Headlines News :
Home » » ၀န်ကြီးချုပ်အမည်ပေါက်နေသည့်မြေတွင် ခြံစည်းရိုးကာရံခြင်းကို ဆိုင်းငံ့ခိုင်းရန်အကြောင်းမရှိဟု ထားဝယ်စည်ပင်ဆို

ဝန်ကြီးချုပ်အမည်ပေါက်နေသည့်မြေတွင် ခြံစည်းရိုးကာရံခြင်းကို ဆိုင်းငံ့ခိုင်းရန်အကြောင်းမရှိဟု ထားဝယ်စည်ပင်ဆို

Written By Live100 on Sunday, January 31, 2016 | 8:05 PM


|Dawei Watch| ထားဝယ်၊ ဇန်န၀ါရီ ၃
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်အမည်ပေါက်နေသည့် မြေကွက်တွင် ခြံစည်းရိုးကာရံနေခြင်းကို ဆိုင်ငံ့ခိုင်းထားရန် အကြောင်းမရှိဟု ထားဝယ်မြို့နယ် စည်ပင်သယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဗိုလ်မှူးကြီးဦးမြတ်ကို(ငြိမ်း)(လက်ရှိ တိုင်းဒေသကြီးဝန်ကြီးချုပ်) အမည်ပေါက် သည်ဆိုသည့် ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်၊ ကမြောကင်းလမ်းရှိ ဦးပိုင်အမှတ် (၃၁၂)၊ ဧရိယာ ၀.၁၅၂ ဧက ရှိသည့် မြေကွက်ကို ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းအား ဆိုင်းငံ့ပေးထားရန် မူလပိုင်ရှင်ဟုဆိုသည့် လယ်သမားမိသားစုက ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံ ဇန်န၀ါရီလ ၂၈ ရက်က တင်ပြချက်အပေါ် ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဘယ်သူဖြစ်ဖြစ် ပိုင်ဆိုင်မှုအပြည့်အစုံ ပြသနိုင်တဲ့အတွက် ဆိုင်းငံ့ခိုင်းစရာအကြောင်းမရှိဘူး” ဟု စည်ပင်သာယာ ရေးအဖွဲ့မှ အဆိုပါတာဝန်ရှိသူက ပြောသည်။
မြေယာအမှုကိစ္စနှင့် ပက်သက်၍ သက်ဆိုင်ရာ တရားရုံးမှ ယင်းမြေကွက်အပေါ် လုပ်ကိုင်နေသည့်လုပ်ငန်းများ ဆိုင်းငံ့ထားရန် တားမြစ်သည့်စာတင်ပြနိုင်ပါက စည်ပင်ဥပဒေအရ ဆိုင်းငံ့ခိုင်းခွင့်ရှိသည် ၎င်းက ဆိုသည်။
ခြံစည်းရိုးကာရံခွင့်ကို ထားဝယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဗိုလ်မှူးကြီးဦးမြတ်ကို(ငြိမ်း)၏ မြေနှင့် ပက်သက်၍ ကိုယ်စားလှယ်လွှဲအပ်ခံထားရသူ ဦးအုန်းမြင့်အား ၂၀၁၅ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့စွဲပါ စာဖြင့် ခွင့်ပြုထားကြောင်း မူလပိုင်ရှင်ဟုဆိုသည့် လယ်သမားမိသားစုဝင်နှစ်ဦးအား ရဲစခန်းမှဆင့်ခေါ်ထားသည့်စာအရ သိရသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်က ယင်းမြေကို ခြံစည်းရိုးခတ်ရန် အလုပ်သမားများ ကျင်းတူးနေစဉ် ဒေါ်လွယ်လွယ်ဆိုသူက စည်ပင်မှ ထုတ်ပေးထားသည့် ခြံစည်းရိုးကာရံခွင့် အမိန့်စာပြားကို ဆွဲဖြုတ်ခြင်း၊ အကြမ်း စိုက်ထူထားသည့် တိုင်များအား ဆွဲနှုတ်ခြင်းနှင့် ၎င်းနှင့် အတူပါလာသည့် လူအုပ်စုကလည်း မနီးမဝေးမှ ရန်စပြောဆိုနေမှုများကြောင့် ဒေါ်လွယ်လွယ်နှင့်အပေါင်းအပါများကို ပုဒ်မ ၄၄၇/၄၂၇ တို့ဖြင့် အရေးယူပေးရန် တိုင်ကြားထားကြောင်း ဒေါ်လွယ်လွယ်နှင့် ဦးထွန်းထွန်းဝင်းတို့အား ထားဝယ်ရဲစခန်းမှ ဆင့်ခေါ်စာတွင် ဖော်ပြထားသည်။
မူလပိုင်ရှင်ဆိုသည့် လယ်သမားများကမူ မြေယာပြဿနာများအား မဖြေရှင်းမီအချိန်အတွင်း ခြံစည်းရိုး ကာရံလာသဖြင့် ဆိုင်းငံ့ထားပေးရန် ကန့်ကွက်စာတင်ထားခြင်းဖြစ်သည်ဟု ဆိုသည်။
လွန်ခဲ့သည့် နှစ်ပေါင်း၁၅၀ ခန့်ကတည်းက ပိုင်ဆိုင်လုပ်ကိုင်လာခဲ့သည့် မြေကွက်အား ဗိုလ်မှူးကြီး ဦးမြတ်ကို (ငြိမ်း) အမည်ပေါက် အနှစ် ၃၀ဂရမ် ရရှိထားသည်ဟု ကြားမိသော်လည်း ယင်းမြေနှင့် ပတ်သက်၍ ထားဝယ်ရဲစခန်းမှ ၂၀၁၅ခုနှစ် ဒီဇင်ဘာလ၂၅ ရက်ဖြစ်စဉ်အား လာရောက်ဖြေရှင်းရန် လယ်ပိုင်ရှင် မိသားစုဝင် ဒေါ်လွယ်လွယ်အား ဆင့်ခေါ်စာ ရောက်ရှိလာသည့်အချိန်မှသာ တရားဝင်သိရှိခဲ့ကြောင်း လယ်သမား မိသားစုဝင် ဦးဇော်ဝင်းက ဆိုသည်။
“ဘိုးဘွားဘီဘင် လက်ထက်ကတည်းကလုပ်လာတဲ့ မြေကွက်ကိုအခုမှ သူတို့ပိုင်တယ်ဆိုတော့ ဘယ်လို ဖြေရမလဲ” ဟု လယ်သမားမိသားစုဝင် ဦးထွန်းထွန်းဝင်းက ဆိုသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ မြေယာပြသနာဖြေရှင်းမှုသည် ပြည်ထောင်စုလွှတ်တော် သိမ်းဆည်း လယ်ယာ မြေဆိုင်ရာ ဆုံးဖြတ်ချက်နှင့် ကိုက်ညီမှုမရှိသည့် အတွက် မြေယာလျော်ကြေး မယူခဲ့ဖြင်းဖြစ်ပြီး မြေယာပြဿနာ အားလုံးကို နောင်တက်လာမည့် အစိုးရအဖွဲ့နှင့် လွှတ်တော်တို့တွင် ဆက်ပြီးအရေးဆိုသွားမည်ဟု ဦးဇော်ဝင်း က ပြောသည်။
ယင်းမြေယာကိစ္စနှင့်ပက်သက်၍ ဗိုလ်မှူးကြီးဦးမြတ်ကို(ငြိမ်း)၏ ကိုယ်စားလှယ် လွှဲအပ်ခြင်းခံရသူဦးအုန်းမြင့်အား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ “ခဏအကြာတွင်ဖုန်းပြန်ခေါ်မည်” ဟုပြောဆိုကာ ဖုန်းချသွားခဲ့ပြီး ဖုန်းပြန်မခေါ်သဖြင့် ဖုန်းဖြင့် အကြိမ်ကြိမ်ထပ်မံခေါ်ဆိုခဲ့သော်လည်း ဖုန်းမကိုင်တော့သဖြင့် မေးမြန်းခွင့် မရခဲ့ပေ။

Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template