Headlines News :
Home » , » “၀” တပ်သား ၃၀ ဦးအား ရဟတ်ယာဉ်မောင်းသင်တန်းတက်ရန် တရုတ်နိုင်ငံသို့ စေလွှတ်မည်ဆိုသောသတင်း မမှန်ကြောင်း UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ငြင်းဆို -

“၀” တပ်သား ၃၀ ဦးအား ရဟတ်ယာဉ်မောင်းသင်တန်းတက်ရန် တရုတ်နိုင်ငံသို့ စေလွှတ်မည်ဆိုသောသတင်း မမှန်ကြောင်း UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ငြင်းဆို -

Written By လွင့်မောင်မောင် on Thursday, February 13, 2014 | 8:53 AM

၂၀၁၂ ခုနှစ် ဧပြီ ၁၇ ရက်က ပြုလုပ်သည့် “၀” သွေးစည်းညီညွတ်ရေးပါတီ တည်ထောင်မှု ၂၃ နှစ်ပြည့် အခမ်းအနား၌ စစ်ရေးပြနေသော “၀” တပ်ဖွဲ့ဝင်များ

“ဝ” တပ်သား ၃ဝ ဦးအား တရုတ်နိုင်ငံသို့ စေလွှတ်၍ ရဟတ်ယာဉ်မောင်းသင်တန်းတက်ရန် စေလွှတ်မည့်သတင်းမမှန်ကြောင်း “ဝ” သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ပြောရေးဆိုခွင့်ရှိသူ ဦး အောင်မြင့်က ဖေဖော်ဝါရီ ၁၂ ရက်တွင် ငြင်းဆိုခဲ့သည်။

“ဝ” တပ်သားများအား ရဟတ်ယာဉ်မောင်းသင်ရန် တရုတ်သို့ စေလွှတ်မည့်သတင်းကို ဖေဖော်ဝါရီ ၁၁ ရက်က ဧရာဝတီသတင်းဝက်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။ ထိုသတင်း၌ UWSP/ UWSA ဌာနချုပ် ပန်ဆန်းသို့ ရောက်ရှိခဲ့ကြသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးနှင့် ပန်ဆန်းမြို့သို့ သွားရောက်လည်ပတ်ခဲ့သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အရာရှိတစ်ဦးတို့၏ ပြောဆိုချက်များကို ကိုးကားပြီး ဖော်ပြခဲ့ခြင်းဖြစ်သည်။ “ဝ” တပ်သားများအား တရုတ်သို့စေလွှတ်မည့်ကိစ္စအား UWSA ခေါင်းဆောင်ပိုင်းများထံမှ သိရှိခဲ့ရသည်ဟု  ဧရာဝတီသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ထိုကိစ္စရပ်နှင့် ပတ်သက်၍  UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်ကို ဖေဖော်ဝါရီ ၁၂ ရက်တွင် The Daily Eleven က ဆက်သွယ်မေးမြန်းရာ ထွက်ပေါ်နေသောသတင်းများ မှန်ကန်မှုမရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

“ရဟတ်ယာဉ်မောင်းဖို့ ပိုင်းလော့တွေ ပညာသင်ဖို့သွားမယ်ဆိုတာ၊ ကျွန်တော်တို့ ဒီကတက္ကသိုလ်အောင်တဲ့သူတောင် မရှိဘူး။ ဘယ်လိုသွားသင်မလဲ။ ဘယ်လိုသွားမောင်းမလဲ” ဟု ဦးအောင်မြင့်က ဆိုသည်။

ထို့ပြင် ယင်းကိစ္စကို စတင်ပြောကြားခဲ့သူများကိုလည်း ပြန်မေးသင့်ကြောင်း ၎င်းက ပြောကြားသည်။

“ပြောတဲ့သူတွေကို ပြန်မေးကြည့်ပါလား။ ကျွန်တော်ကတော့ သေချာမသိဘူး။  ကျွန်တော်တို့ ဒီမှာကတော့ ဖော်ကာ ငယ်ငယ်လေး တစ်စင်းရှိတယ်။ ရဟတ်ယာဉ် တစ်စင်းရှိတယ်။ နောက်မော်တော်ဘုတ် တစ်စင်း ရှိတယ်။ ဒါကဥယျာဉ်မှာ ပြဖို့ထားဖို့။  ကျွန်တော်တို့ ဒေသခံပြည်သူတွေက သိတဲ့အတိုင်းပဲလေ။ နယ်စပ်ဒေသဆိုတော့ အပေါ်မှာပျံနေတာ၊ ပြေးနေတာပဲ တွေ့နေသိနေတယ်။ ရုပ်ရှင်မှာပဲ တွေ့တာရှိတယ်။ လက်တွေ့ ဘယ်သူမှ မတွေ့ဖူးဘူး။ ဒါကြောင့်မို့ ဒီဟာကို ဥယျာဉ်ထဲမှာထားဖို့၊ လုပ်ဖို့ထားတာ” ဟု ဦးအောင်မြင့်က ပြောကြားသည်။

