Headlines News :
Home » » သတ်မှတ်မော်ဒယ်ထက် တစ်နှစ်နိမ့်ကာတင်သွင်းမိသည့် ကားများအား ဒဏ်ကြေးလုံးဝမတပ်ရိုက်ဘဲ ကင်းလွတ်ခွင့်ပြု

သတ်မှတ်မော်ဒယ်ထက် တစ်နှစ်နိမ့်ကာတင်သွင်းမိသည့် ကားများအား ဒဏ်ကြေးလုံးဝမတပ်ရိုက်ဘဲ ကင်းလွတ်ခွင့်ပြု

Written By လွင့်မောင်မောင် on Thursday, April 19, 2012 | 8:09 AM

Wednesday, 18 April 2012 14:18
carm1

ပြည်ပမှ ကားများတင်သွင်းရာတွင် သတ်မှတ်ထားသည့် မော်ဒယ်ထက် တစ်နှစ်နိမ့်ကာ တင်သွင်းမိသည့် ကားများအား လုံးဝ ဒဏ်ကြေး မတပ်ရိုက်တော့ဘဲ ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း OSS အဖွဲ့ တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။
ယခင်က တင်သွင်းလာသည့် ကားများအပေါ် စိစစ်ရာတွင် သတ်မှတ်ထားသည့် မော်ဒယ်ထက် တစ်နှစ်နိမ့်သည်ဟု စိစစ်သတ်မှတ်ခံရပါက အဆိုပါကားအပေါ် ဒဏ်ကြေး သုံးဆအထိ တပ်ရိုက်ရာ တင်သွင်းသူ ကားပိုင်ရှင်များမှာ နစ်နာခဲ့ရ ကြောင်းသိရသည်။
ယခုအခါ ထိုသို့ နစ်နာမှုမရှိစေရန်အတွက် သတ်မှတ်မော်ဒယ်ထက် တစ်နှစ်နိမ့်ကာ တင်သွင်းမိသည့် ကားများအပေါ် ဒဏ်ကြေး တပ်ရိုက်ခြင်းမပြုဘဲ ကင်းလွတ်ခွင့်ပြုရန် မော်တော်ယာဉ် တင်သွင်းခြင်း ဆိုင်ရာကြီးကြပ်မှု ကော်မတီမှ စည်းဝေးဆုံး ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မော်တော်ယာဉ် တင်သွင်းခြင်းဆိုင်ရာ ကြီးကြပ်မှု ကော်မတီ၏ ၂/ ၂၀၁၂ အစည်းအဝေးတွင်ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ စည်းဝေးဆုံးဖြတ်ချက်အရ သတ်မှတ်မော်ဒယ်ထက် တစ်နှစ်နိမ့်ကာ တင်သွင်းလာမိသည့် ကားများအား အကောက်ခွန် ဦးစီးဌာနမှ ဒဏ်ကြေးမတပ်ရိုက်ဘဲ ကင်းလွတ်ခွင့်ပြုရန်အတွက်လည်း အကောက်ခွန်ဦးစီးဌာနသို့ စည်းဝေးဆုံးဖြတ်ချက်နှင့် အတူအကြောင်းကြားပြီးဖြစ်ကြောင်း OSS အဖွဲ့တာဝန်ရှိသူများက ပြောကြားခဲ့သည်။
