Headlines News :
Home » » ခရမ်းရောင် လွင်ပြင်မှာ လွင့်မျောသူ

ခရမ်းရောင် လွင်ပြင်မှာ လွင့်မျောသူ

Written By လွင့်မောင်မောင် on Thursday, August 9, 2012 | 6:45 PM


Written by မျိုးညွှန့် ၊ရန်ကုန်တက္ကသိုလ်၊   
Friday, 09 March 2012 11:00


ခြောက်ဆယ် ခုနှစ်များ၏ တစ်နေ့။ အလွန် လှပသော မိန်းမ တစ်ယောက်။ ၀တ်စား ထားပုံကလည်း သေသပ် လှပါ၏။
သို့သော် သူမသည် ဦးခေါင်းက ဆံပင်များကို အားလုံး ရိတ်သင် ထားလေသည်။ ၀တ်ထားသည်က ပန်းနုရောင် သီလရှင် ၀တ်စုံ။ သီလရှင် ၀တ်နှင့် ကျွန်တော်၏ ဇနီးထံ အလည် ရောက်လာသူမှာ ခရမ်းရောင် လွင်ပြင်၏ ခေါင်းဆောင် မင်းသမီး အဖြစ် သရုပ်ဆောင်ခဲ့သူ ကမ္ဘာကျော် မြန်မာရုပ်ရှင် မင်းသမီး “၀င်းမင်းသန်း” ဖြစ်လေသည်။ နေရာက ကျွန်တော်တို့ နေထိုင်ရာ ရန်ကုန်က “မြသဇင်” အိမ်မှာ။

ကျွန်တော် အိမ်အောက် ထပ်သို့ ဆင်းလာပြီး ဇနီး၏ရှေ့မှာ ၀င်ထိုင်တော့ သူက ဇနီး၏ဘေးမှာ ထိုင်နေသည်မို့ မိမိနှင့် မျက်မှန်း တစ်တန်းတည်း။ သည်မှာပင် သူမ၏မျက်နှာကို အသေအချာ ကြည့်ဖြစ်သည်။ မျက်လုံးများက အရည်လဲ့၍ လှပ လွန်းလှချေသည်။ ထိုင်နေပုံကလည်း ကိုယ်ကို မတ်မတ်နှင့် ကနေ့ မော်ဒယ်လ် မိန်းကလေးများဟန်။ ခရမ်းရောင်လွင်ပြင် (The Purple Plain) ဇာတ်ကားကြီးနှင့် ကမ္ဘာကျော်ခဲ့သော မြန်မာရုပ်ရှင် မင်းသမီး ၀င်းမင်းသန်းသည် ကျွန်တော့်ရှေ့မှာ ပန်းနုရောင် သီလရှင်ဝတ်စုံနှင့် “ဒေါ်ဝံသမာလာ” အဖြစ် ပြောင်းလဲခဲ့သူ ဖြစ်နေချေပြီ။

သူ့အကြောင်းရေးမည်ဟု ရည်ရွယ်ကာ ခေတ်မီ ယခုကာလ အင်တာနက် စာမျက်နှာများ လှန်ကြည့် တော့ ထိုစဉ်က သူ သီလရှင်ဝတ်သွား သည့် သတင်းများကို သွားတွေ့သည်။ The Palm Beach Post သတင်းစာ (၂၇ ဇွန် ၁၉၆၄)နေ့ထုတ်မှာ ဖော်ပြထားသော ခေါင်းစဉ်က Actress Enters Buddhist ဖြစ်လေသည်။ The Age သတင်းစာ (၂၉ ဇွန် ၁၉၆၄) နေ့ထုတ်မှာ တော့ Eurasian Beauty Will Enter Convent ဟု ခေါင်းစဉ် တပ်ထားသည်။

ခရမ်းရောင် လွင်ပြင်ကို Rank Organization ကုမ္ပဏီကြီးက ရိုက်ကူးရန် မင်းသမီး ကြေညာစဉ်က “ရတနာ နတ်မယ်”က လျှောက်လွှာ တင်ပြီးခါမှ ရိုက်ကွင်းက သီရိလင်္ကာမှာ ရိုက်မည် ဖြစ်ကြောင်း သိရှိရ၍ သဘာဝရေခံမြေခံ အမှန်ဖြစ်သည့် မြန်မာပြည်မှာ ရိုက်မည် မဟုတ်သောကြောင့် ဆက်မကြိုးစား တော့ဘဲ နေခဲ့သည်။ ၀င်းမင်းသန်းက လျှောက်လွှာ မတင်ဘဲနှင့် သည်ဇာတ်ကား အတွက် ခေါင်းဆောင်မင်းသမီး ဖြစ်လာသူ။ ဖြစ်လာပုံက သည်လိုပါ။