၂ဝ၁၃ ခုနှစ် ဧပြီ ၂၉ ရက်က “ဝ” သွေးစည်းညီညွတ်ရေးတပ်မတော်သည် တရုတ် ထံမှ TY 90  ဝေဟင်ပစ်ဒုံးကျည် တပ်ဆင်ထားသော Mi 70 အမျိုးအစား စစ်ရဟတ်ယာဉ်ငါးစင်း ရရှိခဲ့သည်ဟု Janes Inte- lligence  ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ 
ထိုသို့ ပေးပို့လိုက်သည့် ရဟတ်ယာဉ်သည် ငါးစင်းဖြစ်သော်လည်း အစိုးရသတင်းရင်းမြစ်တစ်ခု၏ အဆိုအရ နှစ်စင်းသာဖြစ်ကြောင်းနှင့် ထိုရဟတ်ယာဉ်များကို တရုတ်နိုင်ငံမှ တိုက်ရိုက်တင်ပို့ခြင်းမဟုတ်ဘဲ လာအိုမှတစ်ဆင့် မဲခေါင်မြစ်ကို ဖြတ်သန်းကာ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု Janes Inte- lligence က ဖော်ပြသည်။

သို့သော် ထိုသတင်းကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် UWSP/UWSA  တို့က ငြင်းဆိုခဲ့သည်။

သို့သော် မြန်မာ့အရေးကျွမ်းကျင်သူ တစ်ဦးဖြစ်ပြီး UWSA  သတင်းများကို အတွင်းကျကျသိရှိထားသူ ဆွီဒင်ဂျာနယ်လစ် ဘာတေးလစ်တနာက ၎င်း၏အတွေ့အကြုံနှင့် သိရှိထားသောအချက်အလက်များအရ သတင်းမှန်ကန်သည်ဟု The Daily Eleven  သို့ ပြောကြားသည်။

ထိုအချိန်နောက်ပိုင်းတွင် UWSA  ဘက်က ရဟတ်ယာဉ်ဝယ်ယူသည့် သတင်းမှန်ကြောင်း၊ ထိုရဟတ်ယာဉ်များမှာ အင်ဂျင်မပါသော ရဟတ်ယာဉ်များသာဖြစ်ပြီး ထိုရဟတ်ယာဉ်နှင့်အတူ ဝယ်ယူထားသော အင်ဂျင်မပါသော သင်္ဘောတစ်စင်းကို အများပြည်သူ ကြည့်ရှုနိုင်ရန် ပန်းခြံ၌ပြထားရန် ရည်ရွယ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

၂ဝ၁၃ ခုနှစ် မေလအတွင်းမှာပင် UW SP/UWSA  ၏ နိုင်ငံခြားဆက်ဆံရေးဌာန  ဒုတိယတာဝန်ခံ ဦးဆမ်ခွန်းက UWSA  ၏ စစ်အင်အားအခြေအနေနှင့် ၎င်းတို့ကိုထိပါးလာမည်ဆိုက လက်တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့သဖြင့် ဦးဆမ်ခွန်းကို UWSP  ပေါ်လစ်ဗျူရိုအကြီးအကဲများက ခေါ်ယူသတိပေးခဲ့ပြီး ရာထူးတစ်ဆင့်နိမ့် အရေးယူခြင်းများ ရှိခဲ့ကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ် ဇန်နဝါရီလအတွင်းက UWSP ၏ ပေါ်လစ်ဗျူရိုအစည်းအဝေးပြုလုပ်ခဲ့ပြီး ပါတီဗဟိုကော်မတီအတွင်း အပြောင်းအလဲ ပြုလုပ်ခဲ့ကြောင်း ဦးအောင်မြင့်က အတည်ပြုခဲ့သည်။

“ကျွန်တော်တို့ ဗဟိုကော်မတီတစ်ခုလုံးကို အကုန်ပြန်ပြီးတော့ ပြန်ပြင်ဖွဲ့ပါတယ်။ လူသစ်တွေ အပါအဝင်၊ လူငယ်တွေလည်း အပါအဝင်၊ သူတို့လည်းဦးစီးလုပ်ငန်းမှာ အတွေ့အကြုံရအောင်ပေါ့။ ဒီလူတွေကိုလည်း တော်တော်များများ တင်မြှောက်ထားပါတယ်” ဟု ဦးအောင်မြင့်က ပြောကြားသည်။

