Headlines News :
Home » » ပြည်ခိုင်ဖြိုးရုံးချုပ် အရောင်းအ၀ယ်ဖြစ်ပြီးဟု သတင်းထွက်

ပြည်ခိုင်ဖြိုးရုံးချုပ် အရောင်းအ၀ယ်ဖြစ်ပြီးဟု သတင်းထွက်

Written By လွင့်မောင်မောင် on Saturday, February 15, 2014 | 9:29 AM

 
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး တက္ကသိုလ်ရိပ်သာ လမ်းသစ်ရှိ အမှတ် ၁၅၅/၁၅၇ (ယခင်) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဌာနချုပ်ရုံးကို ပြည်တွင်း ကျောက်မျက်ရတနာ သူဌေးတစ်ဦးက အခြားမြေကွက် အပါအ၀င် တန်ဖိုးငွေကျပ် သိန်းပေါင်း ၈သိန်းဖြင့် လေလံ အောင်မြင်ခဲ့ကြောင်း၊ ယင်းဌာနချုပ်ဟောင်း ရောင်းချရငွေကို ပြည်ခိုင်ဖြိုးပါတီ မဲဆွယ် စည်းရုံးရေးတွင် ထည့်သွင်း အသုံးပြုသွားမည် ဖြစ်သည်ဟု ပြည်ခိုင်ဖြိုး ပါတီတွင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။

အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင် ထုခွဲရောင်းချရေး အဖွဲ့မှ ယင်းပြည်ခိုင်ဖြိုးပါတီ ဌာနချုပ် ရုံးဟောင်း အပါအ၀င် အခြားမြေကွက် တချို့ကို လေလံတင် ရောင်းချ ခဲ့ရာ ပြည်တွင်း ကျောက်မျက် ရတနာ သူဌေးတစ်ဦးက တန်ဖိုးငွေကျပ် သိန်းပေါင်း ၈ သိန်းဖြင့် အပြတ်အသတ် လေလံ အောင်မြင်ခဲ့ သည်ဟု ပြည်ခိုင်ဖြိုး ဗဟိုကော်မတီဝင်များနှင့် နီးစပ်သူတချို့က ပြောသည်။ အဆိုပါ ပါတီဌာနချုပ် ရောင်းချရခြင်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်း ပါတီဌာနချုပ် ရုံးဟောင်းသို့ မြန်မာသံတော်ဆင့်မှ သွားရောက် မေးမြန်းခဲ့ရာ ““ကျွန်တော် ဒီကိစ္စကို မသိဘူးခင်ဗျ။ မရောင်းပါဘူး။ အခုဒီရုံးက လူတွေကို နေပြည်တော် ဌာနချုပ်ကို ခေတ္တပြောင်းထားတယ်။ နောက်မှ ရန်ကုန်ကို ပြောင်းဖို့ စီစဉ်မှာပေါ့။ ဒါလည်း မသေချာပါဘူး””ဟု ပါတီဌာနချုပ် ဟောင်းရှိ အဆောင်မှူး ဦးအောင်ဆွေက ပြန်လည် ဖြေကြားခဲ့သည်။

ပါတီ ဌာနချုပ်ဟောင်းကို ရောင်းချပြီးနောက် ပါတီရုံးဝန်ထမ်းများမှ အချို့ကို နေပြည်တော် ဌာနချုပ်သို့ ပို့ခဲ့ပြီး အချို့ကို သံလွင်လမ်းရှိ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ရုံးတွင် ယာယီ ပြောင်းရွှေ့ထားသည်ဟု သတင်းထွက်ပေါ် လျက်ရှိသော်လည်း ပါတီမှတာဝန်ရှိသူ အကြီးအကဲများက နေပြည်တော် ဌာနချုပ်သို့သာ ခေတ္တပြောင်းရွှေ့ ထားသည်ဟု ပြောသည်။

