Headlines News :
Home » » အဝေးပြေးယာဉ်ရပ်နားစခန်းပါ အဆင့်မြင့်အိမ်ရာစီမံကိန်းကို ကန်ဒေါ်လာ သန်း ၁၂ဝ အကုန်အကျခံ တည်ဆောက်မည်

အဝေးပြေးယာဉ်ရပ်နားစခန်းပါ အဆင့်မြင့်အိမ်ရာစီမံကိန်းကို ကန်ဒေါ်လာ သန်း ၁၂ဝ အကုန်အကျခံ တည်ဆောက်မည်

Written By Live100 on Tuesday, April 26, 2016 | 9:06 AM



ရန်ကုန် ဧပြီ ၂၅

မြန်မာနိုင်ငံတွင် ပထမဆုံး နိုင်ငံတကာအဆင့်မြင့်အဝေးပြေးယာဉ်ရပ်နားစခန်းပါ INNO CITY အမည်ရှိ စုပေါင်းအဆောက်အအုံစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ပါရမီလမ်းနှင့် ဝေဇယန္တာလမ်းထောင့် (ယခင်ပါရမီကားကြီးကွင်းနေရာ) ၌ အမေရိကန်ဒေါ်လာ သန်း ၁၂ဝ အကုန်အကျခံကာ တောင်ကိုရီးယားနိုင်ငံ INNO Group မှ အကောင်အထည်ဖော် စတင်ဆောက်လုပ်တော့မည်ဖြစ်သည်။

အဆိုပါ INNO CITY အမည်ရှိ စုပေါင်းအဆောက်အအုံစီမံကိန်းကို ဆောက်လုပ်ရန်အတွက် ၂ဝ၁၅ ခုနှစ် မတ် ၃ဝ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ''မူ''အားဖြင့် သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ ၂ဝ၁၅ ခုနှစ် ဧပြီ ၇ ရက်တွင် ခွင့်ပြုချက် ရရှိခဲ့ကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကလည်း ၂ဝ၁၅ ခုနှစ် စက်တင်ဘာ ၈ ရက်တွင် ''မူ'' အားဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ၌ တစ်ခုတည်းသော အဆောက်အအုံအဖြစ် အကြီးဆုံးဆောက်လုပ်ခဲ့သော ကြမ်းခင်းဧရိယာစုစုပေါင်း ၄၉ ဧကကျယ်ဝန်းသည့် ဆိုဖွန်းစီမံကိန်းကို အဆိုပါတောင်ကိုရီးယားနိုင်ငံ INNO Group ကပင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံ၏ ပထမဆုံးနိုင်ငံတကာ အဆင့်မြင့် အဝေးပြေးယာဉ်ရပ်နားစခန်းပါ INNO CITY အမည်ရှိ စုပေါင်း အဆောက်အအုံစီမံကိန်းမြေကွက်မှာ ဧရိယာစုစုပေါင်း ၇ ဒသမ ၆၂၉ ဧက ကျယ်ဝန်းကြောင်း သိရသည်။ INNO CITY စီမံကိန်း၏အဆောက်အအုံ အမြင့်မှာ ၃၅၆ ပေ ၁ဝ လက်မရှိပြီး ရွှေတိဂုံဘုရားပတ်ဝန်းကျင်ကန့်သတ်ဇုန် အပြင်ဘက်တွင်ရှိကာ လူနေအိမ်ခန်း ၂၁၆ ခန်းပါအထပ် ၃ဝ မြင့် အဆောက်အအုံ နှစ်လုံး၊ လူနေအိမ်ခန်း ၁ဝ၄ ခန်းပါ ၂၉ ထပ်မြင့် အဆောက်အအုံ သုံးလုံး၊ ၁၃ ထပ်မြင့် ဟိုတယ်တစ်လုံး၊ အဝေးပြေးယာဉ်ရပ်နားစခန်း၊ ရှော့ပင်းမောနှင့် Convention Centre တို့ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

INNO CITYအဆင့်မြင့်အိမ်ရာစီမံကိန်းအတွင်း နေထိုင်သူမိသားစုများ၊ ဈေးဆိုင်ခန်းများ၊ ဟိုတယ်၊ယာဉ်ရပ်နားစခန်းနှင့် ခန်းမဆောင်သို့လာကြသော ယာဉ်များအတွက် ယာဉ်စီးရေ ၁၁၃၉ စီး ရပ်နားနိုင်မည့် ကားပါကင်စနစ် ပါဝင်မည်ဖြစ်ပြီး စည်ပင်ရေပေးဝေမှု၊ သောက်သုံးရေစံချိန်စံညွှန်းများနှင့် ကိုက်ညီသည်အထိ Treatment ပြုလုပ်ထားသော အဝီစိတွင်းရေသန့်စနစ်များ ဖြင့် ပရောဂျက်တစ်ခုလုံး တစ်ရက်ခွဲစာသုံးစွဲရန် လိုအပ်သောရေဂါလန်ပေါင်း ၃၆၄၆၇၂ ဂါလန်ကို လုံလောက်စွာ ရေဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည်။

