မီဒီယာသမားများအား တရားစွဲဆိုမည်ဆိုပါက စာနယ်ဇင်းကောင်စီအနေဖြင့် ကြားဝင်ငြိနှိုင်းပေးမည်ဟု စာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောပါသည်။
အဆိုပါ ပြောကြားချက်အား ဇန်န၀ါရီလ ၁၂ ရက်နေ့က ရန်ကင်းမြို့နယ်ရှိ ဘဏ်လုပ်ငန်းရှင်များ အသင်းတွင် ကျင်းပသည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)
၏ လုပ်ငန်းလုပ်ဆောင်ချက်များ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
'' ကျွန်တော်တို့အနေနဲ့ သ တင်းမီဒီယာတစ်ခုရဲ့ ဖော်ပြချက်ကို တရားစွဲမယ်ဆိုရင် တရားစွဲလိုသူအနေနဲ့ ကောင်စီကို တင်ပြပါ။ အသိပေးပါ။ ကျွန်တော်တို့အနေနဲ့ ကြားဝင် ညှိနှိုင်းပေးနိုင်ပါမယ်။ အဲ့ဒီအချက်က မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာတွေကို ကာကွယ်ပေးနိုင်မယ်လို့ ထင်ပါတယ်'' ဟု ကိုကျော်မင်းဆွေက ပြောပါသည်။
လွတ်လပ်သော စာနယ်ဇင်းကောင်စီ ဖြစ်ပေါ်လာရန် ကာလအတန်ကြာ ကြိုးစားခဲ့ရသည့် စာနယ်ဇင်းကောင်စီသို့ သတင်းမီဒီယာများတွင် ရေးသားဖော်ပြချက်နှင့် ပက်သတ်၍ အစိုးရအဖွဲ့အစည်း ၄ခု၊ ပါတီတစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦးတို့မှ သတင်းဂျာနယ် ၂၉စောင်နှင့် မဂ္ဂဇင်းတစ်စောင်တို့အား တိုင်ကြားမှုများ ရှိခဲ့ပြီး ညှိနှိုင်းပေးခဲ့မှုများလည်း ရှိကြောင်း Complaint ကော်မတီ
တာဝန်ခံ ဦးဖေမြင့်က ပြောပါသည်။
လက်ရှိကာလတွင် တရားရင်ဆိုင်နေရသည့် လျပ်တပြက်ဂျာနယ် အမှုအတွက်လည်း ကောင်စီမှ ကူညီ ညှိနှိုင်းပေးသွားမည်ဖြစ်ကာ လက်ရှိ ကျေအေးလိုက်ပြီးဖြစ်သည့် The Voice ဂျာနယ်နှင့် သတ္ထုတွင်းဝန်ကြီးဋ္ဌာန၏ အမှုတွင်လည်း ကောင်စီအနေ ဖြင့် ပါဝင်ညှိနှိုင်းမှုများ ပြုလုပ်ပေးခဲ့ကြောင်းလည်း သိရှိရပါသည်။
''ညှို့မဂ္ဂဇင်းနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနက ကျွန်တော်တို့ Press Council ကို တိုင်ကြားတဲ့ သဘောနဲ့ စာပို့လာတာ ရှိပါတယ်။ကျွန်တော်တို့ စာနယ်ဇင်းကောင်စီမှာ ဘာအခွင့်အာဏာမှ မရှိပါဘူး။အဲဒီ မဂ္ဂဇင်းက ပုဂ္ဂိုလ်ကို ကျွန်တော်တို့ ခေါ်တယ်။သူကလည်း သူ့ဘက်က သဘောထားကို ပြောပါတယ်။ ရုပ်ပုံတစ်ခုသည် ညစ်ညမ်းပုံ ဟုတ်မဟုတ်ဆိုတာ ဘယ်အပေါ်မှာ ကြည့်ရမလဲဆိုတော့ ကျွန်တော်တို့ ကျင် လည်နေတဲ့ ပတ်ဝန်းကျင် လူမှုအသိုင်းပေါ် မူတည်ပါတယ်။ သူကလည်း သူ့ဘာသာသူ ထိန်းသိမ်းပြီး ဆောင်ရွက်မယ်လို့ ကျွန်တော်တို့ကို ပြောသွားပါတယ်။ ဒီမဂ္ဂဇင်းကို ထုတ်ဝေခွင့် ရုပ်သိမ်းတယ်ဆိုတဲ့ အကြောင်း သိရပါတယ်။ကျွန်တော်တို့ သဘောကို ပြောရရင် သတိပေးတယ်ဆိုတဲ့ အဆင့်မျိုးရှိရင် ပိုကောင်းမယ်လို့ ထင်ပါတယ်'' ဟု ဦးဖေမြင့်က ပြောသည်။
စာနယ်ဇင်းသမားများအား ကာကွယ်နိုင်ရန် စာနယ်ဇင်းများ အနေဖြင့် ကျင့်ဝတ်အား စောင့်ထိန်းလိုက်နာပြီး မှန်မှန်ကန်ကန် လုပ်ကိုင်နေရန် လိုအပ်ပြီး စာနယ်ဇင်းကောင်စီ ဖွဲ့စည်းပြီးသည့်နောက်တွင် အရည်အသွေးမြှင့်တင်ခြင်း ကျင့်ဝတ်၊စည်းကမ်းထိန်းသိမ်းခြင်း အလုပ်များအား ထိရောက်စွာ လုပ်ကိုင်နိုင်မှု မရှိသည့်အတွက် ညှို့မဂ္ဂဇင်းအား ပိတ်သိမ်းခြင်း ဂျာနယ် ၆စောင်အား သတိပေးခြင်း လုပ်ငန်းများအား စာပေစိစစ်ရေးမှ လုပ်ကိုင်ခဲ့ကြောင်း ဦးဖေမြင့်က ဆက်လက်ပြောပါသည်။
Eleven Media Group