Headlines News :
Home » »  ရခိုင်ပြည်နယ်အတွင်း တပ်မတော်က လယ်ယာမြေများကို အများဆုံး သိမ်းယူခဲ့ပြီး ဦးပိုင်လီမိတက်၏ နာမည်ပေါက် ပြောင်းလဲထားခြင်း၊ ဗိုလ်ချုပ်ကြီးဟောင်းများ၏ သားသမီးများထံ လွှဲပြောင်းထားခြင်းများကို စစ်ဆေးတွေ့ရှိရကြောင်း သိရ

 ရခိုင်ပြည်နယ်အတွင်း တပ်မတော်က လယ်ယာမြေများကို အများဆုံး သိမ်းယူခဲ့ပြီး ဦးပိုင်လီမိတက်၏ နာမည်ပေါက် ပြောင်းလဲထားခြင်း၊ ဗိုလ်ချုပ်ကြီးဟောင်းများ၏ သားသမီးများထံ လွှဲပြောင်းထားခြင်းများကို စစ်ဆေးတွေ့ရှိရကြောင်း သိရ

Written By လွင့်မောင်မောင် on Friday, December 14, 2012 | 8:14 PM

ရခိုင်ပြည်နယ်အတွင်း တပ်မတော်က လယ်ယာမြေများကို အများဆုံး သိမ်းယူခဲ့ပြီး အချို့ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ အမည်ပေါက်ပြောင်းလဲထားခြင်း၊ ဗိုလ်ချုပ်ကြီးဟောင်းများ၏ သားသမီးများထံ လွှဲပြောင်းထားခြင်းများကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်၊ ကျောက်ဖြူမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဘရှိန်က ပြောကြားခဲ့သည်။
ပြည်ထောင်စုလွှတ်တော် စုံစမ်းရေးကော်မရှင်သည် ဒီဇင်ဘာလအတွင်းမှ စတင်ကာ ရခိုင်ပြည်နယ် ဒေသများဖြစ်သည့် ကျောက်ဖြူ၊ သံတွဲနှင့် ဂွအစရှိသည့် မြို့နယ်များသို့ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ရာ ယခုကဲ့သို့ စစ်ဆေးတွေရှိခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
''ကျွန်တော်တို့အဖွဲ့ စုံစမ်းမှုတွေ ပြုလုပ်ခဲ့ရာမှာ စစ်တပ်က မြေတွေသိမ်းလို့ နစ်နာတဲ့အတွက် လယ်သမားတွေက နစ်နာလို့ တိုင်ကြားတဲ့ အမှုတွေ အများဆုံးဖြစ်ပါတယ်။ သိမ်းယူပြီးနောက်ပိုင်းမှာလည်း စစ်တပ်အတွက် အမှန်တစ်ကယ် အသုံးချခြင်း မရှိတာကို တွေ့ရပါတယ်။ သိမ်းတဲ့အခါမှာလည်း ထိုက်တန်တဲ့ လျော်ကြေးပေးတာမျိုး မရှိဘူးလို့ နစ်နာသူတွေက ပြောပါတယ်။ သိမ်းယူပြီးနောက် တစ်ချို့နေရာတွေမှာ ဦးပိုင်နာမည်ပေါက် လုပ်ထားတာ၊ စစ်ဗိုလ်ချုပ်တွေရဲ့ သားသမီး အမည်ပေါက်တွေ ပြန်လုပ်ထားတာတွေကို စစ်ဆေးတွေ့ရှိရပါတယ်။ ဒီတွေ့ရှိချက်တွေကို ပြည်ထောင်စုလွှတ်တော်ကို တင်ပြသွားမှာဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်က အဆုံးအဖြတ်ပေးတဲ့အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဦးဘရှိန်က ပြောကြားခဲ့သည်။
ကျောက်ဖြူမြို့နယ်ရှိ လယ်ယာမြေနှင့် အခြားမြေများကို ဓည၀တီ ရေတပ်ဌာနချုပ်မှ သိမ်းယူခဲ့သည့် အမှု ၁ မှု၊ ခြေမြန်တပ်ရင်း ၅၄၂ မှ သိမ်းယူခဲ့သည့် အမှု ၁ မှုနှင့် ထောက်လှမ်းရေးတပ်မှ သိမ်းယူခဲ့သည် အမှု ၂ မှုရှိကြောင်း၊ ထို့ပြင် ပုဂ္ဂလိကဖြစ်သည့် ရွှေစီးပွားရေးကုမ္ပဏီမှ သိမ်းယူမှု ၁ ခုနှင့် ဒေါ်စိုးစိုးဝင်း အပေါင်း ငါးဦး ကုမ္ပဏီမှ သိမ်းယူမှု ၁ မှုနှင့် နတီးကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး နဲ့နတီးကုန်းကျေးရွာ ရဲစခန်း စခန်းမှူးပေါင်းပြီး သိမ်းယူမှု ၂ မှုရှိကြောင်း သိရှိရသည်။