မီးငြှိမ်းသတ်နိုင်ရန်အတွက် ရေဂါလန် ၆၉၂၉၂ ဂါလန်ကို ရေလှောင်ကန် ဖြင့် ထားရှိသုံးစွဲနိုင်မည့် စနစ်ပါဝင်ပြီး ရှော့ပင်းမော၊ ဟိုတယ်၊ မင်္ဂလာခန်းမ၊ အဝေးပြေးကားဂိတ်များပါ ထည့်သွင်းဆောက်လုပ်သွားမည်ဖြစ်သောကြောင့် INNO CITY သည်သီးသန့်မြို့ငယ်လေးတစ်ခုအဖြစ် တည်ရှိလာနိုင်စရာ အကြောင်း ရှိနေသည်။ ထို့ပြင် Service Apartment ၌ နေထိုင်သူများ အတွက်လည်း ရေကူးကန်များ၊ အားကစားခန်းမများ၊ ကလေးကစားကွင်းများ နှင့်ပန်းခြံများ ထည့်သွင်းဆောက်လုပ်သွားမည်ဖြစ်ပြီး ၂၄ နာရီ လုံခြုံရေးအတွက် လုံခြုံရေးကင်မရာများတပ်ဆင်ထားခြင်း၊ ကားအဝင်အထွက်များအတွက် RF System စီစဉ်ထားရှိခြင်း၊ မီးဘေးလုံခြုံရေးစနစ်များနှင့် မီးစက်များ ဆောင်ရွက်ထားရှိခြင်း၊ ဂြိုဟ်တုနှင့် ချိတ်ဆက်ထားသော အင်တာနက်များ ဆောင်ရွက်ထားခြင်းနှင့် အခြားသော Facility များ စီစဉ်ထားသည့်အတွက် ရန်ကုန်မြို့၏ ထိပ်တန်းအဆင့်မြင့်အဆောက်အအုံများထဲ၌ တစ်ခုအပါအဝင် ဖြစ်လာမည်ဖြစ်သည်။

" INNO CITYအဆင့်မြင့်အိမ်ရာစီမံကိန်းမှာ အဆင့်မြင့်လူနေမှု အဆောက်အအုံတွေ၊ ရုံးခန်းနေရာတွေ၊ ဝန်ဆောင်မှုအပြည့် တိုက်ခန်းတွေ၊ ဈေးဝယ်စင်တာတွေ၊ ဟိုတယ်တွေနဲ့ ရေကူးကန်တို့ ပါဝင်မှာဖြစ်ပါတယ်။ အဲဒါကြောင့် INNO CITY ဟာ ရန်ကုန်မြို့တော်ကြီးရဲ့ ပြီးပြည့်စုံတဲ့ နေရာ တစ်ခုဖြစ်လာနိုင်တယ်ဆိုတာ အားလုံးလက်ခံယုံကြည်ကြမှာပါ။''ဟု INNO CITY စီမံကိန်းမှ တာဝန်ရှိသူက ပြောကြားသည်။

လူဦးရေ ၅ဝဝဝ ခန့် အဆင်သင့်နေထိုင်နိုင်မည့် နေရာကောင်းတစ်ခု ဖြစ်သော အဆိုပါ INNO CITY အမည်ရှိ စုပေါင်းအဆောက်အအုံစီမံကိန်း မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ၆ ဒသမ ၅ ကီလိုမီတာ၊ ရန်ကုန်မြို့လယ်မှ ၈ ကီလိုမီတာမျှသာ ကွာဝေးသောနေရာတွင်တည်ရှိပြီး ဥက္ကလာ ဂေါက်ကွင်းနှင့်လည်း နီးကပ်စွာတစ်ဆက်တည်းတည်ရှိကာ အင်းလျားကန်၊ ရွှေတိဂုံစေတီတော်၊ ကမ္ဘာအေးစေတီတော်၊ စွယ်တော်မြတ်စေတီတော်တို့၏မြင်ကွင်းများကိုလည်း ခံစားတွေ့မြင်နိုင်ကြမည်ဖြစ်သည်။

အဆိုပါ INNO CITY အမည်ရှိ စုပေါင်းအဆောက်အအုံစီမံကိန်း ဆောက်လုပ်ရန်အတွက် ယနေ့နံနက် ၇ နာရီက ပန္နက်တော်တင်မင်္ဂလာနှင့် သမ္ပတိတွင်းတော်ဝန်းမင်္ဂလာအခမ်းအနားကို စီမံကိန်းမြေနေရာ၌ စတင် ခဲ့ကြောင်း သိရပြီး INNO CITY အမည်ရှိ စုပေါင်းအဆောက်အအုံစီမံကိန်း ကို လာမည့် ၂ဝ၁၈ ခုနှစ်ကုန်ပိုင်း၌ အပြီးသတ်ဆောက်လုပ်ရန် စီစဉ်ထားကြောင်းနှင့် အဆိုပါစီမံကိန်းဆောင်ရွက်ပြီးစီးပါက ရန်ကုန်မြို့သို့ အကြောင်း ကိစ္စအရပ်ရပ်ကြောင့် လာရောက်လည်ပတ်ကြမည့် ခရီးသွားဧည့်သည်များ အတွက်ပါ အကျိုးရှိစေမည်ဖြစ်ကာ ရန်ကုန်မြို့ရှိ လူဦးရေအချို့အတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာကြစေတော့မည်ဖြစ်ကြောင်း INNO CITY အဆင့်မြင့်အိမ်ရာစီမံကိန်းမှ သိရသည်။

စိုးဝင်း(MLA)
The Mirror Daily
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template