Headlines News :
Home » »  နိုင်ငံရေးသမားများနှင့် စာနယ်ဇင်းသမားများအနေဖြင့် တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက်သည်ဟု ယုံကြည်ရန် အကြောင်းရှိခြင်းနှင့် တိုင်ကြားခြင်းများကြောင့် စောင့်ကြည့်စစ်ဆေး ထောက်လှမ်းမှုများ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

 နိုင်ငံရေးသမားများနှင့် စာနယ်ဇင်းသမားများအနေဖြင့် တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက်သည်ဟု ယုံကြည်ရန် အကြောင်းရှိခြင်းနှင့် တိုင်ကြားခြင်းများကြောင့် စောင့်ကြည့်စစ်ဆေး ထောက်လှမ်းမှုများ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

Written By လွင့်မောင်မောင် on Sunday, January 27, 2013 | 5:14 PM

နိုင်ငံရေးသမားများနှင့် စာနယ်ဇင်းသမားများအနေဖြင့် တည်ဆဲဥပဒေ တစ်ရပ်ရပ်ကို ချိုးဖောက်သည်ဟု ယုံကြည်ရန် အကြောင်းရှိခြင်းနှင့် တိုင်ကြားခြင်းများကြောင့် စောင့်ကြည့်စစ်ဆေး ထောက်လှမ်းမှုများ လုပ်လျှင် ဥပဒေနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က Eleven Media ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါသည်။
လက်ရှိအချိန်တွင် နိုင်ငံရေးသမားများနှင့် စာနယ်ဇင်းသမားများအား စောင့်ကြည့်ထောက်လှမ်းနေသည့် ကိစ္စနှင့်ပတ်သက်၍ မေးမြန်းရာ၌ ၎င်းက ထိုသို့ဖြေကြားခဲ့ခြင်း ဖြစ်သည်။
"နိုင်ငံရေးသမားများနဲ့ စာနယ်ဇင်းသမားများကို စုံစမ်းထောက်လှမ်းမှု ပြုလုပ်တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး စုံစမ်းခံရတဲ့အကြောင်းအရင်းကို ပထမဆုံးသိဖို့ လိုပါတယ်။ စာနယ်ဇင်းသမားတစ်ဦးဟာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ဥပဒေနဲ့အညီ ကျင့်သုံးနေတာကို စုံစမ်းထောက်လှမ်းတယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့မညီဘူးလို့ ဆိုနိုင်ပါတယ်၊ သို့သော် အခြားတည်ဆဲဥပဒေ တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း ဖောက်ဖျက်တယ်လို့ ယုံကြည်ရန် အကြောင်းရှိခြင်း၊ တစ်စုံတစ်ယောက်က ဥပဒေချိုးဖောက်တယ်လို့ တိုင်ကြားခြင်းများကြောင့် လိုအပ်တဲ့ စောင့်ကြည့်စစ်ဆေးမှုများ၊ ထောက်လှမ်းမှုများ လုပ်ရင်တော့ ဒါဟာ ဥပဒေနဲ့အညီ လုပ်ဆောင်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်" ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ် က ဖြေကြားထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက Eleven Media Group ၏ ဒါရိုက်တာအဖွဲ့ဝင် အချို့နှင့် အလုပ်မှ နုတ်ထွက်ထားပြီးဖြစ်သော ၀န်ထမ်းဟောင်းအချို့ထံသို့ မည်သည့်အဖွဲ့အစည်းမှဟု မသိရှိရဘဲ လိုက်လံစုံစမ်းမှုများ ကြုံခဲ့ရကြောင်း ကာယကံရှင်များ၏ ပြောကြားချက်များအရ သိရှိရသည်။ "ကျွန်တော်က ရန်ကင်း ၁၄ ရပ်ကွက်မှာ နေတာပါ။ ကျွန်တော်နဲ့ပတ်သက်တဲ့ အကြောင်းတွေကို လိုက်လံမေးမြန်း စုံစမ်းနေတယ်လို့ သိရပါတယ်။ ဘယ်အဖွဲ့အစည်းက လုပ်တယ်လို့တော့ တိတိကျကျ မသိရပါဘူး။ အဲ့ဒီလို လိုက်စုံစမ်းတဲ့သူ က SB သတင်းပေးလိုလို ပုံစံမျိုးလို့ သိရပြီး သူက ပြည်ခိုင်ဖြိုးပါတီရဲ့ သာမန်အဖွဲ့ဝင်လို့လည်း သိရပါတယ်။ အရင်အစိုးရ လက်ထက်တုန်းက ကျွန်တော်တို့ အယ်ဒီတာအဖွဲ့အချို့နဲ့ ၀န်ထမ်းအချို့ကို လိုက်လံစုံစမ်းတာမျိုး ရှိခဲ့တယ်။ ၂၀၀၇ သံဃာ့အရေးအခင်း မဖြစ်ခင်တစ်လလောက် အလိုကပါ။ ဒါပေမယ့် အခုလိုကာလမျိုးမှာတော့ မဖြစ်သင့်တော့ပါဘူး" ဟု Eleven Media Group ၏ Managing Director ဒေါက်တာသိန်းမြင့်က ပြောပါသည်။

စနစ်တစ်ခု အကူးအပြောင်းကို သွားကြပြီဆိုရင် လုံခြုံရေးဆိုတဲ့အမြင် တစ်မျိုးထဲကို ဇောင်းပေးပြီးကြည့်တာထက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လေးစားပြီး သံသယတွေပျောက်အောင် တည်ဆောက်နိုင်ဖို့လိုတယ်။
"မေးစရာရှိလို့ဆိုပြီး အိမ်ကိုရောက်လာတယ်။ ဘယ်အဖွဲ့အစည်းကဆိုတာ မေးလို့မရဘူး။ ကျွန်မမောင်လေး နာမည်နဲ့လာတာ။ အလုပ်ထွက်ထားပြီးသားလို့ ပြောတာကို ဘယ်လိုထွက်လာတာလဲ။ ပြစ်ချက်နဲ့ ထွက်လာတာလား၊ သူ့ကိုအကူညီတောင်းချင်တယ်လို့ ပြောတယ်၊ ကျွန်မမောင်လေးက ပြည်ပမှာလို့ပြောတော့ သူ့ကိုဆက်လို့ရမယ့် ဖုန်းနံပါတ် တောင်းတယ်။ သူတို့ ဘယ်အဖွဲ့ အစည်းကလဲလို့ မေးတာကိုတော့ လုံးဝမဖြေဘူး" ဟု မင်္ဂလာတောင်ညွန့် မြို့နယ်တွင် နေထိုင်သည့်၊ Eleven Media မှ ၀န်ထမ်းဟောင်း၏ အစ်မဖြစ်သူက ပြန်ပြောပြပါသည်။
၂၀၀၇ ခုနှစ် သံဃာ့အရေးခင်း မဖြစ်ပွားခင် တစ်လခန့်အလိုတွင် Eleven Media Group ၏ အယ်ဒီတာအဖွဲ့ဝင်အချို့နှင့် ၀န်ထမ်းအချို့၏ နေအိမ်များ၊ အဆောင်များသို့ လိုက်လံစုံစမ်း မေးမြန်းခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ " ကျွန်မနဲ့နောက်ထပ် အယ်ဒီတာအစ်မတစ်ယောက်က အဲဒီတုန်းက လှည်းတန်းက အဆောင်တစ်ခုမှာ နေတယ်။ ၂၀၀၇ သံဃာ့အရေးခင်း မဖြစ်ခင်လောက်မှာ ကျွန်မတို့နေတဲ့ အဆောင်ကို ရပ်ကွက်တာဝန်ရှိသူ တစ်ယောက်နဲ့ ဘယ်အဖွဲ့အစည်းကလို့ မသိရတဲ့ သူနှစ်ယောက်၊ စုစုပေါင်း သုံးယောက်က လာမေးတယ်။ သူတို့က နာမည်စာရင်းနဲ့လာတာ။ မိဘတွေက ဘယ်မှာနေတာလဲ၊ ဘာလုပ်တာလဲ၊ နိုင်ငံရေးနဲ့ ပတ်သက်တာတွေ လုပ်လား စတာတွေကို မေးသွားတယ်" ဟု ကိုယ်တွေ့ကြုံခဲ့သည့် အယ်ဒီတာတစ်ဦးက ပြောပါသည်။