''ကျောက်ဖြူမှာ လယ်ယာမြေ အမှု ၈ မှုရှိပါတယ်။ အဲဒီ ၈ မှုမှာ တပ်ကသိမ်းတာ ၄ မှု၊ အုပ်ချုပ်ရေးပိုင်းက သိမ်းတာ ၂မှု၊ ကုမ္ပဏီက သိမ်းတာ ၂ မှုဖြစ်ပါတယ်။ ထောက်လှမ်းရေးတပ်က သိမ်းရာမှာ တပ်အတွက် အသုံးမချဘဲ ဗိုလ်ချုပ်ကြီးဝင်းမြင့် (ယခင်အစိုးရအဖွဲ့ အတွင်းရေးမှူး ၃) ရဲ့ သမီး ဒေါ်နန်းရတနာဝင်း မင်္ဂလာဆောင်အတွက် လက်ဖွဲ့ပေးလိုက်တဲ့ ဖြစ်စဉ်တစ်ခု ရှိတယ်။ နိုင်ငံတော်အတွက်၊ စစ်တပ်အတွက် မဟုတ်ဘူး။ နိုင်ငံတော် ခေါင်းဆောင်ဆောင်ကြီးတွေ ဖြစ်တဲ့အတွက် နိုင်ငံတော်ခေါင်းဆောင်ကြီးတွေရဲ့ သမီးဖြစ်သူတွေအတွက် ပြည်သူတွေရဲ့ မြေကို သိမ်းပြီး လက်ဖွဲ့လိုက်တယ်'' ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဂွမြို့နယ်တွင် စစ်တပ်မှ အုန်းခြံများ သိမ်းယူမှုအတွက် တိုင်ကြားမှု ၂ ခုရှိခဲ့ကြောင်း၊ စစ်တပ်မှ နာမည်ခံ သိမ်းယူကာ မြန်မာ့စီးပွားရေး ဦးပိုင်မှ ရယူထားသည်များရှိကြောင်း သိရှိရသည်။
သံတွဲမြို့နယ်တွင် မြေယာသိမ်းဆည်းမှုနှင့် ပတ်သက်၍ တိုင်ကြားထားသော အမှုပေါင်း ၄ မှုရှိကြောင်း၊ ရေတပ်နှင့်သက်ဆိုင်သော အမှု ၁ မှု၊ ခလရ ၅၅ နှင့်သက်ဆိုင်သော အမှု ၁ မှု၊ ဗိုလ်ချုပ်ကြီး ခင်မောင်သန်း၏ သမီးနှင့် ဆိုင်သောအမှု ၁ မှုနှင့် သံတွဲခရိုင် အုပ်ချုပ်ရေးမှူး သမီးနှင့် သက်ဆိုင်သော အမှု ၁ မှု တို့ ဖြစ်ကြောင်း သိရှိရသည်။
ဗိုလ်ချုပ်ကြီးဟောင်းများ၏ သားသမီးများနှင့် သက်ဆိုင်သော အမှုများတွင် အငြင်းပွားရာ မြေနေရာများသည် ၎င်းတို့၏ နာမည်ပေါက်များ ဖြစ်နေသည်ကို တွေ့ရှိရကြောင်း သိရှိရသည်။
ရခိုင်ဒေသတွင် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့ကြသော ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ၀င်းမြင့်၊ ဗိုလ်ချုပ်မောင်ဦး၊ ဗိုလ်ချုပ်သောင်းအေး၊ ဗိုလ်မှူးချုပ်သူရမောင်နီ၊ ပို့ဆောင်ရေး ၀န်ကြီးဟောင်း ဗိုလ်ချုပ်သိန်းဆွေ စသူတို့က သိမ်းယူ၍ ၎င်းတို့၏ မိသားစုဝင်များ အမည်ဖောက်ကြောင်း၊ ထိုလယ်မြေများသည် ရွှေဂက်စီမံကိန်း ဧရိယာတွင် ပါဝင်သည့်အတွက် လျော်ကြေးငွေ ကျပ်သိန်းထောင်ချီ ရခဲ့ကြောင်းလည်း ဧရာဝတီဝက်ဘ်ဆိုဒ် စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။
ပြည်ထောင်စုလွှတ်တော်တွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်ကို ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး အဆိုပါ ကော်မရှင်မှ အဖွဲ့ဝင်များသည် လယ်ယာမြေနှင့် အခြားသိမ်းဆည်းခံရသည့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များသို့ သွားရောက် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့သည်။ ထိုသို့ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ရာတွင် လယ်ယာမြေများ သိမ်းဆည်းခံရမှုကြောင့် တိုင်ကြားသူ အများစုမှာ အထောက်အထားများ မှန်ကန်မှုရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် လယ်ယာမြေများ သိမ်းဆည်းခံရမှု အများဆုံးဖြစ်ကြောင်း၊ စစ်ဆေးတွေ့ရှိရပြီး ဧရာဝတီတိုင်းဒေသကြီးတွင် လယ်ယာမြေ သိမ်းဆည်းခံရမှုကြောင့် တိုင်ကြားခဲ့သည့် အမှုပေါင်း ၁၇၆ မှု ရှိကြောင်း သိရသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template