၁၉၅၄ ခုတွင် အမေရိကန် ရုပ်ရှင် ဒါရိုက်တာ Robert Parrish ၏ သူငယ် ချင်းတစ်ဦးက ၀င်းမင်းသန်းအိမ် အလည်ရောက်သွားစဉ် ၀င်းမင်းသန်း ကို ဓာတ်ပုံရိုက်ခဲ့သည်။ ထိုဓာတ်ပုံကို Robert Parrish ထံ လှမ်းပို့လိုက်ရာ ခရမ်းရောင် လွင်ပြင် အတွက် ၀င်းမင်းသန်းကို ခေါင်းဆောင် မင်းသမီး တင်ရိုက်ရန် ဆုံးဖြတ်ကာ ရန်ကုန်ကို လိုက်လာပြီး ၀င်းမင်းသန်းကို ခေါင်းဆောင် မင်းသမီး လုပ်ရန် တိုက်တွန်းသည်။ ဤသို့ဖြင့် လျှောက်လွှာ မတင်ဘဲနှင့် ၀င်းမင်းသန်းသည် ခရမ်းရောင် လွင်ပြင်မှာ ခေါင်းဆောင်မင်းသမီး ဖြစ်လာလေသည်။
သူနှင့် ရတနာနတ်မယ်တို့ တူညီ မှုလေးများကို သတိထားမိသည်။
၁။    နှစ်ဦးစလုံး တစ်မျိုးစီ လှနေကြသူ များဖြစ်ခြင်း။ ရှုမ၀ အလှပိုင်ရှင်များ။
၂။    နှစ်ဦးစလုံး မိခင်များမှာ မြန်မာ၊ ဖခင်များမှာ တိုင်းတစ်ပါးသား ဖြစ်ခြင်း။
၃။    နှစ်ဦးစလုံး ဟောလိဝုဒ်၏ ခေါင်းဆောင် ရုပ်ရှင်မင်းသမီး ဖြစ်နိုင်သော အရည်အချင်းများ ရှိခြင်း။
၎။    နှစ်ဦးစလုံး မိဘများနှင့် အတူ အိန္ဒိယသို့ စစ်ပြေးခဲ့ကြခြင်း။
၅။    နှစ်ဦးစလုံး အိမ်ထောင် ကျခဲ့သူ များမှာ ရဲဘော်သုံးကျိပ်ဝင် သခင်များ ဖြစ်နေခြင်း။
၆။    နှစ်ဦးစလုံး ဆရာကြီး ဦးဘခင် တရားနည်းနာကို ကျင့်ကြံအားထုတ်ခဲ့ ကြခြင်း စသည်တို့ ဖြစ်လေသည်။

သူတို့ မွေးသက္ကရာဇ်များမှာလည်း တစ်နှစ်ကြီး တစ်နှစ်ငယ် ဖြစ်သည်။ ရတနာနတ်မယ်က ၁၉၃၂ ခုနှစ်မှာ မွေး ဖွားပြီး ၀င်းမင်းသန်းကို ၁၉၃၃ ခုနှစ် မှာ မွေးသည်။ သူ၏ငယ်နာမည်မှာ Helga Johnson ဖြစ်သည်။ သူ့ဖခင်မှာ ဂျာမန် လူမျိုးဟုလည်း ပြောကြသည်။ သို့သော် Johnson ဆိုသော မျိုးရိုးနာမည် က ဂျာမန်မဆန်လှ။ ပြီးတော့ ယခု သူ သြစတြေးလျမျာ အခြေချ နေထိုင်လျက် ရှိသည်ကပင် သူ၏ ဖခင်မှာသြစတြေး လျလူမျိုးဟု ယူဆရပေမည်။
သို့သော် “ယူကျု”တွင် ငြင်းခုံချက်များအရ သူသည် ဂျာမန်သွေး တစ်ဝက်ပါသူဟု ဆိုထားပြန်သည်။ ၀ီကီပီးဒီးယာ အဆို အရတော့ မိခင်မြန်မာ၊ ဖခင် သြစတြေးလျ လူမျိုးဟု ဖော်ပြထားသည်။ သူ၏ ပထမ နာမည် “Helga” ကျပြန်တော့ ဂျာမန် ဆန်သွားပြန်လေသည်။ Helga သည် ဂျာမန်မိန်းကလေးများ မှည့်လေ့ရှိ သည့် နာမည်ဖြစ်နေသည်။ Holy, Blessed ဟုအဓိပ္ပာယ်ရသည်။ “မြင့်မြတ် သော၊ဆုထူးရသော”ဟု ဆရာတက်တိုး က အဓိပ္ပာယ် ဖွင့်ဆိုထားသည်။

ရန်ကုန်မှာ ကြီးပြင်း၍ ၁၄ နှစ် သမီးအရွယ်တွင် ကွန်ဗင့်(ခရစ်ယာန် ကျောင်း) နေခဲ့သည်။ ၁၉၅၁ ခုနှစ် ၀င်းမင်းသန်း အသက် ၁၈ နှစ်အရွယ် တွင် မိဘများက လန်ဒန်သို့လွှတ်ပြီး Marie Rambert အကသင်ကျောင်း တက်စေသော်လည်း ၀ါသနာမပါ၍ ပြန်လာခဲ့သည်။ နောက်တော့ ဗိုလ်စကြာ နှင့် အိမ်ထောင်ကျသည်။ ဗိုလ်စကြာ (သခင်အောင်သန်း)သည် ရဲဘော်သုံး ကျိပ်ဝင်ဖြစ်ပြီး ၀င်းမင်းသန်းထက် အသက် ၂၀ ခန့် ကြီးသူ ဖြစ်သည်။ ၁၉၆၉ ခုနှစ်၌ ဗိုလ်စကြာ ကွယ်လွန်ခဲ့သည်။

