Headlines News :
Home » » ပတ်စ်ပို့စ်နှင့် ငွေကြေးအခက်အခဲများကြောင့် ပြည်ပသို့ သွားရောက်ကုသရန် စီစဉ်ထားသည့် ဒဏ်ရာပြင်းထန်သော သံဃာတော်ငါးပါးအနက် တစ်ပါးသာ သွားရောက်ကုသနိုင်သေး

ပတ်စ်ပို့စ်နှင့် ငွေကြေးအခက်အခဲများကြောင့် ပြည်ပသို့ သွားရောက်ကုသရန် စီစဉ်ထားသည့် ဒဏ်ရာပြင်းထန်သော သံဃာတော်ငါးပါးအနက် တစ်ပါးသာ သွားရောက်ကုသနိုင်သေး

Written By လွင့်မောင်မောင် on Saturday, December 15, 2012 | 6:57 PM

ပတ်စ်ပို့စ် အခက်အခဲနှင့် ငွေကြေးအခက်အခဲများကြောင့် ပြည်ပသို့ ဆေးကုသမှု သွားရောက်ခံယူရန် စီစဉ်ထားသည့် သံဃာတော် ငါးပါးအနက် ဆရာတော်ဥူးတိက္ခဥာဏ တစ်ပါးသာ ဒီဇင်ဘာလ ၁၃ ရက်နေ့က ထိုင်းနိုင်ငံသို့ သွားရောက်ကုသနိုင်သေးကြောင်း လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာ တော်များ စောင့်ရှောက်ရေးအဖွဲ့မှ ဆရာတော်များ၏ ပြောကြားချက်အရ သိရသည်။

လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွင်းမှုဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့ ဆရာတော် ဥုးတိက္ခဥာဏသည် ရောဂါအခြေအနေ ဆိုးရွားခြင်းမရှိဘဲ ၄င်း၏ဆန္ဒအရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဆေးဝါးကုသမှု ခံယူရန်အတွက် ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆင်းသွားသော်လည်း ၎င်းတွင် ငွေကြေးအခက်အခဲရှိသည့်အတွက် နိုင်ငံတော်က ဘန်ကောက်ဆေးရုံကြီးသို့ ဘတ်ငွေတစ်သန်း ကြိုတင်ပေးပို့ထားကြောင်းနှင့် ဆရာတော်၏ ညီဝမ်းကွဲတော်စပ်သူ မန္တလေးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဦးဝင်း လိုက်ပါသွားခဲ့ကြောင်း ဒီဇင်ဘာလ ၁၄ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားချက်များအရ သိရသည်။

အခက်အခဲများကြောင့် ထိုင်းနိုင်ငံသို့ သွားရောက်မကုသနိုင်သေးသော သံဃာတော်လေးပါးအား သီတဂူဆရာတော်ကြီး၏ အကူအညီဖြင့် ရန်ကုန်မြို့၊ အာရှတော်ဝင် ဆေးရုံသို့ ပြောင်းရွေ့ရန် စီစဉ်နေကြောင်း လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာတော်များ စောင့်ရှောက်ရေးအဖွဲ့မှ ဆရာတော် ဥုးသုက မိန့်ကြားခဲ့သည်။

“ဒဏ်ရာပြင်းထန်တဲ့ သံဃာတော်ငါးပါးကို ထိုင်းနိုင်ငံကို ပို့ဆောင်ကုသဖို့ စီစဉ်ထားတယ်။ လောလောဆယ်တော့ တစ်ပါးပဲ တတ်နိုင်သေးတယ်။ ဦးဇင်းတို့က ကျန်ရှိနေသေးတဲ့ သံဃာလေးပါးကိုလည်း နိုင်ငံခြား မတတ်နိုင်သေးရင်တောင်၊ ရန်ကုန်မြို့မှာရှိတဲ့ ပုဂ္ဂလိက ဆေးရုံတစ်ခုခုမှာ ဒီထက်ပိုမိုတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရှိစေချင်တယ်။ သံဃာတော်တွေရဲ့ ကျန်းမာရေး အခြေအနေက အခုအချိန်မှာလည်း ဆိုးဝါးနေသေးတယ်လို့ ဆိုရမယ်” ဟု ဆရာတော်ဥုးသုက ဆက်လက်မိန့်ကြားခဲ့သည်။

