Headlines News :
Home » »  ပြည်တွင်းငြိမ်းချမ်းရေး အဆိုအား တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ ထောက်ခံဆွေးနွေးခဲ့ပြီး ပြည်ခိုင်ဖြိုးလွှတ်တော် ကိုယ်စားလှယ်အချို့က ကေအိုင်အေနှင့် ဖြစ်ပွားနေသော ပဋိပက္ခ၌ အတိုင်းအတာ တစ်ရပ်ထိသာ သည်းခံသင့်ကြောင်းဆွေနွေး

 ပြည်တွင်းငြိမ်းချမ်းရေး အဆိုအား တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ ထောက်ခံဆွေးနွေးခဲ့ပြီး ပြည်ခိုင်ဖြိုးလွှတ်တော် ကိုယ်စားလှယ်အချို့က ကေအိုင်အေနှင့် ဖြစ်ပွားနေသော ပဋိပက္ခ၌ အတိုင်းအတာ တစ်ရပ်ထိသာ သည်းခံသင့်ကြောင်းဆွေနွေး

Written By လွင့်မောင်မောင် on Sunday, January 27, 2013 | 5:12 PM

 ha-27-1-5
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ ဆွေးနွေးနေစဉ်
ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် နှစ်ဦးနှစ်ဖက် ယုံကြည်မှုရရှိမည့် ခိုင်မာသော အခြေခံမူများ ချမှတ်ပေးရေး အဆိုအား လွှတ်တော်ကိုယ်စားလှယ် ၂၉ ဦးက ၀င်ရောက်ဆွေးနွေးကြပြီး တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်အားလုံးနီးပါးက ထောက်ခံဆွေးနွေးကြကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်အချို့က ကေအိုင်အေနှင့် ဖြစ်ပွားနေသော ပဋိပက္ခ၌ ငြိမ်းချမ်းရေးအတွက် အတိုင်းအတာတစ်ခုအထိသာ သည်းခံသင့်ကြောင်း အကြံပြုဆွေးနွေးခဲ့ကြသည်။
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က "ကချင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ကိုယ်တွေ့ကြုံတွေ့ခဲ့ရတာ ပြောပြချင်ပါတယ်။ ၁၉၇၂ ခုနှစ်ဝန်းကျင်မှာ လိုင်ဇာဘက်ကိုရောက်တော့ ကချင်အမျိုးသမီးတစ်ဦးက တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်နေကြတာ နားမလည်နိုင်ဘူး ဖြစ်နေတယ်လို့ ပြောပါတယ်။ ငြိမ်းချမ်းရေးရှိစွာနဲ့ နေချင်ကြတယ်။ စစ်ကို ဘယ်သူမှ လိုချင်မှာမဟုတ်ဘူး။ နောက်ပြီးတော့ လက်နက်ကိုင်ပြီး ဆွေးနွေးဖို့ဆိုတာ အတော်ခဲယဉ်းပါတယ်။ ဒီအမျိုးသမီးကြီး တွေးသလို အားလုံးကလည်း ဒီလိုပဲဖြစ်မှာပါ" ဟု ပြောကြားခဲ့သည်။
အလားတူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကလည်း "ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံတော်သီချင်းလို စည်းလုံးညီညွတ်ဖို့ လိုပါတယ်။ စစ်ရဲ့ဒဏ်ကြောင့် ကောင်းကျိုးမရဘဲ တိုင်းပြည်အတွက် ဆုံးရှုံးမှုတွေပဲ ဖြစ်ပေါ်ပါတယ်။ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ့်ကိစ္စကို အကျင့်လုပ်ပြီး ဖြေရှင်းဖို့လိုပါတယ်။ ဒီမိုကရေစီစနစ်နဲ့ ရွေးချယ်ထားတဲ့ နိုင်ငံတော်အကြီးအကဲဟာ ပြည်သူတွေရဲ့ အကျိုးကို အကျိုးပြုဖို့ လိုပါတယ်။ တိုင်းရင်းသား ဒေသတွေ ဖွံ့ဖြိုးအောင် လုပ်ရမယ်ဆိုတာ ဖွဲ့စည်းပုံမှာလည်း ပါပါတယ်။ ဖွဲ့စည်းပုံအရ အုပ်ချုပ်မှုရဲ့အောက်မှာ ကာကွယ်ရေးက ရှိရမှာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ် ဖြစ်တဲ့အတွက် အုပ်ချုပ်မှုအကြီးအကဲရဲ့ အောက်မှာပဲ ရှိရမှာပါ။ ဒီအချိန်မှာ အချိန်ကိုက်ဖြစ်တဲ့အတွက် အဆိုကို ထောက်ခံပါတယ်" ဟု ဆွေးနွေးခဲ့သည်။
"ဦးခက်ထိန်နန်ရဲ့ အဆိုဟာ ငြိမ်းချမ်းရေးအတွက် ရည်မှန်းချက် တူသော်လည်း ချဉ်းကပ်ပုံတော့ ကွဲပြားပါတယ်။ ကေအိုင်အေက ကချင်လူထုကို ကိုယ်စားပြုလားဆိုတာ စစ်တမ်းကောက်ကြည့်ရပါမယ်။ မင်းတို့ရွာမှာ ဖြစ်ပျက်ခဲ့တာတွေ လွှတ်တော်ထဲမှာ ကြားရရင် မင်းတို့ရွာ မလွယ်ဘူးဆိုပြီး ကေအိုင်အေက ခြိမ်းခြောက်တယ်လို့ သိရပါတယ်။ သမ္မတကြီးက တစ်ဖက်သတ် အပစ်အခတ် ရပ်စဲခဲ့သော်လည်း ကေအိုင်အေဘက်က မလိုက်နာဘူး။ ကေအိုင်အေက ငြိမ်းချမ်းရေးကို ရွေးကြည့်ပါ။ အဆင်ပြေသွားမယ်။ ရွှေလက်နဲ့ခေါ်တုန်း လာပါ။ Bullet နဲ့ခေါ်တာ မလိုချင်ပါနဲ့။ ဒါကြောင့် ဦးခက်ထိန်နန်ရဲ့ ငြိမ်းချမ်းရေးအဆိုကို အတိုင်းအတာတစ်ရပ်အထိသာ သည်းခံသင့်ပါကြောင်း" ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဆွေးနွေးခဲ့သည်။
"နေ့စဉ် ၀မ်းနည်းဖွယ်ရာ ကိစ္စတွေ မြင်ရ၊ ကြားနေရလို့ ဒီအဆိုကို ထောက်ခံရခြင်း ဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက် ယုံကြည်ခိုင်မာသော မူများချမှတ်ရေးဆိုတာ လွယ်မယောင်နဲ့ ခက်ပါတယ်။ သူတို့တောင်းဆိုတာက ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်နေရင် အစိုးရက လုပ်ဆောင်ပေးနိုင်မှာလား၊ အေအန်ယူဆိုရင် လက်နက်ကိုင်တိုက်နေတာ မဟုတ်မှန်းသိလို့ စားပွဲဝိုင်းမှာ ဆွေးနွေးပြီး လိုချင်တာတွေ တောင်းဆိုနိုင်တာ သိလာတဲ့အတွက် ငြိမ်းချမ်းရေး လုပ်လာပါတယ်။ ကချင်ပြည်နယ်မှာလည်း ၂၀၁၀ မတိုင်ခင် ၁၇ နှစ် ငြိမ်းချမ်းခဲ့ပါတယ်။ အဲဒီလိုအခြေအနေကို မရချင်ဘူးလား၊ ရအောင် ဘယ်လိုလုပ်ရမလဲ။ အစိုးရက အပစ်အခတ်ရပ်စဲချင်နေတာ ကေအိုင်အိုဘက်က မလုပ်နိုင်ဘူး ဖြစ်နေတယ်။ တိုက်ပွဲဖြစ်နေတော့ ကေအိုင်အေရော တပ်မတော်ရော ကျဆုံးမှုတွေ ရှိလာပါတယ်။ ငြိမ်းချမ်းရေး စားပွဲဝိုင်းမှာ ဖြေရှင်းနိုင်လျက်နဲ့ တိုက်နေတာကို ပြန်စဉ်းစားဖို့ လိုပါတယ်။ ကေအိုင်အေ၊ ကေအိုင်အိုကို အမြစ်ပြတ်မတိုက်လို့သာ ရှိနေသေးတာ ဖြစ်ပါတယ်။ အခုကချင်ပြည်သူတွေ အန္တရာယ်ကျရောက်နေရပါပြီ။ တပ်မတော်က နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်စာင့်ရှောက်ရမယ်ဆိုတာ ဖွဲ့စည်းပုံမှာ ပါပါတယ်။ ကချင်ပြည်သူတွေ ခံစားနေရတဲ့ အန္တရာယ်ကို တပ်မတော် လျစ်လျူရှုတော့မှာလား၊ လျစ်လျူရှုခိုင်းထားတော့မှာလား။ ကေအိုင်အိုကို တောင်းဆိုပါတယ်။ ပြည်သူတွေကို အန္တရာယ်မပြုဖို့၊ မဖျက်ဆီးဖို့ အပစ်အခတ်ရပ်စဲပြီးတော့ ငြိမ်းချမ်းရေးစားပွဲဝိုင်းကို လာရောက်ကြဖို့ တောင်းဆိုချင်ပါတယ်။ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က တစ်ဖက်သတ် အပစ်အခတ်ရပ်စဲတာကို မလုပ်ဘဲ လူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့ တရားသောစစ်ကို မှန်ကန်စွာ ဆင်နွှဲဖို့ ပြည်သူတွေကို အန္တရာယ်ပြုနေသူများအား အခြေခံဥပဒေမှာ ပါတာနဲ့အညီ ဆောင်ရွက်ပေးပါလို့ လေးလေးနက်နက် တောင်းဆိုပါတယ်" ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမန်းကံညွန့်က ဆွေးနွေးခဲ့သည်။

မင်းတို့ရွာမှာ ဖြစ်ပျက်ခဲ့တာတွေ လွှတ်တော်ထဲမှာ ကြားရရင် မင်းတို့ရွာ မလွယ်ဘူးဆိုပြီး ကေအိုင်အေက ခြိမ်းခြောက်တယ်လို့ သိရပါတယ်။ သမ္မတကြီးက တစ်ဖက်သတ် အပစ်အခတ် ရပ်စဲခဲ့သော်လည်း ကေအိုင်အေဘက်က မလိုက်နာဘူး။ ကေအိုင်အေက ငြိမ်းချမ်းရေးကို ရွေးကြည့်ပါ။ အဆင်ပြေသွားမယ်။ ရွှေလက်နဲ့ခေါ်တုန်း လာပါ။ Bullet နဲ့ခေါ်တာ မလိုချင်ပါနဲ့  .   .   .
တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး အောင်ကျော်က "ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တင်သွင်းထားတဲ့ ဒီအဆိုကို ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ လွတ်လပ်ရေး ရပြီးကတည်းက လူမျိုးစွဲ၊ ဂိုဏ်းဂဏစွဲတွေကြောင့် ဆူပူမှု ဖြစ်ပေါ်ခဲ့ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိတာကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ဖြစ်နေပါတယ်။ ပြည်သူတွေအပေါ် ကျရောက်လာမယ့် အန္တရာယ်တွေကို တပ်မတော်က ကာကွယ်စောင့်ရှာက်ခြင်းဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ တပ်မတော်သားတွေဟာ ငြိမ်းချမ်းရေးကို အလိုချင်ဆုံးသူများ ဖြစ်ပါတယ်" ဟု ဆွေးနွေးခဲ့သည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက "တိုင်းရင်းသားလူမျိုးချင်း ပဋိပက္ခ ပြည်တွင်းစစ်ဟာ တိုင်းပြည်နဲ့လူမျိုးအတွက် ဘယ်လောက်ထိခိုက်လဲဆိုတာ နားလည်တဲ့အတွက် အကြံပြုလိုပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ အရှေ့တောင်အာရှမှာ အဆင်းရဲဆုံး နိုင်ငံအဆင့်ကို ရောက်နေပြီး တိုင်းရင်းသားတွေ ပြည်ပနိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်ကိုင်နေရပါတယ်။ တိုက်နေတာတွေရပ်တန့်ပြီး ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ လိုအပ်ချက်တွေဖြည့်ပြီး ယုံကြည်မှု တည်ဆောက်ဖို့ လိုပါတယ်" ဟု ဆွေးနွေးခဲ့သည်။