''မော်တော်ယာဉ် တင်သွင်းတဲ့ အခါ သင်္ဘောသား၊ လုပ်ငန်းရှင်၊ နိုင်ငံခြားမှာ အလုပ်လုပ်တဲ့သူတွေ တင်သွင်းတဲ့ကားပဲဖြစ်ဖြစ်၊ ကားဟောင်းလဲတဲ့ အစီအစဉ်နဲ့ သွင်းတဲ့သူပဲ ဖြစ်ဖြစ် ဘယ်လိုကားသွင်းတဲ့သူပဲဖြစ်ဖြစ် သတ်မှတ်ထားတဲ့ မော်ဒယ်ထက် တစ်နှစ်နိမ့်တာ သွင်းမိတဲ့သူတွေကို ဒဏ်ကြေး မတပ်ရိုက်ဘဲ ကင်းလွတ်ခွင့်ပြုဖို့ မော်တော်ယာဉ် တင်သွင်းခြင်းဆိုင်ရာ ကြီးကြပ်မှု ကော်မတီ ၂/၂၀၁၂ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။ မော်တော်ယာဉ် တင်သွင်းခြင်းဆိုင်ရာ ကြီးကြပ်မှုကော်မတီမှာ စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဥက္ကဋ္ဌ၊ ဟိုတယ်ခရီး၊ နိုင်ငံခြားရေး၊ အလုပ်သမား၊ ဘဏ္ဍာအခွန်၊ ပို့ဆောင်ရေး၊ ရထားပို့ဆောင်ရေး၊ အမျိုးသားစီမံကိန်း စသည်ဖြင့် မော်တော်ယာဉ် တင်သွင်းခြင်း အထူးအစီအစဉ်နဲ့ သက်ဆိုင်တဲ့ဝန်ကြီးဌာနတွေရဲ့ ဒုတိယ၀န်ကြီးတွေက ကော်မတီဝင် အဖြစ် ဖွဲ့စည်းထားပြီး အခု ဒီကော်မတီကနေ ဆုံးဖြတ်ပေးလိုက်တာပါ။ အဓိကအချက်ကတော့ သတ်မှတ်ထားတဲ့ မော်ဒယ်ထက် တစ်နှစ် နိမ့်တာကို ဒဏ်ကြေး တပ်ရိုက်တဲ့အတွက် အခက်အခဲတွေ အရမ်းဖြစ်နေတယ်၊ ဒီဒဏ်ကြေးကြောင့် တင်သွင်းသူတွေမှာ သက်သာရာမရဘဲ ၀န်ထုပ်ဝန်ပိုး ပိုပြီးဖြစ်နေတဲ့ တင်ပြချက်တွေအပေါ် တင်သွင်းသူတွေ အခက်အခဲမရှိအောင် ကော်မတီက ဒဏ်ကြေး မတပ်ရိုက်ဖို့ ဆုံးဖြတ်ပေး လိုက်တာပါ''ဟု OSS အဖွဲ့တွင်တာဝန်ရှိသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
''ကားမော်ဒယ်တွေကိုတော့ ၂၀၁၁ တုန်းက ၁၉၉၅ ခုနှစ်ကနေ ၂၀၀၅ အထိ သတ်မှတ်ပေမယ့် ၂၀၁၂ ခုနှစ် ရောက်လာတော့ ၁၉၉၆ ခုနှစ်ကနေ ၂၀၀၆ အထိ သတ်မှတ်ထားပါတယ်။ နှစ်တစ်နှစ်တိုးတိုင်း အဲဒီအခြေခံ မော်ဒယ်သတ်မှတ်ချက်က တစ်နှစ်စီတိုးသွားမှာပါ။ အခုလို မော်ဒယ်ကွဲလွဲတဲ့ ဖြစ်စဉ်က ၄၇ ခု ထိရှိနေတယ်လို့ တင်ပြထားတဲ့အရ သိရတယ်။ အခု ဒဏ်ကြေးမရှိတော့သလို နောက်ပိုင်းမှာလည်း ဒီလိုကွဲလွဲမှုမျိုးမဖြစ်အောင် လိုင်စင် ထုတ်ပေးတဲ့အခါ ၁၉၉၆ ခုနှစ်လို့ လာပြီးလျောက်ထားတဲ့သူတွေကို ၁၉၉၅/၁၉၉၆ လို့ တစ်ခါတည်း ပြင်ပေးလိုက်တယ်။ အဲဒါဆို အားလုံးကွဲလွဲမှု မရှိတော့ဘဲ စစ်ဆေးခံတဲ့ အခါမှာလည်း တင်သွင်းသူတွေ အားလုံး အဆင်ပြေသွားမှာပါ။ အခု အဲဒီလို စနစ်တွေနဲ့ လုပ်ဆောင်ပေး နေပါတယ်''ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိတွင် အကောက်ခွန်ဦးစီးဌာနမှလည်း ယခင်က ဌာနမှ သတ်မှတ်မော်ဒယ်ထက် တစ်နှစ်နိမ့်သည်ဟု စစ်ဆေးသတ်မှတ်ကာ ဒဏ်ကြေးတပ် ရိုက်ရန်ပြင်ဆင်ထားသည့် ကားများကိုလည်း ဒဏ်ကြေး မတပ်ရိုက်တော့ဘဲ ထုတ်ယူခွင့်ပြု လျက်ရှိကြောင်း သိရသည်။
