Headlines News :
Home » , » မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုတချို့ အမေရိကန် လျှော့ပေါ့လိုက်ခြင်း

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုတချို့ အမေရိကန် လျှော့ပေါ့လိုက်ခြင်း

Written By လွင့်မောင်မောင် on Thursday, April 19, 2012 | 7:58 AM

 
By မခင်ဖြူထွေး (ဗွီအိုအေ-မြန်မာပိုင်း)
ဧပြီလအစောပိုင်းက ကျင်းပခဲ့တဲ့ အထင်ကရ ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်း မြန်မာနိုင်ငံမှာ နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေ ဆက်ပြီး ဖြစ်လာအောင် တွန်းအားပေးနိုင်ဖို့ မျှော်လင့်ချက်နဲ့ မြန်မာနိုင်ငံအပေါ် နှစ်ရှည်လများ ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေထဲက တချို့ကို အမေရိကန်က ဒီတပတ်အတွင်း လျှော့ပေါ့ပေးလိုက်ပါတယ်။
မြန်မာနိုင်ငံတွင်း လူသားချင်း စာနာကူညီတဲ့ လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် လူသားချင်းစာနာမှု ဆိုင်ရာ အဖွဲ့တွေ၊ ဘာသာရေးနဲ့ တခြားသော လူမှုရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ဆောင်ရွက်ခွင့်ပေးသွားမယ့်အကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အင်္ဂါနေ့က ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒီအထဲမှာ သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ အကူအညီတွေ၊ ကျန်းမာရေးနဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေ၊ ပညာရေးနဲ့ အားကစားလို ကဏ္ဍတွေအပြင် စီးပွားရေးအမြတ်ထုတ် ဆောင်ရွက်တာမျိုးမဟုတ်တဲ့ စာသင်ကျောင်း၊ စာကြည့်တိုက်နဲ့ ဆေးရုံ စတာတွေ တည်ဆောက်ရေး စီမံကိန်းတွေ ပါဝင်ပါတယ်။
ဘာသာရေးအဖွဲ့အစည်းတွေအနေနဲ့ ဘုရားကျောင်း အပါအ၀င် ဘာသာရေး အဆောက်အဦးတွေ နဲ့ မိဘမဲ့ကလေးဂေဟာ စတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ခွင့် ရမှာဖြစ်ပါတယ်။
၂၀၀၈ ခုနှစ် မေလက လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရတဲ့ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရပြီးတဲ့နောက် မြန်မာပြည်သူတွေကို ငွေကြေးအကူအညီတွေ ပေးနိုင်ဖို့အတွက် လူသားချင်းစာနာထောက်ထားတဲ့ အေဂျင်စီတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို ခွင့်ပြုတဲ့ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုတချို့ကို အမေရိကန်က ယာယီ ရပ်ဆိုင်းခဲ့ပါတယ်။
အမည်ခံ အရပ်သားအစိုးရ ရွေးကောက်တင်မြောက်တဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကာလကတည်းကစလို့ မြန်မာအစိုးရကို အထီးကျန်ထားတဲ့ အမေရိကန်ရဲ့ နှစ်ရှည်လများစွာ မူဝါဒတွေကနေ မြန်မာအစိုးရရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေနဲ့အညီ တုံ့ပြန်တဲ့အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တဖြည်းဖြည်းချင်း ရုပ်သိမ်းပေးသွားမယ်ဆိုတဲ့ မူဝါဒကို အမေရိကန် အိုဘားမား အစိုးရက ပြောင်းလဲ ချမှတ်လာခဲ့တာပါ။ ဆယ်စုနှစ် နှစ်ခုကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံမှာ အချိန်ပြည့် တာဝန်ထမ်းဆောင်မယ့် သံအမတ်ကြီးအဆင့် ခန့်အပ်ဖို့လည်း အမေရိကန်အစိုးရက စီစဉ်ထားပါတယ်။ တချို့သော မြန်မာအစိုးရ အရာရှိတွေနဲ့ လွှတ်တော်အမတ် တချို့ကိုလည်း အမေရိကန်ပြည်ထောင်စုကို လာရောက် လည်ပတ်ခွင့် ပြုမှာဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်က ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ တောင်းဆိုဆန္ဒပြမှုတွေအပေါ် ယခင် မြန်မာစစ်အစိုးရရဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေနဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို စစ်အစိုးရက ငြင်းဆန်ခဲ့ပြီးတဲ့နောက် အမေရိကန် ပြည်ထောင်စုက မြန်မာအစိုးရကို လက်နက်ရောင်းချမှု ပိတ်ပင်ခဲ့သလို အကြီးတန်း မြန်မာအစိုးရ အရာရှိတွေ အမေရိကန် ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်မှုတွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ၁၉၉၇ ခုနှစ်မှာ အဲဒီအချိန်က သမ္မတ Bill Clinton ရဲ့ အုပ်ချုပ်ရေးအာဏာနဲ့ အမေရိကန်က ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအသစ်တွေကို တားမြစ်တဲ့ ဥပဒေတွေကို ချမှတ်ခဲ့ပါတယ်။
၂၀၀၃ ခုနှစ်မှာတော့ မြန်မာနိုင်ငံက သွင်းကုန်တွေကို တားမြစ်တဲ့ Burmese Freedom and Democracy Act ဥပဒေကို အမေရိကန် ကွန်ဂရက်လွှတ်တော်က ပြဌာန်းခဲ့ပါတယ်။ စစ်အစိုးရ အရာရှိတွေ၊ သူတို့ရဲ့ မိသားစုနဲ့ မိတ်ဆွေ အပေါင်းအပါတွေကို အမေရိကန်ရဲ့ ဘဏ္ဍာရေးစနစ်ကို သုံးစွဲခွင့် ပိတ်ပင်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်မှုတွေကိုတော့ ၂၀၀၇ ခုနှစ်မှာ အဲဒီအချိန်က သမ္မတ George W. Bush ရဲ့ အမိန့်နဲ့ ချမှတ်ခဲ့သလို ကန့်ကွက်ခံရသူတွေရဲ့ စာရင်းကို ၂၀၀၈ ခုနှစ်မှာ ထပ်တိုးခဲ့ပါတယ်။
၂၀၀၈ ခုနှစ်မှာပဲ Tom Lantos Block Burmese JADE Act လို့ခေါ်တဲ့ နောက်ထပ် ပိတ်ဆို့မှု ဥပဒေတရပ်ကို ကွန်ဂရက်စ်လွှတ်တော်က ချမှတ်ခဲ့ပါတယ်။ ဒီဥပဒေ ချမှတ်နိုင်ရေး ဦးဆောင်ခဲ့တဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ ကယ်လီဖိုးနီးယားပြည်နယ် လွှတ်တော်အမတ် Tom Lantos နံမည်တပ်ထားတဲ့ ဒီဥပဒေအရ မြန်မာနိုင်ငံက ပတ္တမြားနဲ့ ကျောက်စိမ်းတို့လို အဖိုးတန် ကျောက်မျက်ရတနာတွေ အမေရိကန်နိုင်ငံထဲ တင်သွင်းခွင့်ကို ပိတ်ပင်ထားပါတယ်။
မြန်မာနိုင်ငံအပေါ်ဒဏ်ခတ်ပိတ်ဆို့မှုတချို့ လျှော့ချပေးမယ်လို့ ကြေညာခဲ့တဲ့တချိန်တည်းမှာလည်း မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေး အများကြီး ရှေ့ဆက် လုပ်သွားရဦးမယ်ဆိုတာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က သတိပေးပြောဆိုခဲ့ပါတယ်။ ပိုပြီးတော့ပြည့်ဝတဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေကို မြန်မာအစိုးရဘက်က ဆက်ပြီး ဆောင်ရွက်နေတာနဲ့အမျှ အမေရိကန် ပြည်ထောင်စုဘက်ကလည်း ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဆက်ပြီး လျှော့ပေါ့ပေးသွားမယ့်အကြောင်းလည်း ၀န်ကြီး ကလင်တန်က ပြောဆိုခဲ့ပါတယ်။

By မခင်ဖြူထွေး (ဗွီအိုအေ-မြန်မာပိုင်း)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template