အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်(ဗိုလ်တထောင်)
အဆိုပါဘွဲ့သင်တန်းကို ၂၀၁၂-၁၃ ပညာသင်နှစ်တွင် စတင်ဖွင့် လှစ်မည်ဖြစ်ပြီး အချိန်ပြည့်သင်တန်းဖြစ်ကာ သင်တန်းကာလ လေးနှစ်ကြာမြင့်မည်ဖြစ်သည်။ သင်တန်းသားဦးရေ ၁၀၀ ဦးလက်ခံသင်ကြားပေးမည်ဖြစ်ပြီး တက်ရောက်လိုသော တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားများအနေဖြင့် သတင်းစာများမှ သီးခြားကြော်ငြာခေါ်ယူသည့်အချိန်တွင် အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ် (ဗိုလ်တထောင်)သို့ သတ်မှတ်ထားသောပုံစံဖြင့် တိုက်ရိုက်လျှောက်ထားနိုင်ကြောင်း သိရသည်။
''သမီးက ဒီနှစ် ဆယ်တန်းအောင်တာပါ။ ဒီနှစ်မှာ တက္ကသိုလ်တွေက အပြောင်းအလဲ အများကြီး ဖြစ်တယ်။ အမှတ်တွေမြှင့်တာတို့၊ ကျောင်းသားလျော့တာတွေလည်း ရှိတယ်။ အခုလည်း ဒီသင်တန်းဖွင့်မယ်လို့ သိရတယ်။ ဒီသင်တန်းလေး က စိတ်ဝင်စားဖို့ကောင်းတယ်၊၊ နောက်ဆို ကမ္ဘာလှည့်ခရီးသည်တွေလည်း အများကြီး ၀င်လာတော့မယ်လို့ ထင်တယ်လေ။ အဲဒီတော့ ဒီသင်တန်းတက်ဖို့ တော်တော်စိတ်ဝင်စားနေပါတယ်''ဟု တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသူတစ်ဦးမှ ပြောပြခဲ့သည်။
အမျိုးသား စီမံခန့်ခွဲမှုပညာကောလိပ်တွင် ဖွင့်လှစ်သော သင်တန်းများသို့ တက်ရောက်ရန် သင်တန်းသားရွေးချယ်မှုအနေဖြင့် သီးခြားအမှတ်တစ်ခု သတ်မှတ်ထားခြင်းမရှိဘဲ လာရောက်လျှောက်ထားသူများ၏ အမှတ်အများဆုံးမှနေ၍ သတ်မှတ်ထားသော လူဦးရေအထိ အမှတ်ပေါင်းအစဉ်လိုက်အတိုင်းသာ ခေါ်ယူခြင်းဖြစ်ကြောင်း အဆိုပါကျောင်း၏ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသွားခဲ့သည်။
အမျိုးသား စီမံခန့်ခွဲမှုပညာကောလိပ်(ဗိုလ်တထောင်)တွင် BA (EPP), BBM, BA (Journalism) တို့ကို သင်ကြားပေးလျက်ရှိပြီး ၂၀၁၂ -၁၃ ပညာသင်နှစ်တွင် BA(EPP) ၅၀ ဦး၊ BBM ၁၀၀ ဦး၊ BA (Journalism) ၅၀ ဦးနှင့် BA (Tourism) ၁၀၀ ဦးတို့ကို လက်ခံသင်ကြားပေးသွားမည်ဖြစ်သည်။ ယမန်နှစ်တွင် BA(EPP) အတွက် ၄၇၃ မှတ်၊ BBM အတွက် ၄၇၂ မှတ်အထိ ရှိခဲ့ကြောင်း သိရှိရသည်။‘
Eleven Media Group