''ကျွန်တော်သွင်းထားတဲ့ကားက ဂျပန်လေလံမှာဖော်ပြထားတဲ့ မော်ဒယ်နဲ့ ဒီမှာစစ်ဆေးတဲ့ မော်ဒယ်တစ်နှစ်ကွာလို့ ဒဏ်ကြေးပေးဆောင် ရဖို့ဖြစ်နေတာ။ ကျပ်သိန်းရာနဲ့ချီ ပေးဆောင်ရဖို့ ဖြစ်နေတာပါ။ အခု အကောက်ခွန်ဦးစီးဌာနက ထုတ်ယူ ခွင့်ပြုတယ်လို့ အကြောင်းကြားတော့ ၀မ်းသာလိုက်တာဗျာ။ ဒဏ်ကြေးလည်း လုံးဝမရိုက်တော့ဘူးဆိုတော့ အရမ်းကို ပျော်သွားတာ။ ပြင်ဆင်ပေးတဲ့သူတွေ၊ သိရှိအောင် တင်ပြဖော်ပြပေးခဲ့တဲ့ သူတွေအကုန်လုံးကို ကျေးဇူးတင်တယ်ဗျာ။ ကျွန်တော်က တကယ်တမ်းသာ ဒဏ်ကြေးပေးဆောင်ရရင် ဒုက္ခတကယ်ရောက်သွားမှာ။ မိသားစုလိုက် ဒုက္ခဖြစ်ရမှာလေ။ အခုလို တင်သွင်းတဲ့ကား ပိုင်ရှင်တွေ တကယ့်ဝန်ထုပ်ဝန်ပိုးဖြစ်မယ့် စနစ်တွေ၊ လုပ်ထုံးလုပ် နည်းတွေကို ပြင်ဆင်ပေးတဲ့အတွက် ကျွန်တော် သက်ဆိုင်တဲ့သူအားလုံးကို ကျေးဇူးတင်တယ်''ဟု ကားတင်သွင်းသူ သင်္ဘောသားတစ်ဦးက ပြောပြခဲ့သည်။
''ကျွန်တော့် မိသားစုလည်း အခုမှ သက်ပြင်းချနိုင်တော့တယ်။ ကျွန်တော်လည်း လိုတဲ့ငွေဘယ်မှာရှာပြီး ဘယ်လိုလုပ်ရွေးရမလဲ၊ မရွေးရင်လည်း မိသားစု စုဆောင်းထားတာ ကုန်ပြီဆိုပြီး တော်တော့်ကိုစိတ် ဒုက္ခရောက်နေတာ။ အခုသတင်း ကြားလိုက်တာ တော်တော်လေးကို စိတ်သက်သာသွားတယ်။ ဒီလို အများပြည်သူက လွဲတယ်လို့ထင်တဲ့ စနစ်တွေ၊ ပြင်ဆင်သင့်ပါတယ်လို့ ပြောခဲ့၊ တင်ပြခဲ့တာတွေကို အခုလို အလေးထား လုပ်ပေးတာမျိုးကို ကြားရတာနဲ့ ကျေးဇူးတင်ပါတယ်'' ဟု ကားဟောင်းအပ်ကာ ပြည်ပမှ ကားပြန်လည်တင်သွင်းထားသူတစ် ဦးကပြောပြခဲ့သည်။
အကောက်ခွန်ဦးစီးဌာနမှ သတ်မှတ်မော်ဒယ်ထက် တစ်နှစ်နိမ့်သည့် ကားများအပေါ် ဒဏ်ကြေးမတပ်ရိုက်သည့်အပြင် အခြားသော ကွဲလွဲချက်များအပေါ် တပ်ရိုက်သည့် ဒဏ်ကြေးများကိုလည်း လျော့ပေါ့ ပြင်ဆင်ပေးသွားမည်ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio

Mandalay FM Live Radio

လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template