Headlines News :
Home » , » ပရဟိတ အနုပညာရှင်လူသားတစ်ဦးအား ထုဆစ်ခြင်း

ပရဟိတ အနုပညာရှင်လူသားတစ်ဦးအား ထုဆစ်ခြင်း

Written By လွင့်မောင်မောင် on Tuesday, August 7, 2012 | 2:39 PM

(ဒေါင်းမာန်ဟုန်)



မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များအစည်းအရုံး (မြောက်ဥက္ကလာပမြို့နယ်)မှ ပညာရေးလှုပ်ရှားမှု အစီအစဉ်တစ်ရပ်အဖြစ် ပန်းချီဆရာမောင်မောင် (ခ) ဦးကျော်သူ (နာရေးကူညီမှုအသင်း-ရန်ကုန်) ဥက္ကဋ္ဌ အား ဂုဏ်ပြု၍ ပုံတူပန်းချီနှင့် ပန်းပု လက်တွေ့ရေးဆွဲ ထုလုပ်ခြင်း အခမ်းအနားအား ၅.၈.၂ဝ၁၂ ရက်နေ့ နံနက် (၉း၃ဝ) နာရီအချိန်မှ စတင်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ တည်ဆောက်ဆဲ ခန်းမဆောင် (အသစ်)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးကျော်သူသည် ပန်းချီပညာရပ်အား ငယ်ရွယ်စဉ် ကျောင်းသားဘဝ ၁၉၇၃ ခုနှစ်မှ ၁၉၇၆ ခုနှစ်အတွင်း နွေရာသီပန်းချီရက်တိုသင်တန်းအား ပန်းချီဆရာကြီး ဦးသောင်းဟန်ထံတွင် ပန်းချီပညာကို လေ့လာဆည်းပူးခဲ့သည်။ ၁၉၈ဝ ခုနှစ်တွင် ဒေသကောလိပ် - ၂ (လှိုင်)၊ တက္ကသိုလ်ပန်းချီပြပွဲ၌ ပန်းချီ မောင်မောင်အမည်ဖြင့် ပိုစတာကာလာ ပန်းချီကားချပ် (၁ဝ) ချပ်ကို ဝင်ရောက်ပြသခဲ့သည်။ ဒုတိယ အကြိမ် ၁၉၈၆ ခုနှစ်တွင် ယုဒဿန်ခန်းမ၌ ကျင်းပပြုလုပ်သည့် “အဇ္ဈတ္တပန်းချီ” ပြပွဲ၌ “နာကြည်းမှု (ဘဝဈေး)” သရုပ်ဖော်ပန်းချီ ကားချပ်တစ်ချပ် ပြသခဲ့သည်။ ၂ဝဝ၄ ခုနှစ်တွင် ပန်းချီလောကသို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ပန်းချီကျော်သူအမည်ဖြင့် ရေးဆွဲထားသော “မမြင်ချင်၊ မကြားချင်၊ မပြောချင်” ပန်းချီကားချပ်အား စိတ်ကျန်းမာရေး အထူးကုဆေးရုံရှိ ပန်းချီပညာရပ်ဖြင့် ကုသနည်းခန်းမအတွက် လှူဒါန်းခဲ့သလို ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကအား “ကြာလိုလူ” အမည်ရှိ သရုပ်ဖော်ပန်းချီကားချပ်တစ်ချပ် လှူဒါန်းပေးအပ်ခဲ့သည်။ ၂ဝဝ၅ ခုနှစ်တွင် လောကနတ်ပန်းချီခန်းမ၌ “ဆူး” အမည်ရှိ ပေါက်ကွဲမှုပန်းချီကားချပ်တစ်ချပ် ပြသခဲ့ပြီး ၂ဝဝ၉ ခုနှစ်တွင် ကမ္ဘာမြေပြင်ကို အလည်ရောက် ဘဝ … ဘဝတွေကိုဖြတ်သန်း လှော်ခတ်ရင်း ငြိမ်းချမ်းမှု သစ္စာတရားကို ရှာဖွေတွေ့ရှိခဲ့သူ လူသားတစ်ယောက်၏ ပုံရိပ်မှတ်တိုင်များ (သို့) ကျော်သူ၏ Kyaw Thu`s Art Zone အမည်ဖြင့် ကိုယ်ပိုင်ပန်းချီပြခန်းအား ဖွင့်လှစ်ကာ တစ်ကိုယ်တော်ပန်းချီပြပွဲအား ကျင်းပနိုင်ခဲ့သည်။ ၂ဝ၁၁ ခုနှစ်တွင် တစ်ကိုယ်တော် ပန်းချီပြပွဲအား Kyaw Thu`s Art Zone Vol:2 အဖြစ် ဒုတိယအကြိမ်မြောက် ပြသနိုင်ခဲ့သည်။ ထို့အပြင် ၂ဝ၁၂ ခုနှစ်၊ ဇွန်လတွင်လည်း အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် First Break Out အမည်ဖြင့် ပန်းချီပြပွဲအား ကျင်းပနိုင်ခဲ့သည်။ ပန်းချီမောင်မောင် (ခ) ကျော်သူသည် ယနေ့ချိန်ထိ ပန်းချီကားချပ်များအား ရေးဆွဲလျှက်ရှိသည်။

ထိုကဲ့သို့သော ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာတစ်ဦးလည်းဖြစ်သူ ပန်းချီဝါသနာရှင်လည်းဖြစ်သူ လူမှုရေးလောကတွင်လည်း အများအတွက် ပေးဆပ်လုပ်ကိုင်နေသူတစ်ဦးအား ဂုဏ်ပြုသောအားဖြင့် ၅.၈.၂ဝ၁၂ ရက်နေ့ နံနက်တွင် ဦးကျော်သူ၏ ရုပ်ပုံလွှာအား ပုံတူပန်းချီ၊ ပန်းပုပညာရှင်များက အမှတ်တရဂုဏ်ပြု ရေးဆွဲပွဲအား ကျင်းပခဲ့သည်။ ယင်းအခမ်းအနားတွင် ပန်းပုပညာရှင်ဆရာကြီးများ ဖြစ်ကြသော ဦးလွင်မောင်၊ ဦးတင်မြ၊ ဦးကြည်စိန်လေး (ထားဝယ်)၊ ဦးမြမောင်၊ ဦးကျော်ညွန့်၊ ဦးဆန်နီညိမ်း၊ စာပေလောကမှ ဦးဝင်းငြိမ်း (ရွှေအမြုတေ၊ အလင်းတန်းဂျာနယ်)၊ ကိုမျိုး-မြန်မာစာ (ပေါ်ပြူလာဂျာနယ်) စာပေပညာရှင်များနှင့် စိတ်ဝင်စားကြသူများ တက်ရောက်အားပေးခဲ့ကြသည်။ ပန်းချီ ပညာရှင်ဆရာများဖြစ်ကြသော ဦးသက်အောင်၊ ဦးသပြေမြင့်သိန်း၊ ဦးဇော်ဝင်း(ငှက်ပျောသီး)၊ ဦးကြင်၊ ဦးဇော်ဝင်းဖေ၊ ဦးရဲမြင့်(ရှေ့သို့)၊ ဦးရွှေမြင့် အစရှိသည့် ပန်းချီ၊ ပန်းပုပညာရှင် (၄ဝ) ဦးခန့်တို့သည် နံနက် (၉း၃ဝ) နာရီအချိန်ခန့်မှ စတင်ကာ ညနေ (၄းဝဝ) နာရီအချိန်ထိ ရေးဆွဲခဲ့ကြကာ ပန်းချီဆရာများ၏ မျိုးဆက်သစ် သမီးငယ်လေးတစ်ဦးမှလည်း ဦးကျော်သူ၏ ဂျိုးငှက်လွှတ်နေသည့်ရုပ်ပုံအား အမှတ်တရ ရေးဆွဲခဲ့ပြီး ပန်းပုပညာရှင် ကိုကျော်ကျော်မင်းမှ ဦးကျော်သူ၏ ပုံတူရုပ်တုအား ထုလုပ်ခဲ့ကြပြီး ပန်းချီ ကားချပ်များနှင့် ရုပ်တုအား ဦးကျော်သူအတွက် အမှတ်တရ ဂုဏ်ပြုပေးအပ်ခဲ့ကြသည်။

ကျော်ကျော်မင်း (ပန်းပုပညာရှင်)


ကိုကျော်သူကတော့ မူလအစက ပန်းချီဆရာ မောင်မောင်ဖြစ်ပါတယ်။ ကျွန်တော်တို့လို ပန်းချီ ဆရာတွေထဲကနေ အခုလိုမျိုး ပြည်သူတွေကို အကျိုးပြုတဲ့လူတစ်ယောက် ပေါ်ထွန်းလာတဲ့အတွက် ကျွန်တော်က ဂုဏ်ပြုရေးဆွဲခြင်းဖြစ်ပါတယ်။

ရွှေမြင့် (ပန်းချီ)

ဦးကျော်သူလုပ်ခဲ့တာက ရုပ်ရှင်ကိစ္စတို့၊ နာရေးကူညီမှုကိစ္စတွေ သူကလုပ်ခဲ့တော့ ကျွန်တော်တို့က လေးစားတယ်။ လေးစားတော့ ဂုဏ်ပြုပွဲလေးလုပ်ပြီး သူရဲ့ ပေါ့ထရစ် ရေးဆွဲမယ်။ သူ့ရဲ့ပုံစံမျက်နှာက အရမ်းရေးချင်တဲ့ ပုံမျိုးဖြစ်တယ်။

ဇော်ဝင်း (ငှက်ပျောသီး)


ဦးကျော်သူကို များသောအားဖြင့် သိကြတာကတော့ နာရေးကူညီမှုအသင်း(ရန်ကုန်)နဲ့ တွဲဖက်ပြီး ဘယ်လိုမှ ခွဲခွာလို့မရပါဘူး။ အဲဒါကြောင့် ဒီနေ့ ကျွန်တော်တို့ ဂုဏ်ပြုရေးဆွဲခြင်း ဖြစ်ပါတယ်။

ဇော်ဝင်းဖေ (ပန်းချီ)

အရင်က ကျွန်တော်တို့ ရေးနေကြတာ အမျိုးသမီးပုံတွေ၊ ကိုရင်လေးတွေ ဒါမျိုးလေးတွေ။ အခု နောက်ပိုင်းမှာ တကယ့်အမှတ်တရ ဖြစ်နိုင်လောက်တဲ့၊ ဖြစ်စေလောက်တဲ့ ပုဂ္ဂိုလ်တွေကို ရေးဆွဲကြတာ တွေ့ရတယ်။ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ ဦးကျော်သူဆိုတာ အခုအချိန်မှာ ကိုယ်မလုပ်နိုင်တဲ့ ကိုယ် မဖြည့်နိုင်တဲ့ ပါရမီကိုဖြည့်နေတဲ့ လူတစ်ယောက်ကို ကျွန်တော်တို့က ရေးခွင့်ရခဲ့တယ်။

ကြည်စိန်လေး (ထားဝယ်)

ဦးကျော်သူလိုပုဂ္ဂိုလ်မျိုး ယခုမြန်မာနိုင်ငံမှာ ကိုယ်ကျိုးစွန့်ပြီးတော့ အများအတွက် အထောက်အကူ ပြုနေတဲ့ လူတစ်ယောက် ကျွန်တော်တို့ မြန်မာမှာရော၊ ကမ္ဘာမှာရော ဂုဏ်ယူစရာ လူတစ်ယောက်အနေနဲ့ ရုပ်တုတစ်ခုထားသင့်တဲ့ အခြေအနေမှာလည်း ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင် ဦးကျော်သူရုပ်တုကို ကျွန်တော်တို့မြန်မာနိုင်ငံမှာ အကောင်းဆုံးရုပ်တုတစ်ခုအနေနဲ့ နိုင်ငံခြားမှာ ဒေါက်တာတွေကို ထုထား သလို ထုချင်တဲ့ဆန္ဒ ပြင်းပြနေလျှက်ရှိပါတယ်။

