Headlines News :
Home » »  နည်းပညာ တက္ကသိုလ်များတွင် A.G.T.I အောင်မြင်ပြီး တစ်ဆင့်မြင့် သင်တန်းများသို့ တက်ရောက်ခွင့် မရရှိသူ ကျောင်းသားကျောင်းသူများအတွက် အဝေးသင် တက္ကသိုလ်တွင် တတိယနှစ်မှ စတင်ကာ တက်ရောက်ခွင့် ရနိုင်သည့် အခွင့်အလမ်းရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

 နည်းပညာ တက္ကသိုလ်များတွင် A.G.T.I အောင်မြင်ပြီး တစ်ဆင့်မြင့် သင်တန်းများသို့ တက်ရောက်ခွင့် မရရှိသူ ကျောင်းသားကျောင်းသူများအတွက် အဝေးသင် တက္ကသိုလ်တွင် တတိယနှစ်မှ စတင်ကာ တက်ရောက်ခွင့် ရနိုင်သည့် အခွင့်အလမ်းရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

Written By လွင့်မောင်မောင် on Saturday, February 2, 2013 | 10:25 PM

နည်းပညာ တက္ကသိုလ်များတွင် A.G.T.I အောင်မြင်ပြီး တစ်ဆင့်မြင့် သင်တန်းများသို့ တက်ရောက်ခွင့် မရရှိသော ကျောင်းသားကျောင်းသူများအတွက် အဆင့်မြင့်ပညာရေး ကဏ္ဍ၌ ဆက်လက်ပညာသင်ယူခွင့် ပြုရာတွင် အဝေးသင် တက္ကသိုလ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည့် ဘာသာတွဲအလိုက် ခွင့်ပြုထားသော အထူးပြုဘာသာရပ် သင်တန်းများတွင် တတိယနှစ်မှ စတင်ကာတက်ရောက်ခွင့် ရနိုင်သည့် အခွင့်အလမ်းရှိကြောင်း သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး၏ ပြောကြားချက်အရ သိရှိရသည်။
ပြည်သူ့လွှတ်တော် ဆဌမပုံမှန် အစည်းအဝေး၊ န၀မနေ့တွင် ထန်းတပင် မဲဆန္ဒနယ်မှ ဦးသိန်းရီ၏ "နည်းပညာ တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသော B.E ဘွဲ့ပညာ မမီ၍ ကျောင်းထွက်သွားရသော A.G.T.I ဘွဲ့ရ ကျောင်းသားကျောင်းသူများအတွက် မည်သို့စီစဉ် ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း" မေးမြန်းသည့် မေးခွန်းအပေါ် ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖြေကြားချက်နှင့် ပတ်သက်၍ "B.E ဘွဲ့ကို ပေါင်းကူးပြီးတော့ တက်ရောက်ဖို့အတွက် နိုင်ငံတော်ဘက်က၊ ၀န်ကြီးဌာနဘက်က ဘာလုပ်ပေးရမလဲ၊ ဘယ်တော့လုပ်မလဲ အဲဒါတွေကို ကျွန်တော်တို့ သိချင်ပါတယ်။ ဒါ့ကြောင့် ဒီမေးခွန်းကို မေးတာပါ။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံတော်အနေနဲ့ ကျောင်းသူကျောင်းသားတွေနဲ့ မိဘတွေ ခံစားနရတာကို ဆောင်ရွက်ပေးစေချင်ပါတယ်" ဟု မေးခွန်းရှင် ဦးသိန်းရီကလည်း ပြောကြားခဲ့ကြောင်း သိရှိရသည်။