“ဦးဇင်းတို့ အနေနဲ့ ပြည်ပထွက်ကုဖို့ အစီအစဉ်မှာ ကျန်ရှိနေသေးတဲ့ ဒဏ်ရာပြင်းထန်တဲ့ သံဃာတော်လေးပါးအတွက် ပတ်စ်ပို့စ်ကိစ္စက အခုအထိ အဆင်မပြေသေးသလို၊ ဆေးကုသခ ကုန်ကျစားရိတ်အတွက်လည်း အခုအချိန်အထိ မလုံလောက်သေးဘူး။ ဆေးကုသခ အာမခံငွေက တစ်ပါးကိုဘတ် ၁ သန်းနီးပါး ပေးရမယ်ပြောတယ်။ ကျန်တဲ့သံဃာတော် လေးပါးအတွက်ဆို ဘတ်လေးသန်းလောက်အထိ ရှိမယ်ဆိုရင် မြန်မာငွေနဲ့ဆို သိန်း ၁၂၀၀ လောက်အထိ ရှိနေတော့ ဘုန်းကြီးတို့အနေနဲ့က မတတ်နိုင်ပါဘူး” ဟု လက်ပံတောင်းတောင် ဒဏ်ရာရသံဃာတော်များ စောင့်ရှောက်ရေးအဖွဲ့မှ ဆရာတော် ဦးတေဇ၀န္တက မိန့်ကြားခဲ့ပါသည်။

ဒဏ်ရာရ သံဃာတော်များ၏ ဆေးကုသမှု စားရိတ်အတွက် ပြည်တွင်းရှိ လူမှုအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များမှ ထောက်ပံ့မှုများ ပြုလုပ်နေသော်လည်း ကုသစားရိတ်အတွက် လုံလောက်မှု မရှိသေးကြောင်း သိရသည်။

ပြည်ပသို့ သွားရောက်ကုသမှု ခံယူရန် စီစဉ်ထားသည့် သံဃာတော်ငါးပါးတွင် ဦးခေါင်းတစ်ခြမ်း မီးလောင်ဒဏ်ရာ၊ ခြေနှစ်ဖက် မီးလောင်ဒဏ်ရာ၊ ကိုယ်တစ်ပိုင်း မီးလောင်ဒဏ်ရာ၊ မျက်လုံးတစ်လုံး ပျက်စီးခါနီး ဒဏ်ရာများပါဝင်ကြောင်း ဆရာတော်များ၏ ပြောကြားချက်အရ သိရသည်။

“ကျန်ခဲ့တဲ့ သံဃာလေးပါးမှာ မျက်လုံးတစ်ဖက် ဆုံးခါနီး သံဃာတစ်ပါးရှိတယ်။ ကိုယ်တစ်ပိုင်း မီးလောင်ဒဏ်ရာ ရထားတဲ့ သံဃာရှိတယ်။ သံဃာတစ်ပါးဆိုရင် သူ့ကိုယ်ပေါ်မှာရှိတဲ့ ဒဏ်ရာတွေအပေါ်ကို ပုရွက်ဆိတ်တွေ တက်တက်လာတာကို မုံရွာဆေးရုံမှာကတည်းက ခံစားလာခဲ့ရတာကို ဦးဇင်းတို့အနေနဲ့ ဘာကြောင့်လည်းဆိုတာတော့ မသိပေမယ့် အရမ်းစိတ်မကောင်းဖြစ်ရတယ်” ဟု ဆရာတော် ဦးတေဇ၀န္တက မိန့်ကြားခဲ့ပါသည်။

“ဆရာတော်တွေကို ဖြစ်နိုင်ရင်တော့ အရေပြားနည်းပညာနဲ့ ကုသတဲ့ ထိုင်းနိုင်ငံမှာ ဆေးဝါးကုသမှု ခံစေချင်တယ်။ အရေးကြီးတာကတော့ ပျောက်ဖို့လိုတယ်။ ဆရာတော်တွေရဲ့ဒဏ်ရာအခြေအနေက အတော်လေး ဆိုးဝါးနေတာ တွေ့ရတယ်။ သံဃာတော်တချို့ဆိုရင် အီဂျစ်မံမီရုပ်တွေလို တစ်ကိုယ်လုံး ပတ်တီးစီးထားရတာတွေ ရှိတယ်။ ဒီလိုအခက်အခဲတွေဆိုတာ သံဃာတော်တွေအနေနဲ့ မလိုအပ်ပဲ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေပါ။ နောင်တစ်ချိန်မှာလည်း ဒီလိုအဖြစ်ဆိုးမျိုးကို ထပ်အဖြစ်ခံလို့ မရပါဘူး။ ဒီဖြစ်ရပ်ဟာ အပြောင်းအလဲကို လုပ်ဆောင်နေပါတယ်ဆိုတဲ့ ဦးသိန်းစိန် အစိုးရအပေါ်မှာ ယုံကြည်မှု လျော့နည်းစေတဲ့ ဖြစ်ရပ်တစ်ခုပဲလို့ ထပ်ပြောချင်ပါတယ်” ဟု ဆရာတော် ဥူးတိက္ခဥာဏအား လေဆိပ်သို့ သွားရောက်ပို့ဆောင်ပေးခဲ့သူ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုဗသက်အောင်က ပြောကြားခဲ့သည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template