတဲ့ နေရာတွေ ကို နှစ်ဖက်ပိတ်တိတ်နဲ့ ပြန်ကပ် လိုက်မယ်။ ဖြုတ်တော့ မပစ်တော့ဘူး”ဟု ၎င်းကဆိုသည်။
ပိုစတာကို မည်သူက လာရောက်လှီးဖြတ် သွားသည်ကိုမူ သတိမထားလိုက်မိကြောင်း ဆိုင်းဘုတ်အနီးရှိ ဈေးအရောင်းဆိုင် ပိုင်ရှင်များက ပြောသည်။
NLD အနေနှင့် ယင်းကိစ္စကို တိုင်ကြားရန် မရှိကြောင်း ပါတီ တာဝန်ရှိသူကဆိုသည်။
NLD ပါတီ၏ အင်အားပြ မြို့လှည့်ခြင်းကို နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းမှ မွန်းလွဲ ၁ နာရီအထိ လှည့်လည်ခဲ့သည်။
ယင်းသို့ လှည့်လည်ပြီးနောက် ပိုစတာ ဖျက်ဆီးခံရခြင်း ဖြစ်သည်။
အခြားပါတီများမှ ပိုစတာများ ရာသီဥတုကြောင့် ပျက်စီးမှု အချို့ရှိခဲ့သော်လည်း ထိုသို့ ဓားဖြင့် အလှီးခံရမှုမှာ ကော့သောင်းတွင် ပထမဆုံး ဖြစ်သည်။
ကောသောင်းမြို့နယ်တွင် လွှတ်တော်သုံးရပ် အတွက် NLD၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ ထားဝယ်တိုင်းရင်းသားများပါတီ၊ မွန်အမျိုးသားပါတီ၊ အမျိုးသားတိုးတက်ရေးပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့မှ ကိုယ်စားလှယ်လောင်း ၂၀ ဦးဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
Dawei Watch