"ကချင်ပြည်နယ်မှာ ကေအိုင်အို၊ ကေအိုင်အေနဲ့ တပ်မတော်တို့ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် စစ်ဘေးဒုက္ခသည်အရေးဟာ ပြည်ထောင်စုအရေး ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်နဲ့ ပြည်ထောင်စုအစိုးရတို့ ပူးပေါင်းကာ ခိုင်မာသည့်ဆွေးနွေးပွဲများ ဖြစ်လာရန် ကြိုးပမ်းဖို့ လိုပါတယ်။ အပစ်အခတ်ရပ်စဲပြီး ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်သင့်ပါတယ်" ဟု ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၉) မှ ဦးနေ၀င်းထွန်းက ဆွေးနွေးခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က "ကချင်ပြည်နယ်မှာ ဘာတွေဖြစ်နေလဲ။ ဘာကြောင့်ဖြစ်တာလဲ။ ဘယ်လိုကျော်လွှားမလဲဆိုတာ အဖြေရှာဖို့ အရေးကြီးပါတယ်။ တစ်ဖက်တည်း သဘောကောင်းနေရုံနဲ့ မရနိုင်သလို တစ်ဖက်သတ် အနိုင်ယူလို့ အဖြေမရနိုင်ပါဘူး။ ကြားဝင်ဖြေရှင်းပေးမယ့်အဖွဲ့ ဖွဲ့ဖို့လိုအပ်မယ် ထင်ပါတယ်။ အဲဒီအဖွဲ့မှာလည်း နှစ်ဖက်က လေးစားယုံကြည်သူ ဖြစ်ရမယ်။ နှစ်ဖက်လုံးရဲ့ သြဇာလွှမ်းမိုးမှုကင်းသူ ဖြစ်ရမယ်။ အများလေးစားကြည်ညိုသူ ဖြစ်ရမယ် စတဲ့အချက်တွေရှိတဲ့ အဖွဲ့ရှိဖို့ လိုလာပါပြီ။ အဓိကကတော့ ယုံကြည်မှု အပြန်အလှန်ရှိဖို့ လိုပါတယ်" ဟု ဆွေးနွေးခဲ့သည်။
"သူများနိုင်ငံတွေမှာ ဖြစ်နေတာနဲ့ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်နေတာနဲ့ မတူပါဘူး။ ငြိမ်းချမ်းရေးရဖို့ ကိစ္စဟာ ခက်ခဲတဲ့ကိစ္စ မဟုတ်ပါဘူး။ အနာနဲ့ဆေး မတည့်ဖြစ်နေတာပါ။ အပစ်အခတ်ရပ်စဲရေးဟာ အဓိကထား လုပ်ဆောင်ရမယ့် ကိစ္စဖြစ်ပါတယ်။ ဆွေးနွေးရင်းနဲ့ အပစ်အခတ် ရပ်စဲမယ်ဆိုရင် ပိုဆိုးသွားနိုင်တယ်။ စစ်ပွဲတွေ ဆက်ဖြစ်နေမယ်ဆိုရင် သားစဉ်မြေးဆက် ရင်မအေးစရာတွေ ဖြစ်နေဦးမယ်။ လွှတ်တော်ကလည်း ပါဝင်ဆောင်ရွက်မှု နည်းနေသေးတယ်လို့ ယူဆပါတယ်။ ငြိမ်းချမ်းရေးရဖို့ အားလုံးပူးပေါင်းဆောင်ရွက်ဖို့ လိုမယ်လို့ ယူဆပါတယ်။ ကျွန်တော့်အနေနဲ့ ဒီအဆိုကို လေးနက်စွာ ထောက်ခံပါတယ်" ဟု ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၂) မှ ဦးဆိုင်ပေါင်းနပ်က ဆွေးနွေးခဲ့သည်။
ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေး ရရှိရန်အတွက် ဆွေးနွေးသည့် လွှတ်တော်ကိုယ်စားလှယ် အားလုံးနီးပါးက အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးအဖြေရှာရန် တိုက်တွန်းဆွေးနွေးခဲ့ကြပြီး မဲခွဲဆုံးဖြတ်ရာတွင် တက်ရောက်သူ ၁၉၁ ဦး ရှိသည့်အနက် ထောက်ခံမဲ ၁၇၆ မဲဖြင့် အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template