ယင်းကဲ့သို့ ရုံးချုပ်ဟောင်း ရောင်းချမှုကို နေပြည်တော်ရှိ ဗဟို ကော်မတီဝင် အချို့ကို မေးမြန်းခဲ့ရာ ၎င်းတို့ အနေဖြင့် မသိရှိသည့်အတွက် မေးမြန်းရန် ဖုန်းအဆင့်ဆင့်သာ လွှဲခဲ့ရာ တိကျသည့် အဖြေမရရှိခဲ့ပေ။ ယခင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် ရုံးဟောင်း၏ ကာလပေါက်ဈေး တန်ဖိုးကို အိမ်တော်ရာ အိမ်ခြံမြေ အကျိုးဆောင် ကိုယ်စားလှယ်ကို မြန်မာသံတော်ဆင့်မှ ဆက်သွယ် မေးမြန်းခဲ့ရာ ““အဲဒီရုံးကလေလံ အောင်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ငွေတောင် အပြီးချေပြီး သွားပြီ။ နိုင်ငံပိုင် ထုခွဲရောင်းချရေးက လေလံဆွဲတော့ ကျွန်တော့် သူငယ်ချင်းလိုခင်တဲ့ အကျိုးတူ လုပ်နေတဲ့ ကျောက်မျက်ရတနာ သူဌေးက ရသွားတာ။ အဲဒီရုံးအပါအ၀င် အခြားမြေတွေပါအပါ ၅ ဧက ကျော်လောက် ရှိမယ်။ ပါတီဌာနချုပ် ရုံးဟောင်း တစ်ခုပဲဆိုရင် ကာလပေါက်ဈေး ကျပ်သိန်းပေါင်း ၂ သိန်းနဲ့ ၂ သိန်းခွဲကြား ရှိတယ်။ အခြားမြေပါ ပါတယ် ဆိုပေမယ့် ကျပ်သိန်းပေါင်း ၈သိန်း ဆိုတာ များတာပေါ့။ ကျောက်မျက်သူဌေး နာမည်တော့ မပြောပါ ရစေနဲ့။ ကျွန်တော်ကသူနဲ့ပဲ အကျိုးဆောင် လုပ်နေတာလေ””ဟု ဖြေကြားခဲ့သည်။

အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်တင့်သို့ ထိုသို့ လေလံတင် ရောင်းချခြင်းနှင့် စပ်လျဉ်း၍ ဆက်သွယ် မေးမြန်းခဲ့ရာ ““ကျွန်တော်တို့ ၀န်ကြီးဌာန လက်အောက်မှာ မရှိတော့ဘူးဗျ။ စာရင်းတွေ အပ်ပြီးသွားပြီ။ ဒါကတော့ ပုဂ္ဂလိကပိုင် ထုခွဲ ရောင်းချရေး ကော်မရှင် ထဲကို နိုင်ငံပိုင် ထုခွဲရောင်းချရေး ပေါင်းလိုက်တာ ထင်တယ်။ အခု ပုဂ္ဂလိကပိုင် ဥက္ကဋ္ဌက ဒုတိယသမ္မတ(၁)လေ။ အဲဒီကိုစာရင်းတွေ လွှဲထားတယ်””ဟုပြောသည်။

ပြည်ခိုင်ဖြိုး ပါတီဌာနချုပ်ရုံးဟောင်း ရောင်းချခြင်း အပေါ်““ကျွန်တော်တို့၂၀၁၁ မတ်လ မတိုင်ခင် ပုဂ္ဂလိကပိုင် တစ်ခါ၊ နိုင်ငံပိုင်တစ်ခါ လေလံဆွဲတယ်။ အဲဒါ နောက်ဆုံးပဲ။ သတင်းစာထဲထည့် ကြေညာခဲ့ပါတယ်။ နောက်ပိုင်း ကျွန်တော်တို့ မလုပ်ခဲ့ဘူး””ဟုဦး မောင်မောင်တင့်က ထပ်မံပြောသည်။

အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင် ထုခွဲရောင်းချရေး ကော်မရှင်ကို သမ္မတရုံး၏ ညွှန်ကြားချက်အရ အဖွဲ့ကို ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖျက်သိမ်းပြီး ဖြစ်သည်။

ကြံ့ခိုင်ရေး ရုံးချုပ်ဟောင်းသည် ယခင် တပ်မတော် အစိုးရလက်ထက်က နိုင်ငံတော် အကြီးအကဲ တစ်ဦး ဖြစ်သည့် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် အစိုးရအဖွဲ့ဝင်များ လာရောက် ဖွင့်လှစ်ခဲ့ပြီး ယခုအခါ သိန်းပေါင်း ၃ သောင်းဖြင့် အရောင်းအ၀ယ် ဖြစ်သွားကြောင်းလည်း ကြံ့ခိုင်ရေး ဌာနချုပ်မှ ၀န်ထမ်းများအတွင်း သတင်း ဖြစ်ပေါ်လျက် ရှိသည်။