The Daily Eleven က စုံစမ်းသိရှိခဲ့ရသော အချက်အလက်များအရ UWSP ၏ ပေါ်လစ်ဗျူရို အစည်းအဝေးတွင် ဗဟိုကော်မတီဝင် ကျောက်ဝင်ကွမ်း၊ အတိုင်ပင်ခံ ကော်မတီဥက္က| ဗိုလ်လိုက်ခမ်းနှင့် ဒေသအုပ်ချုပ်ရေး ဒုတိယအကြီးအကဲ  ဦးဘောင်တင်းတို့ကို ရာထူးမှ အနားပေးလိုက်ကြောင်း သိရသည်။

ဗိုလ်လိုက်ခမ်းနှင့် ဦးဘောင်တင်းတို့မှာ ပြည်တွင်းမှတစ်ဆင့်  UWSP  သို့ ရောက်ရှိပြီး ကာလရှည်ကြာ တာဝန်ထမ်းဆောင်နေသူများ ဖြစ်သည်။

ထို့နောက် ပေါ်လစ်ဗျူရို ဗဟိုကော်မတီတွင် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရာ၌ အဓိကပါဝင်ဆောင်ရွက်နေသူ  ကျောက်ကော့အန်းနှင့် ပေါက်ယိုလျံတို့ နှစ်ဦးကို အစားထိုးခန့်အပ်လိုက်သည်။ ထိုသို့အစားထိုးခန့်အပ်လိုက်သူ နှစ်ဦးမှာ တရုတ်နိုင်ငံ၌ မွေးဖွားခဲ့သူများဖြစ်သည်။

ထို့ပြင် ဗဟိုကော်မတီတွင် လူငယ်တပ်မဟာမှူး ငါးဦးခန့်ကိုလည်း တာဝန်ပေးလိုက်ကာ ထိုသူများထဲတွင် “ဝ” တောင်ပိုင်းဒေသတွင် တာဝန်ထမ်းဆောင်နေသူများ ပါဝင်သည့် အပြင် UWSA  ၏ ဒုတိယစစ်ဦးစီးချုပ် စိုင်းဆမ်လည်း ဗဟိုကော်မတီ တွင် ပါဝင်ခဲ့ကြောင်း သိရသည်။ 

ဗဟိုကော်မတီ အစည်းအဝေး၌ ဗဟိုကော်မတီဝင်များကို ပြန်ပြင်ဖွဲ့ခြင်းအပါအဝင် ဆုံးဖြတ်ချက်လေးရပ်ကို ချမှတ်ခဲ့ကြောင်း ဦးအောင်မြင့်က ဆိုသည်။

“နိုင်ငံတော်အခြေအနေတစ်ခုလုံးနဲ့ ပတ်သက်လို့ အခြေအနေ၊ သုံးသပ်ချက်ကို ဗဟိုမှာတင်ပြချက်၊ ဆုံးဖြတ်ချက်ယူတာ ရှိတယ်။ ဒုတိယတစ်ခုပေါ့။ တတိယကတော့ ကျွန်တော်တို့ဒေသမှာ ထုတ်လုပ်နေတဲ့ သတ္တုတွေနဲ့ ပတ်သက်လို့ပေါ့။ ပြန်ပြီးတော့ ကုမ္ပဏီတွေကပဲ ဖြစ်စေ။ လုပ်တဲ့အခါမှာ  စည်းမရှိကမ်းမရှိဘဲ လုပ်တဲ့ဟာ။ ဒါကြောင့်မို့ အကုန်ဖျက်သိမ်းပြီးတော့ အကုန်ပြန်ပြီးတော့ အဖွဲ့အစည်းကနေပြီးတော့ ပြန်ပြီးလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်တစ်ခုကတော့ ဥက္ကဌကြီးရဲ့ မိန့်ခွန်းပေါ့။ ဒါကတော့ ပုံမှန်ပေါ့။ အဓိကဆုံး ဖြတ်ချက် လေးခုရှိပါတယ်” ဟု ဦးအောင်မြင့်က ပြောကြားသည်။

UWSP/UWSA  သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် စစ်အင်အားအကြီးမားဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး စစ်သည်အင်အား ၃ဝဝဝဝ နီးပါးရှိနေကာ ၂ဝ၁၁ ခုနှစ်အတွင်းက အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးထားသည်။

“ဝ” တပ်သား ၃ဝ အား  ရဟတ်ယာဉ်မောင်းသင်ရန် တရုတ်သို့စေလွှတ်မည့် သတင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တာဝန်ခံဖြေကြားမည့်သူ မရှိခဲ့ပေ။  ပုံမှန်အားဖြင့်မူ UWSA အတွက် လိုအပ်သော စစ်သင်တန်းများကို တရုတ်ထောက်လှမ်းရေးများက သင်ကြားပို့ချပေးသည်ဆိုသော သတင်းများမှာ ကာလအတန်ကြာကပင် ထွက်ပေါ်ခဲ့ပြီး ဖြစ်သည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template