Headlines News :
Home » »  အိမ်နီးချင်းနိုင်ငံများနှင့် ပြည်ပနိုင်ငံများမှ နည်းလမ်းအမျိုးမျိုးဖြင့် ၀င်ရောက်လာသော အစားအသောက်၊ ဆေးဝါးအတုများနှင့် ပတ်သက်၍ ထိရောက်သော အရေးယူဆောင်ရွက်မှု မရှိသေး

 အိမ်နီးချင်းနိုင်ငံများနှင့် ပြည်ပနိုင်ငံများမှ နည်းလမ်းအမျိုးမျိုးဖြင့် ၀င်ရောက်လာသော အစားအသောက်၊ ဆေးဝါးအတုများနှင့် ပတ်သက်၍ ထိရောက်သော အရေးယူဆောင်ရွက်မှု မရှိသေး

Written By လွင့်မောင်မောင် on Sunday, December 9, 2012 | 6:52 PM



မြန်မာနိုင်ငံသို့ အိမ်နီးချင်းနိုင်ငံများနှင့် ပြည်ပနိုင်ငံများမှ နည်းလမ်းအမျိုးမျိုးဖြင့် ၀င်ရောက်လာသော အစားအသောက်၊ ဆေးဝါးအတုများနှင့် ပတ်သက်၍ ထိရောက်သော အရေးယူဆောင်ရွက်မှု မရှိသေးကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့က ပြုလုပ်သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလွင် မေးမြန်းသော မေးခွန်းအရ သိရှိရသည်။
“ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA ၏ လေ့လာဖော်ထုတ်ခြင်းများကို အလေးထား၍ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ဆေးဝါးနှင့်စားသောက်ကုန်များ၊ ပစ္စည်းများနှင့် ပတ်သက်၍ အများပြည်သူ၏ ကျန်းမာရေးနှင့် အစားအသောက် လုံခြုံမှုကို မည်ကဲ့သို့ ဖော်ဆောင်သွားရန် အစီအစဉ်ရှိမရှိ သိလိုပါတယ်” ဟု ဦးထွန်းလွင်က မေးမြန်းခဲ့သည်။
ယင်းမေးမြန်းချက်အပေါ်တွင် ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၊ အမျိုးသားဆေးဝါး ဥပဒေ၊ အမျိုးသား အစားအသောက် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ် ကင်းရှင်းသည့် အကျိုးသက်ရောက်မှု မရှိသော အစားအသောက်နှင့် ဆေးဝါးများကို အများပြည်သူ စားသုံးနိုင်ရန် အစားအသောက် ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း၊ ဆေးဝါးမှတ်ပုံတင်ခြင်း၊ တင်သွင်းဖြန့်ဖြူး ရောင်းချခြင်းများကို စနစ်တကျ ကွပ်ကဲကြပ်မတ်လျက်ရှိကြောင်း၊ ဗဟို၊ တိုင်းဒေသကြီး၊ ပြည် နယ်မြို့နယ် အဆင့်ဆင့်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ကော်မတီ အဆင့်ဆင့်ဖွဲ့စည်း၍ ဆေးဝါးအစားအသောက်များ၏ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းများကို ကြီးကြပ်ကွပ်ကဲနေပြီး အရေးယူခြင်းများကို  ဗဟိုအစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီက ပြုလုပ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြန်လည်ဖြေကြားခဲ့သည်။
“အများပြည်သူ အန္တရာယ်ကင်း အဆင့်မြင့်စားသုံး ဆီရရှိနိုင်ရေး ရည်ရွယ်၍ ပြည်ပမှ တင်သွင်းသော စားသုံးဆီများ၏ အရည်အသွေးကို မြှင့်တင်သတ်မှတ်၍ တင်သွင်းခွင့်ပြုခဲ့ပြီး ပြည်တွင်းမြေပဲဆီ၊ နှမ်းဆီ ထုတ်လုပ်သော လုပ်ငန်းများကို စနစ်တကျ စစ်ဆေးဆောင်ရွက်ခြင်း၊ တစ်ဖက်နိုင်ငံမှ အကောက်ခွန်မဲ့ ၀င်ရောက်လာသော စားသုံးဆီများကို စစ်ဆေးခြင်းများကိုလည်း နှီးနွယ်ဌာနများနှင့် ပူးပေါင်းလုပ်နေပါတယ်” ဟု ဒေါက်တာမြင့်သိန်းက ပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ် အောက်တိုဘာလက မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ကြီးကြပ်မှုကော်မတီ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနများမှ ဈေးကွက်နမူနာ ကောက်ယူပေးပို့သော ပြည်ပမှဝင်ရောက်သော ဆီနမူနာပေါင်း ၁၄၉ ခု၊ တရုတ်နိုင်ငံမှ ၀င်ရောက်သော မုန့် ၁၉၁ ခု၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့် ၁၈၂ ခုတို့အား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ဓာတ်ခွဲစစ်ဆေးခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် အတွင်း တင်သွင်းရောင်းချသည့် ဆေးဝါးနမူနာ ၂၆၁ မျိုး၊ ၂၀၁၂ ခုနှစ်အတွင်း တင်သွင်းရောင်းချသည့် ဆေးဝါးနမူနာ ၁၄၃ မျိုးတို့ကို ဓာတ်ခွဲစစ်ဆေး၍ စံသတ်မှတ်ချက်နှင့် မကိုက်ညီသည့် ဆေးဝါး ၃၇ မျိုးအား အရေးယူခဲ့သည်ဟု သိရသည်။
ပြည်ပမှ တရားမ၀င် ၀င်ရောက်လာသော အစားအသောက်နှင့် ဆေးဝါးအတုများသည် အထူးသဖြင့် အိမ်နီးချင်း တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားရှေ့နိုင်ငံမှ ၀င်ရောက်နေခြင်းဖြစ်ပြီး အဆိုပါ ပစ္စည်းများမှ ထုတ်လုပ်သည့်နိုင်ငံများမှ ဘာသာစကားများဖြင့် ၀င်ရောက်လာခြင်းကြောင့် သုံးစွဲသူများ နားမလည်သည့် အနေအထားဖြစ်နေကြောင်း၊ ထို့ကြောင့် စားသုံးသူများအား အရည်အသွေးကောင်းမွန် အာနိသင်ရှိသော ဆေးဝါးနှင့် အစားအသောက်များကိုသာ သုံးစွဲစေလိုကြောင်း၊ ၎င်းတို့အား စစ်ဆေးသည်မှာ ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ (FDA) မှဖြစ်သောကြောင့် တိတိကျကျ လုပ်ပေးစေလိုကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောလှထွန်းက ဆွေးနွေးပြောကြားခဲ့သည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template