Headlines News :
Home » » တရုတ်တွင် ယွမ်သုံးသန်း လာဘ်စားပါက သေဒဏ် ချမှတ်မည်

တရုတ်တွင် ယွမ်သုံးသန်း လာဘ်စားပါက သေဒဏ် ချမှတ်မည်

Written By Live100 on Monday, April 18, 2016 | 10:00 PM


18-4-2016

အနာဂတ်တွင် ယွမ်သုံးသန်း (ဒေါ်လာ ၄၆၃၀၀၀) သို့မဟုတ် ယင်းထက်ပိုသော ပမာဏကို လာဘ်စားမှုများတွင် ပါဝင်သူများသည် သေဒဏ်ချမှတ်ခံရမည်ဖြစ်ကြောင်း အာဏာပိုင်များက ဧပြီ ၁၈ ရက်တွင် ဆုံးဖြတ်ခဲ့ရာ အစိုးရ တာဝန်ရှိသူများသည် အကျင့်ပျက် ခြစားမှုများအတွက် ကွပ်မျက်ခံရနိုင်ကြောင်း အချက်ပြလိုက်ခြင်း ဖြစ်သည်။ တရုတ်သမ္မတ ရှီကျင်ပင်း လက်ထက်တွင် ရာထူးမြင့် တာဝန်ရှိသူများ သာမက ရာထူးနိမ့် တာဝန်ရှိသူများကိုပါ ပစ်မှတ်ထား၍ ထင်ရှားသော အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အစီအစဉ်ကို လုပ်ဆောင်ခဲ့သော်လည်း ကွန်မြူနစ်ပါတီ တာဝန်ရှိသူ တစ်ဦးမျှ အကျင့်ပျက် ခြစားမှုအတွက် ယခုချိန်အထိ သေဒဏ်ချမှတ်ခံခဲ့ရခြင်း မရှိသေးပေ။

စုစုပေါင်း ယွမ်သုံးသန်း သို့မဟုတ် ယင်းထက်ပိုသော ပမာဏကို လာဘ်စားမှု သို့မဟုတ် အလွဲသုံးစားပြုမှုသည် အလွန်အမင်း များပြားသော ပမာဏအဖြစ် စဉ်းစားမည် ဖြစ်ကြောင်း တရုတ်ပြည်သူ့ တရားရုံးချုပ်နှင့် တရုတ်အမျိုးသား တရားစီရင်ရေး အဖွဲ့တို့က ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီ ဆင်ဟွာက ဖော်ပြခဲ့သည်။ အကယ်၍ ယင်းအကျင့်ပျက် ခြစားမှုများတွင် ပါဝင်သူများ၏ လုပ်ဆောင်မှုများသည် လူမှုဝန်းကျင် သက်ရောက်မှုကို ဆိုးဆိုးရွားရွား ဖြစ်စေမှုနှင့် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားတို့ကို အလွန်အမင်း ဆိုးဆိုးရွားရွား ထိခိုက်ဆုံးရှုံးစေမှု ဖြစ်စေခဲ့ပါက သေဒဏ် ချမှတ်ခံရမည်ဖြစ်ကြောင်း ယင်းပူးတွဲကြေညာချက်ကို ကိုးကား၍ ဆင်ဟွာက ဖော်ပြခဲ့သည်။

တရုတ်တွင် အာဏာရ ကွန်မြူနစ်ပါတီက ထိန်းချုပ်ထားသော တရားရုံးများတွင် သေဒဏ်အပြစ်ပေးမှုကို စည်းမျဉ်းစည်းကမ်း ပြဋ္ဌာန်းချက်အရ မဖြစ်မနေ ပြုလုပ်ရမည် မဟုတ်ဘဲ ရွေးချယ်စရာ တစ်ခုအဖြစ် ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ရည်ရွယ်ချက်မှာ အကျင့်ပျက် ခြစားမှုကို ဥပဒေအရ ပြင်းပြင်းထန်ထန် အပြစ်ပေးနိုင်ရန်သာဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်ဟု ဆင်ဟွာက ဖော်ပြခဲ့သည်။ တရားစီရင်ရေး တာဝန်ရှိသူများသည် သေဒဏ်များကို ပြတ်ပြတ်သားသား ချမှတ်လိမ့်မည်ဖြစ်ကြောင်း တရားရုံးချုပ် တရားသူကြီး ဖေးရှန်တင်က ပြောကြားခဲ့သည်ဟု ဆင်ဟွာက သီးခြားဖော်ပြခဲ့သည်။

ယခင်က သေဒဏ်ချမှတ်ခံရနိုင်သည့် လာဘ်စားမှု ပမာဏကို ၁၉၉၇ ခုနှစ်တွင် ယွမ် ၁၀၀၀၀၀ ဟု သတ်မှတ်ခဲ့သော်လည်း ယင်းစနစ်ကို ဖျက်သိမ်းခဲ့သည့် ပြီးခဲ့သောနှစ်အထိ ပြင်ဆင်ခဲ့ခြင်း မရှိခဲ့ပေ။ ရှီ၏ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး လုပ်ဆောင်မှုတွင် လုံခြုံရေး အကြီးအကဲဟောင်း ကျိုးယုံကန်း အပါအ၀င် ပါတီ၊ အစိုးရ၊ စစ်ဘက်နှင့် နိုင်ငံပိုင် ကုမ္ပဏီကြီးများထံမှ ထိပ်တန်းတာဝန်ရှိသူ အများအပြား အရေးယူ ခံခဲ့ရသည်။ သို့သော် အပြင်းထန်ဆုံး အပြစ်ပေးမှုမှာ ကျိုးကို ချမှတ်ခဲ့သော သေဒဏ်ဆိုင်းငံ့ နှစ်နှစ်သာ ဖြစ်သည်။

Ref: AFP
EMG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template