ယခင်က A.G.T.I မှ B.Tech၊ B.Tech မှ B.E သို့ အဆင့်ဆင့် ပေါင်းကူးစနစ် ကျင့်သုံးသည့် စာသင်နှစ်များ၌ တစ်ဆင့်မြင့် သင်တန်းများသို့ ပေါင်းကူးတက်ရောက်ခွင့် ပြုရာတွင် လူဦးရေဖြင့် ကန့်သတ်သတ်မှတ်ခြင်း မဟုတ်ဘဲ တစ်ဆင့်မြင့် သင်တန်းသို့ တက်ရောက်ရန် သတ်မှတ်ထားသည့် ရမှတ်ပြည့်မီသူ အားလုံးကို တက်ရောက်ခွင့်ပြုသည့် စနစ်ကို ကျင့်သုံးခြင်းဖြစ်သည်။ ပေါင်းကူးအရည်အချင်း မပြည့်မီသဖြင့် တစ်ဆင့်မြင့် သင်တန်းများသို့ တက်ရောက်ခွင့် မရရှိသူများအတွက် ပေါင်းကူးအရည်အချင်းစစ် စာမေးပွဲများကို လိုအပ်ချက်အရ အခါအားလျော်စွာ ကျင်းပပြုလုပ်ခဲ့သော်လည်း နည်းပညာ တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသော B.E ဘွဲ့ပညာ မမီ၍ ကျောင်းထွက်သွားရသည့် A.G.T.I ဘွဲ့ရ ကျောင်းသားကျောင်းသူများရှိခဲ့ပြီး ပညာရေးတစ်ပိုင်းတစ်စဖြင့် ကျောင်းပြီးဆုံးခဲ့ကြရသည့် ဖြစ်ရပ်များလည်း အများအပြားရှိခဲ့သည်။
"ကျွန်တော်က A.G.T.I အောင်ပြီးလို့ B.Tech ကို တက်ခဲ့တယ်၊ ပြီးတော့ နှစ်ကြိမ်ကျပြီး ကျောင်းထွက်ခဲ့ရတယ်၊ ကျွန်တော့မှာ A.G.T.I ဒီပလိုမာ လက်မှတ်ပဲ ရခဲ့ပြီး ပညာတစ်ပိုင်းတစ်စ ဖြစ်သွားခဲ့တယ်။ အခုဒီလိုပုံစံမျိုး အဝေးသင်တက္ကသိုလ်ကို တတိယနှစ်ကနေ စတက်ရပြီးတော့ ဘွဲ့တစ်ခုရသွားမယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် အဆင်ပြေသွားတာပေါ့ဗျာ" ဟု နည်းပညာတက္ကသိုလ် ကျောင်းသားဟောင်းတစ်ဦးက ပြောပြခဲ့ပါသည်။
နည်းပညာတက္ကသိုလ်များတွင် ယခင် ၂၀၁၁-၁၂ ပညာသင်နှစ်အထိ အင်ဂျင်နီယာနှင့် ဗိသုကာပညာရပ်များကို လေ့လာသင်ယူရာ၌ A.G.T.I သင်တန်း ၂ နှစ် အောင်မြင်ပြီးဆုံးသည့် အချိန်တွင် A.G.T.I ဒီပလိုမာ လက်မှတ်အား လည်းကောင်း၊ A.G.T.I ဒုတိယနှစ်တွင် သတ်မှတ်အရည်အချင်း ပြည့်မီပါက B.Tech ပထမနှစ်သို့ ဆက်လက်တက်ရောက်ခွင့်ပြုပြီး B.Tech အောင်မြင်ပြီးမြောက်သည့်အခါ ဒုတိယနှစ် သင်တန်းတွင် သတ်မှတ်အရည်အချင်း ပြည့်မီပါက B.E တစ်နှစ် သင်တန်းသို့ တက်ရောက်ခွင့်ပြုပြီး အောင်မြင်ပြီးမြောက်ပါက B.E ဘွဲ့ကိုလည်းကောင်း ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၁၂-၁၃ ပညာသင်နှစ်မှ စတင်ကာ ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့် မန္တလေးနည်းပညာ တက္ကသိုလ်တို့ကို အဆင့်မြင့်နည်းပညာ တက္ကသိုလ်များအဖြစ် ဖွင့်လှစ်၍ အင်ဂျင်နီယာ ဘွဲ့ကြိုသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက် ရှိပြီး သင်တန်းကာလ (၆) နှစ် အောင်မြင်ပြီးဆုံးပါက သက်ဆိုင်ရာ အထူးပြုဘာသာရပ်အလိုက် အင်ဂျင်နီယာဘွဲ့ (B.E) ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။        
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template