
ရန်ကုန်၊ဇန်န၀ါရီ-၂၈
လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးမြင့်လှိုင်က အကြွေးကင်းအောင် နေထိုင်နည်းကို မျှဝေရင်း လယ် သမားများ အကြွေးဆပ်ရန် တစ်ရက်လျှင်ထမင်းတစ်နပ် လျှော့စား သင့်ကြောင်း ဓနုဖြူမြို့နယ်၌ လယ်သမားများနှင့် တွေ့ဆုံပွဲတွင် ပြောခဲ့ကြားသည်။
“ယခင်ရှိရင်းစွဲ အကြွေးတွေကိုလည်း စားစရာမရှိ လျော်စရာရှိ ဆိုသလိုပေါ့။ ငါ့အကြွေးမြန်မြန် ကျေအောင် ထမင်းတစ်နပ်လျှော့စားမယ်။ ဒီလိုဆို တစ်လပြည့်ရင် ဘယ်လောက်ဆပ်နိုင်မလဲ။ ခြောက်လပြည့် ဘယ်လောက် ဆပ်နိုင်မလဲ။ ငါ့မိသားစုနှင့်အတူ လျှော့စားမယ်။ ဥပုသ်စောင့်တဲ့ သဘောပေါ့။ ကုသိုလ်လည်းရ၊ ၀မ်းလည်း ၀ပေါ့။ ဥပုသ်စောင့်မယ်ဆိုတဲ့ စိတ်နဲ့ဆို အကြွေးကျေသွားမယ်။ အကြွေးမကျေရင် သံသရာထဲက မလွတ် နိုင်ဘူး။ နောင်ဘ၀မှာ ကျွန်ဖြစ်လိမ့်မယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
အကြွေးဆပ်နိုင်ရန် ထမင်းတစ်နပ်လျှော့စားရန် အကြံပေးခြင်းထက် ပြည်ထောင်စု ၀န်ကြီးတစ်ဦး အနေဖြင့် ထို့ထက်ကောင်းမွန်သော နည်းလမ်း ကောင်းများ ရှာပေးသင့်ကြောင်း မြန်မာနိုင်ငံဆန် စပါးလုပ်ငန်းအသင်းမှ တာဝန်ရှိ သူများကဆိုသည်။
“အကြွေးကျေဖို့ဆိုရင် ထမင်းတစ်နပ် လျှော့စားရုံတင်မကဘူး။ ဆန်ပြုတ် သောက်ဆိုရင်လည်းသောက်မယ်” ဟု ဓနုဖြူမြို့နယ် နှဲကျိုးကျေးရွာအုပ်စုမှ လယ်သမားကြီး ဦးသိန်းအောင်ကလည်း ဆိုသည်။
လယ်သမားများအနေဖြင့် ယူထားသည့် အကြွေးများကို အကျေအလည် ပြန်ဆပ်မှသာ လာမည့် မိုးရာသီတွင် တစ်ဧကကို ကျပ်တစ်သိန်းချေးငွေကို ရယူနိုင်မည်ဖြစ်သည်။ ထို့အပြင် လယ်ယာမြေ မှတ်ပုံတင်ကိုလည်း အကြွေး ကျေမှ ထောက်ခံပေးမည်ဟု သတင်းရရှိသည်။
“ပြီးခဲ့တဲ့နှစ်ရက်လောက်က ကျွန်တော် ဆရာဦးမောင်အေးဆီသွားတော့ သံသရာကြွေးမပါအောင် လယ်သမားတွေ ဒုက္ခမရောက်အောင်လုပ်ဖို့ ပြောလိုက်တယ်” ဟု ဦးမြင့်လှိုင်ကဆိုသည်။
ပြည်ထောင်စုဝန်ကြီးက ကြွေးကင်းစွာ နေထိုင်နိုင်ခဲ့သော ၎င်း၏ ငယ်ဘ၀ အကြောင်းကို လယ်သမားများအား ရှင်းပြသည်။ ထို့အပြင် ကြွေးကင်းသူများ ဖြစ်အောင်လည်း လယ်သမားများကို တိုက်တွန်းခဲ့သည်။ ကုမ္ပဏီများ၏ အကြွေးနှင့် ပတ်သက်၍လည်း အကျေအလည် ပြန်ပေးဆပ်ရန် လယ် သမားများကို ပြောကြားခဲ့သည်။ သို့မှသာ စေတနာဖြင့် လယ် သမားများ အကျိုးလာရောက် ဆောင်ရွက်ပေးနေသော လုပ်ငန်းရှင်များ အတွက် ပိုအဆင်ပြေ လုပ်နိုင်ကိုင်နိုင်မည်ဟု ပြည်ထောင်စုဝန်ကြီးကဆိုသည်။
“တောင်သူများအတွက် ဖြစ်နိုင်ရင် ၀င်ဆပ်ပေးချင်တယ်။ လယ်သမားတွေ ဆင်းရဲတာ ကျွန်တော်လည်း စိတ်မချမ်းသာဘူး” ဟု ဦးမြင့်လှိုင်ကဆိုသည်။
လယ်သမားများ အကြွေးကျေ၍ လယ်ယာမြေ မှတ်ပုံတင်ရရှိပါက ဘဏ်များ၌ လယ်ယာမြေပေါင်နှံနိုင်ရန် ထောက်ခံပေး မည်ဟုလည်း ပြောကြားသည်။
လယ်ယာမြေကို ဘဏ်များ၌ ပေါင်နှံခွင့်ရမည်ဆိုပါက ဒေသပေါက်ဈေး၏ ၃၀ ရာခိုင်နှုန်းခန့် ချေးခွင့်ရရန် ထောက်ခံပေးမည်ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီးကပြောကြားသည်။
“နေပြည်တော်က လယ်တွေဆို တစ်ဧက ကျပ်သိန်း ၁၀၀ လောက်ရတယ်။ အဓိက လယ်တွေကို မြေပြင်ဖို့လိုတယ်” ဟု ဦးမြင့်လှိုင်က လယ်သမားများ အား ပြောကြားသည်။
လက်ရှိအချိန်တွင် လယ်မြေပြုပြင်မှုစရိတ်မှာ တစ်ဧကလျှင် ကျပ်သိန်း များစွာ ကုန်ကျသောကြောင့် လယ်သမားအများစုမှာ မပြုလုပ်နိုင်ကြပေ။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ် ချေးငွေရယူထားသော ဧရာဝတီတိုင်း ဒေသကြီးမှ လယ်သမားများမှာ အကြွေးပြန်ဆပ်ငွေ အပြည့် အ၀ရခဲ့ပြီး ယခုနှစ်အတွက်မူ စိုက်ပျိုးစရိတ်များ မသိမ်းရသေး၍ မသိရသေး ကြောင်းလည်း အဆိုပါဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သို့သော် ဆန်စပါး အထူးပြုကုမ္ပဏီများမှ ချေးငွေများကိုမူ ဧရာဝတီတိုင်းဒေသကြီးရှိ ဓနုဖြူမြို့ နယ်မှ လယ်သမားများ ပြန်ပေးဆပ်နိုင်မှုမှာ ယခုနှစ်တွင် ၆၀ ရာခိုင်နှုန်း ၀န်းကျင်သာ ရှိသေးကြောင်းလည်း သတင်းရရှိသည်။
7Day News Journal