ကြံ့ခိုင်ရေး ရုံးချုပ်ရောင်းချမည် ဆိုသည့်သတင်းနှင့် ပတ်သက်၍ ပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက““ ဘယ်သူလုပ်သလဲဆို တာတော့ကျွန်တော် မသိဘူးဗျ အဲဒီ ကိစ္စကို။ ဒီနေ့အထိတော့ အစည်း အဝေးကို တင်တာပြုတာလည်း မကြားသေးဘူးဗျ။ အခြားသဘောတူ ဆုံးဖြတ်ချက်လည်း ကျွန်တော်တော့ မတွေ့ဖူး သေးဘူးလေ။ ဒီဟာနဲ့ ပတ်သက်လို့တော့ ကျွန်တော့် သဘောထားက သိပ်ပြီးတော့တော့ ပြောစရာမရှိဘူး။ ခုနပြောသလို ဘီလီယံ၃၀/၄၀ ဆိုရင်တော့ အလွန် နည်းပါတယ်။ အဆောက်အအုံရဲ့ တန်ဖိုးရယ်၊ မြေတန်ဖိုးက အဲဒီ နားက ရန်ကုန် မြို့ရဲ့ အချက်အချာ နေရာပဲလေ။ အဲဒါဆိုရင်တော့ အလွန်နည်းတယ်လို့ ပြောနိုင်ပါတယ်။ ဘယ်လောက်နဲ့ရောင်းလဲ ဆိုတာတော့ ကျွန်တော် အတိအကျ မသိဘူးလေ။ ဆုံးဖြတ်တာလည်း မသိဘူး။ မဆုံးဖြတ် သေးတာလည်း မသိဘူး။ ဘယ်သူက ၀ယ်မှာလဲ ဆိုတာလည်း မသိဘူး။ကျွန်တော့် စိတ်ထဲ ထင်တာကတော့ ဟိုတုန်းက နည်းနည်းပါးပါး ကြားဖူးတာကတော့ ဘီလီယံ ၅၀ကျော် လောက် ရရင် ရောင်းမယ် လို့တော့ ကြားတယ်။ ရောင်းမယ်ဆိုရင်တော့ မဆိုးဘူးလို့တော့ ပြောတာကြားတာပဲ။ အဲဒါမှလည်း ပါတီရန်ပုံငွေလေး ဘာလေး တောင့်တောင့် တင်းတင်းရမှာပေါ့ဗျ။ ပါတီရန်ပုံငွေက လိုသေးတာ ကိုး”” ဟု၂၀၁၃ ဒီဇင်ဘာလအတွင်း မြန်မာသံတော်ဆင့်သို့ ပြောခဲ့သည်။

အဆိုပါ ရုံးချုပ်ရောင်းခဲ့ရလျှင် ပါတီ ၂၀၁၅ ရွေးကောက်ပွဲအောင် နိုင်ရေး အတွက် အသုံးပြုရန် အစီအစဉ် များကိုလည်း““ရွေးကောက်ပွဲ စရိတ်တွေ၊ ဘာစရိတ်တွေ၊ ညာစရိတ်တွေ၊ စည်းရုံးရေး စရိတ်တွေ၊ ထုတ်ပြန်ရမယ့် စရိတ်တွေ၊ သွားရေးလာရေးတွေ စသည်ဖြင့် အများကြီးပါပဲ။ ရွေးကောက်ပွဲ တစ်ခုဝင်ဖို့ ဆိုတာ အများကြီးပါပဲ””ဟု ဦးအောင်သောင်းက ပြောသည်။

မီဒီယာ လွတ်လပ်ခွင့် ရရှိနေသော အာဏာရ ကြံ့ခိုင်ရေးပါတီ၏ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် နေ့စဉ်ထုတ် သတင်းစာကို ငွေကြေး အကုန်အကျများစွာခံ၍ ထုတ်ဝေနိုင်သည်မှာ နိုင်ငံရေးပါတီများအတွင်း ကြံ့ခိုင်ရေးပါတီ တစ်ခုသာ ပြည်ထောင်စု နေ့စဉ် သတင်းစာ ထုတ်ဝေလျက်ရှိပြီး NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထုတ်ဝေခွင့် ရရှိထားသည့် ဒီလှိုင်း သတင်းစာမှာ ယနေ့ထိ ထုတ်ဝေနိုင်ခြင်း မရှိသေးပေ။ ၂၀၁၅ ရွေးကောက်ပွဲ အတွက် လတ်တလော ငွေကုန်ကြေးကျ ခံ၍ ခန့်ခန့်ညားညား မဲဆွယ် နိုင်မည်မှာ အာဏာရကြံ့ခိုင်ရေးပါတီ တစ်ခုပင် ရှိနေပြီး ပါတီ၏ ရန်ပုံငွေ အခြေအနေကိုလည်း ပါတီ ၀င်များ သိလိုနေကြောင်း အများပြည်သူ ပါတီဝင်အချို့ကြား ဝေဖန် ပြောဆို လျက်ရှိသည်။

နွေးနွေး
Myanmartandawsint Newspaper
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template