စုံစမ်းထောက်လှမ်းသူများသည် စာနယ်ဇင်းသမားများကို သာမကဘဲ လူထုမှ ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များပင်လျှင် စောင့်ကြည့်စုံစမ်းခြင်း ခံနေရကြောင်းလည်း သိရသည်။ ထို့အပြင် နယ်ပယ်အသီးသီးတွင် တက်ကြွစွာ လှုပ်ရှားနေကြသော လူမှုရေးလုပ်ငန်း လုပ်ကိုင်နေကြသူများသည်လည်း အလားတူစောင့်ကြည့်ခြင်းကို ခံရသည်ဟုလည်း သိရပါသည်။
ယင်းကဲ့သို့ နိုင်ငံတော်အစိုးရမှ နိုင်ငံရေးသမားများနှင့် စာနယ်ဇင်းသမားများအား ထောက်လှမ်းစောင့်ကြည့်ခြင်းများနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးလှုပ်ရှားသူများမှလည်း အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဆောင်နေချိန် ယုံကြည်မှုတည်ဆောက်နေချိန်တွင် ထိုသို့စောင့်ကြည့်ခြင်းမျိုး မပြုလုပ်သင့်တော့ကြောင်း ဝေဖန်သုံးသပ်ပြောကြားနေမှုများ ရှိနေသည်။
ယခင်အစိုးရလက်ထက်ကဲ့သို့ ထင်သာမြင်သာ နောက်မှလိုက်၍ ထောက်လှမ်းစောင့်ကြည့်သည့် ပုံစံမျိုး မရှိသော်လည်း မိမိတို့ရုံး ပတ်ဝန်းကျင်၌ စောင့်ကြည့်မှုမျိုးများရှိပြီး၊ ထိုသို့စောင့်ကြည့်ခြင်းမျိုးသည် နှစ်လရှည်ကြာ သံသယများကြောင့် ဖြစ်နိုင်ပြီး ယုံကြည်မှုတည်ဆောက်နေချိန်တွင် ယင်းကဲ့သို့စောင့်ကြည့်မှုများကို ဖယ်ရှားရန် လိုအပ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုဂျင်မီက သုံးသပ်ပြောကြားသည်။
အလားတူ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုပြုံးချိုက "ဘာပဲပြောပြော နိုင်ငံတာဝန်ကို ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေဖြစ်တယ်။ စနစ်တစ်ခု အကူးအပြောင်းကို သွားကြပြီဆိုရင် လုံခြုံရေးဆိုတဲ့ အမြင်တစ်မျိုးထဲကို ဇောင်းပေးပြီးကြည့်တာထက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လေးစားပြီး သံသယတွေပျောက်အောင် တည်ဆောက်နိုင်ဖို့ လိုတယ်။ ဒါမှလည်း ပြည်သူလူထုအတွက် တိုက်ရိုက်တာဝန်ခံမယ့် အဖွဲ့အစည်းမျိုးတွေ ဖြစ်လာအောင်လို့ ကျင့်ကြံနိုင်တဲ့ စွမ်းအင်မျိုးတွေရမှာ" ဟု ပြောကြားသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဆောင်နေချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များ၏ နောက်သို့ ဌာန၏ တာဝန်ပေးချက်အရဟုဆိုကာ လိုက်နေသည်များလည်း ရှိကြောင်း၊ တရားဝင်ပါတီများ၏ သတင်းများ လိုက်လံစုံစမ်းနေခြင်းသည် ၁၉၅၀ ဖဆပလ အစိုးရလက်ထက် ကွန်မြူနစ်အန္တရာယ် ကာကွယ်ရန်အတွက် လုပ်ဆောင်သည့်လမ်းကြောင်းများသာ ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ လုပ်နည်းလုပ်ဟန်များသည် သက်ဆိုင်ရာ ၀န်ကြီးဌာနများအနေဖြင့် ပွင့်လင်းမြင်သာမှုရှိရန် လိုကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောကြားသည်။
နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကမူ "အမေရိကန်လို နိုင်ငံမျိုးမှာတောင် စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှုနောက်ပိုင်းမှာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးဥပဒေအရ စာနယ်ဇင်းသမားများ နိုင်ငံရေးလှုပ်ရှားသူများ အပါအ၀င် အစွန်းရောက် အယူအဆရှိသူတွေကို စောင့်ကြည့်ထောက်လှမ်းမှုတွေ လုပ်ခဲ့၊ လုပ်ဆဲဖြစ်တာ တွေ့နိုင်ပါတယ်။ ဒါကြောင့် နိုင်ငံရေးသမားဖြစ်လို့ စာနယ်ဇင်းသမားဖြစ်လို့ ဥပဒေအဖွဲ့အစည်းများက စောင့်ကြည့်ထောက်လှမ်းခြင်း မပြုရဘူးလို့ ခြုံငုံပြောလို့ မရဘူး ထင်ပါတယ်" ဟုပြောသည်။
ထို့အပြင် ရဲသတင်းပေးကိစ္စအား လွှတ်တော်သို့တင်ရန် ဆောင်ရွက်နေချိန်တွင် နေအိမ်အားစောင့်ကြည့်သည့် ရဲတပ်ဖွဲ့ဝင်များနှင့် ရဲသတင်းပေးများ၏ စောင့်ကြည့်ခြင်းကို ခံခဲ့ရကြောင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်ရှိ ရဲတပ်ဖွဲ့ တာဝန်ရှိသူများထံသို့ မိသားစုလုံခြုံရေးအတွက် အကြောင်းကြား မေတ္တာရပ်ခံ ပြောဆို၍ ဖြေရှင်းခဲ့ရသည့် အခြေအနေမျိုးနှင့် ကြုံတွေ့ဖူးကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေက ဆိုသည်။
ထောက်လှမ်းရေးနည်းပညာ တစ်ခုဖြစ်သော ဖုန်းလိုင်းကြားဖြတ်နားထောင်ခြင်းနှင့် ပတ်သက်၍လည်း မိမိအနေဖြင့် မယုံနိုင်သေးဘဲ ယခုအချိန်အထိ စောင့်ကြည့်ခံထားရသည့် သဘောရှိကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးထွန်းကြည်က ထင်မြင်ချက်ပေးသည်။
အဆိုပါ ထောက်လှမ်းရေး နည်းနာများသည် နိုင်ငံရေးစနစ်၊ အစိုးရစနစ်များနှင့် မသက်ဆိုင်ဟု ထင်ပါကြောင်း၊ အခြေခံစနစ်ဖြစ်သော လူကိုယ်တိုင် စောင့်ကြည့်ခြင်း၊ အီလက်ထရောနစ်နည်းဖြင့် စောင့်ကြည့်ခြင်း စသည့်နည်းနာများသည် ဒီမိုကရေစီနိုင်ငံနှင့် တစ်ပါတီစနစ်နိုင်ငံ အတူတူပင်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်မှုမပြုခြင်း၊ တရားဥပဒေ စိုးမိုးဖို့အတွက် မဟုတ်ဘဲ ဖိနှိပ်ရန် အသုံးပြုခြင်းသာ ကွာခြားကြောင်းနှင့် ထို့ကြောင့် ဒီမိုကရေစီနိုင်ငံမှာလည်း တရားဥပဒေ စိုးမိုးရေးနှင့် နိုင်ငံလုံခြုံရေးအတွက် ထောက်လှမ်းရေးနည်းများကို ဥပဒေနှင့်အညီသာ အသုံးပြုသင့်သည်ဟု ယုံကြည်ကြောင်း နိုင်ငံတ်ာသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က သဘောထားမှတ်ချက် ပြုထားသည်။
  သတင်းအယ်ဒီတာအဖွဲ့Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template