ဦးဆန်နီညိမ်း (ပန်းပု)


ပုံတူဆွဲတယ်ဆိုတာ အနုပညာရှင်တစ်ယောက်ကနေပြီးတော့ နောက်ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အကြောင်းကို သူကတစ်ဆင့်ဖော်ပြတာပဲ။ ကိုယ်နဲ့နီးစပ်ရာတွေ ဒါမှမဟုတ် ကျော်ကြားတဲ့သူတွေ၊ အောင်မြင်တဲ့သူတွေ မှတ်တမ်းတင်ခဲ့ချင်လို့။ မှတ်တမ်းတင်သင့်တဲ့သူတွေကို ဆွဲတာပေါ့။ အခု ကိုကျော်သူကို ပုံတူဆွဲကြတယ်ဆိုတာကလည်း သူ့ဘဝမှာ သူလုပ်ဆောင်ခဲ့တာတွေ၊ သူသယ်ပိုးခဲ့တာတွေ ကို လေးစားတန်ဖိုးထားပြီးတော့ ပုံဆွဲကြတာပါ။ ဒီကနေပွဲရဲ့ ဖန်တီးမှုကတော့ အားရစရာပါပဲ။

ဦးဝင်းငြိမ်း (အလင်းတန်းဂျာနယ် အယ်ဒီတာချုပ်)

လက်တွေ့ရေးဆွဲတယ်။ လက်တွေ့ဓါတ်ပုံရိုက်တယ်ဆိုတာ များသောအားဖြင့် မိန်းမချောချောလေး တွေကို ဆွဲကြတယ်။ ဓါတ်ပုံရိုက်ကြတယ်။ အခုလို ထူးခြားတဲ့ပုံအနေနဲ့ ကိုကျော်သူကို ပန်းချီဆွဲကြတယ်။ ပန်းပုထုကြတယ်။ အင်မတန်ထူးခြားပါတယ်။ အဲဒါကြောင့် ကျွန်တော်ကြွရောက် ချီးမြှင့်ခဲ့တာပါ။ ပန်းချီ ကိုဇော်ဝင်း(ငှက်ပျောသီး)ဆိုလို့ရှိရင် စတိတ်ရှိုးတွေဆွဲရင် ပေအတော်မြင့်မြင့် ပုံကြီးတွေကို လက်တန်းဆွဲ နိုင်တဲ့ဆရာပါ။ သူဒီမှာလာပြီးတော့ ရေးဆွဲနေတယ်ဆိုတာ အတော်ကို အံ့သြစရာပါ။ ကြည်နူးစရာပါ။

ကိုလင်း (သတင်းထောက်)

ဓါတ်ပုံဆရာတွေစုပြီးတော့ မော်ဒယ်(လ်)တွေကို ရိုက်ကြတယ်။ အခုလို ထူးထူးခြားခြား ပန်းချီ လည်းပါတယ်။ ပန်းပုလည်းပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ဘာလည်းဆိုတော့ ကျော်သူက မော်ဒယ်(လ်)သဘောမျိုး ထိုင်နေတယ်ဆိုပေမယ့် ကျော်သူကို ရေးဆွဲကြတာမဟုတ်ဘဲနဲ့ ကျော်သူရဲ့ အတွင်းစိတ်ကို ဖော်ထုတ်ပြီးရေးဆွဲကြတာဆိုတော့ ကောင်းပါတယ်။ ပန်းချီဆရာအချင်းချင်းနဲ့လည်း ရင်းနှီးမှု၊ ချစ်ကြည်မှု၊ တစ်ယောက်ပညာ တစ်ယောက်ရမယ်ဆိုတော့ အင်မတန်ကောင်းပါတယ်။

ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက် (နာရေးကူညီမှုအသင်း-ရန်ကုန်) အတွင်းရေးမှူး

