ပထမအကြိမ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးများတွင် ၂၀၁၃ -၂၀၁၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းများကို ဆွေးနွေးအတည်ပြု ပြဋ္ဌာန်းသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားခဲ့သည်။
ထို့အတူ ပြည်ထောင်စုအစိုးရအဖွဲ့မှ ရေးဆွဲတင်သွင်းလာမည့် ၂၀၁၃ ခုနှစ်အတွက် အမျိုးသားစီမံကိန်း ဥပဒေကြမ်းကို ဆွေးနွေးအတည်ပြုပြီးသည်နှင့် တစ်ပြိုင်နက် နောက်ဆက်တွဲ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်း (ဘတ်ဂျက် ဥပဒေကြမ်း) ကို ဆွေးနွေးအတည်ပြုသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
အစိုးရပိုင် စီမံကိန်းကြီးတွေထဲမှာ တချို့က ခေတ်နဲ့မလျော်ညီတော့တာတွေ ရှိတယ်။ တချို့စက်ရုံ စီမံကိန်းကြီးတွေဆို အကြောင်းအမျိုးမျိုးကြောင့် အလုပ်ဆက်မလုပ်နိုင်ဘူး။ ရပ်နေတယ်။ တချို့စက်ရုံကြီးတွေဆို ဆက်လက် လည်ပတ်နေပေမယ့် အရှုံးပေါ်နေတယ်။ အမြတ်မရှိသလောက် နည်းတယ်။ ဥပမာ ပခုက္ကူစက်မှုဇုန်မှာရှိတဲ့ Ta Ta ကားစက်ရုံဆိုရင် စာချုပ်ချုပ်ပြီး ကားဆက်မထုတ်နိုင်ဘူး။ သာဂရစက်မှုဇုန်မှာရှိတဲ့ အကြီးစားစက်မှုလုပ်ငန်းကြီးတွေ တချို့လည်း ဒီလိုမျိုးတွေရှိတယ် . . . |
စက်မှုဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့၏ စီမံကိန်းအချို့ကို သုံးသပ်ဆွေးနွေးသွားရန် ရှိကြောင်း၊ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနများ၏ စီမံကိန်းများကို ထိရောက်စွာ ပိုမိုဆောင်ရွက်နိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်သွားရန်ရှိကြောင်း ဦးအေးမောက်၏ ပြောကြားချက်အရ သိရသည်။
"နောက်တစ်ခုက တိုင်းနဲ့ပြည်နယ်တွေမှာ ဖွံ့ဖြိုးမှု တန်းတူညီအောင် စီမံကိန်းတွေ ဆောင်ရွက်ဖို့ ဆွေးနွေးမှာပါ။ ရခိုင်၊ ရှမ်း၊ ချင်း စတဲ့ပြည်နယ်တွေမှာ ပိုလုပ်ပေးဖို့၊ နောက်တစ်ခါ ငြိမ်းချမ်းရေးရပြီးရင် ကချင်မှာ ပိုလုပ်ပေးဖို့ ဆွေးနွေးပါမယ်။ ကျန်တဲ့ အရေးကြီးတဲ့ ကိစ္စတစ်ခုက ၀န်ကြီးဌာနတွေအနေနဲ့ နိုင်ငံခြားချေးငွေတွေကို စိစိစစ်စစ် သုံးနိုင်ဖို့ ဆွေးနွေးပါမယ်။ တချို့ဝန်ကြီးဌာနတွေအနေနဲ့ နိုင်ငံခြားချေးငွေကို လစာပေးမယ့်နေရာမှာ သုံးမယ့်အစား ပိုမိုအကျိုးရှိတဲ့ နေရာမှာသုံးရင် ပိုပြီးအကျိုးဖြစ်ထွန်းနိုင်မှာပါ" ဟု ဦးအေးမောက်က ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် ယခုကျင်းပမည့် လွှတ်တော်တွင် မြန်မာနိုင်ငံသားများ ရင်းမှုပ်နှံမှုဥပဒေ အပါအ၀င် အခြားဥပဒေများကိုလည်း အတည်ပြုရန်ရှိကြောင်းနှင့် ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီနှင့် အမျိုးသားလွှတ်တော်၊ တိုင်းရင်းသားရေးရာ ကော်မတီတို့ ပူးပေါင်းကာ ကချင်ပြည်နယ် ငြိမ်းချမ်းရေး အမြန်ဆုံးရရှိရန် မူဝါဒရေးရာ အကောင်အထည်ဖော်ဆောင်ရွက်ရေး အစိုးရအား တိုက်တွန်းကြောင်း အဆိုကိုလည်း ယခုကျင်းပမည့် လွှတ်တော်အစည်းအဝေး၌ တင်သွင်းရန်ရှိကြောင်း သိရသည်။
Eleven Media Group