ဝင်းမင်းသန်း ပါဝင်သရုပ်ဆောင် သည့် The Purple Plain ဇာတ်ကား တွင် သူမနှင့် တွဲရသူက နာမည်ကျော် မင်းသားချော ဂရေဂရီပက် ဖြစ်သည်။ ရုပ်ရှင် စာစောင်တစ်ခုမှာ ဖတ်ခဲ့ဖူးတာ လေး သွားမှတ်မိနေသည်။ ဂရေဂရီပက် ကို “ဗျူး”ထားပုံလေးပါ။ ခရမ်းရောင် လွင်ပြင် ရိုက်ကွက်တစ်ခုက မင်းသမီးကို မင်းသားက နမ်းခန်း။ ဂရေဂရီပက်က ၀င်းမင်းသန်းကို နမ်းသည့်ရိုက်ကွက်။

“အေးဗျာ၊ ကျွန်တော်က မင်းသမီး နှုတ်ခမ်းလေးကို ကြင်ကြင် နာနာလေး နမ်းတယ်ပေါ့လေ။ မင်းသမီးက အနမ်း ခံရမှာ စိုးရွံ့လို့ ကြက်သွန်ဖြူတွေ စားထားတယ်ဗျ။ ပြောပါရစေတော့။ ကျွန်တော် ဖီလင်တော်တော့်ကို အောက်သွားတယ်”

ဝင်းမင်းသန်း၏ သဘာဝ ဟန်တို့ တွင် ရှက်တတ်၊ ကြောက်တတ်ခြင်း များ ရှိပါသည်။ သူသည် ၁၉၅၀ ပြည့် နှစ်များက ဆရာကြီး ဦးဘခင်၏ တရား တပည့် မဖြစ်ခဲ့စဉ်က အကြောင်းလေး သွားသတိ ရမိပြန်သည်။ ၀င်းမင်းသန်း ဆရာကြီးထံမှာ တရား ၁၀ ရက်စခန်း လာဝင်တော့ သယ်လာလိုက်သည့် ပစ္စည်း ပစ္စယတွေတစ်လှေကြီး။ အိမ်က အိမ် ဖော်မလေးပါခေါ်လာ၊ တရားထိုင်တော့ ကြောက်သည်ဆိုကာ တရားအားထုတ် သည့်တစ်ယောက်ခန်းတံခါးဖွင့်ပြီး သူ့ နောက်မှာ အိမ်ဖော်မလေးကို အစောင့် အရှောက်အဖြစ် ထိုင်ခိုင်းပုံ။ နောက်ပိုင်း တဖြည်းဖြည်း တရားလေးရလာတော့ အကြောက်နည်းနည်းပြေလာ၊ အစောင့် မထားတော့ပုံတွေ ဆရာကြီး ဟောသည့် တရားခွေတွင် ပါရှိခဲ့သည်။

သူနှင့် ကျွန်တော် ပြန်လည်ရေစက်ဆုံသော အရပ်ဒေသမှာ သြစတြေးလျနိုင်ငံ အနောက်ခြမ်း ပါ့သ်မြို့မှာ ဖြစ်ပါသည်။ ပါ့သ်မြို့ရှိ ဆရာကြီး ဦးဘခင်နည်းနာ ဖြင့် International Meditation Centre ကြီးတွင် သူ တရား ၁၀ ရက်စခန်းလာ ၀င်စဉ်က ဖြစ်လေသည်။ သြစတြေးလျ တောင်ပိုင်း မဲလ်ဘုန်းမြို့မှာ အခြေချခဲ့ သော ၀င်းမင်းသန်းသည် ပါ့သ်သို့ ၁၉၈၀ ပြည့်နှစ်များက တရားလာထိုင်စဉ် ညတစ်ည အချိန်မတော်အခန်း တံခါး လာခေါက်သည်။

“ဘာဖြစ်လို့တုံး” မေးတော့၊ “ကြောက်လို့ပါ” ဟု တိုးတိုးဖြေသည်။

“ဘာကြောက်စရာရှိတုံး။ ဒီပတ် ၀န်းကျင်က တရားရိပ် ဓမ္မရိပ်လေ”

“ဘာကိုကြောက်မှန်း မသိဘူး”
သြော် -၀င်းမင်းသန်းသည် ခရမ်းရောင်လွင်ပြင်ထဲ လွင့်မျောဆဲပါ ပဲလား။                  

မျိုးညွန့်၊ရန်ကုန်တက္ကသိုလ်၊
(ရွှေအမြုတေ မဂ္ဂဇင်း၊မတ်လ ၂၀၁၂)

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template