ကိုကျော်သူကတော့ တစ်ချိန်က အင်မတန်မှ ရုပ်ရည်ချောမောလှပတဲ့ ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်ပေါ့။ အဲဒီဘဝတုန်းက ဘယ်သူမှသူ့ကို ပန်းချီဆွဲပေးဖို့၊ ပန်းပုထုပေးဖို့ သူ့အလိုလို စိတ်ဝင်စား တဲ့လူမရှိခဲ့ဘူး။ အခုချိန်မှာ သူ့အလိုလို စိတ်ဝင်စားပြီးတော့ ရုပ်ရည်အနေနဲ့တော့ မလှတော့ဘူး။ အများ အကျိုးကို ရွယ်သယ်ပိုးတဲ့လူတစ်ယောက်၊ ဒီလူရဲ့စိတ်ဓါတ်ကို လေးစားလို့ လာရောက်ပြီး ရေးဆွဲကြတော့။ ကျွန်မ ဘာသွားမြင်လည်းဆိုတော့ စိတ်ဓါတ်ရဲ့ အနှစ်သာရက ရုပ်ရည်ပကာသနထက် ပိုပြီးတော့ အင်အားကြီးတာကိုမြင်တယ်။ ရေးဆွဲကြတဲ့ ပညာရှင်တွေကလည်း အကာနဲ့အနှစ်ကို ခွဲတတ်တဲ့သူလို့ ကျွန်မနားလည်တယ်။

ကျော်ကျော်မြင့် (နာရေးကူညီမှုအသင်း-ရန်ကုန်) အသင်းသား

အရင်ကနဲ့ အခုအချိန်မှာ ကွာခြားမှုကတော့ အကြီးကြီးဖြစ်သွားပြီ။ အရင်တုန်းကတော့ မင်းသား တစ်ယောက်အမြင်နဲ့ သိကြတယ်။ အခုက ပြည်သူတွေကို အကျိုးပြုနေတဲ့ ပရဟိတဆိုတော့ မင်းသားနဲ့ ပရဟိတသမား ပြည်သူတွေကိုပေးဆပ်တဲ့ အနေအထားခြင်းလည်း အရမ်းကွာသွားပြီ။ အဲဒီအတွက်လည်း အရမ်းဝမ်းသာပါတယ်။

ဝင်းလဲ့ဇင် (နာရေးကူညီမှုအသင်း-ရန်ကုန်) အသင်းသူ

ဒီနေ့မြင်ကွင်းလေးက ကြည်နူးဖို့အရမ်းကောင်းပါတယ်။ ဘာပဲပြောပြော မင်းသားဘဝတုန်းက အခုလိုမျိုးမရှိခဲ့ဘူး။ အခုလိုမျိုး လူမှုရေးလုပ်ငန်းတွေ လုပ်တဲ့အခါကြတော့ သူ့ပုံတူတွေလည်းဆွဲတယ်။ ပန်းပုထုကြတယ်ဆိုတော့ အရမ်းလည်း ဂုဏ်ယူဖို့ကောင်းပါတယ်။

မည်သို့ပင်ဖြစ်စေကာမူ ပန်းချီ၊ ပန်းပုပညာရှင် (၄ဝ) ဦးတို့၏ မတူညီသော ရေးချက်များ၊ ရေးပုံ ရေးနည်း ပညာရပ်များတို့ ကြောင့် ဦးကျော်သူ၏ ပုံရိပ်လွှာများ၊ ပန်းချီကားများသည် ဦးကျော်သူကိုယ်ပွား ရုပ်ပုံလွှာ (၄ဝ) ထွက်ရှိလာခဲ့သော်လည်း ဦးကျော်သူ၏ အတွင်းစိတ်သဏ္ဍာန် ခံယူချက်များသည်ကား ပုံရိပ်လွှာတိုင်းတွင် ထူးခြားစွာဖြင့် တစ်ခုတည်းသော စိတ်အစဉ်ကို ဖော်ပြနေခြင်းအား တွေ့မြင်လိုက်ရ တော့သည်။

ကိုကျော်သူ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template