Headlines News :
Home » » ထိုင်းနိုင်ငံရေး အကျပ်အတည်း မြန်မာ့ဆန် ပြည်ပတင်ပို့မှု အတွက် အခွင့်အရေးကောင်း ပေါ်ပေါက်

ထိုင်းနိုင်ငံရေး အကျပ်အတည်း မြန်မာ့ဆန် ပြည်ပတင်ပို့မှု အတွက် အခွင့်အရေးကောင်း ပေါ်ပေါက်

Written By လွင့်မောင်မောင် on Sunday, February 9, 2014 | 7:41 AM

 
ထိုင်း နိုင်ငံတွင် ဖြစ်ပွား လျက်ရှိသော နိုင်ငံရေး ဖြစ်စဉ်များ ကြောင့် မြန်မာနိုင်ငံ၏ အဓိက ဆန်ဝယ်လက် တရုတ်နိုင်ငံက ထိုင်းဆန် ဝယ်ယူရေး အစီအစဉ်ကို ပယ်ဖျက်လိုက်ခြင်းသည် ဆန်တင်ပို့မှု ကျဆင်းနေသော မြန်မာနိုင်ငံ အတွက် အခွင့်အရေး တစ်ရပ် ဖြစ်ပေါ်လာကြောင်း မြန်မာဆန်စပါး အသင်းချုပ်နှင့် ပြည်ပပို့ ဆန်လုပ်ငန်း ရှင်များက သုံးသပ်လျက်ရှိသည်။

ကမ္ဘာ့ဆန် ဈေးကွက်သို့ မြန်မာ့ဆန် တင်ပို့မှုကို အစဉ်အလေးထား စောင့်ကြည့်လျက်ရှိသော ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက စတင်ခဲ့သည့် နိုင်ငံရေး ဆန္ဒပြမှုများကြောင့် ထိုင်း ဆန် ၁ ဒသမ ၂ သန်း ဝယ်ယူရေး အစီအစဉ်ကို တရုတ်နိုင်ငံက ပယ်ဖျက်လိုက်ကြောင်း နိုင်ငံတကာ မီဒီယာများတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် အစိုးရ၏ ပြည်တွင်း ဆန်ဝယ်ယူရေး အစီအစဉ်တွင် လာဘ်စားမှုနှင့် မသမာမှုများ ဖြစ်ပေါ်နေခြင်းကြောင့် တရုတ်နိုင်ငံက ထိုင်းဆန်များကို ဝယ်ယူရန် ငြင်းပယ်ခြင်း ဖြစ်ကြောင်း Reuters က ဖော်ပြထားသည်။ ယင်းသည် မြန်မာအတွက် အခွင့်ကောင်း ဖြစ်နိုင်သော်လည်း စောင့်ကြည့်ဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ဆိုသည်။
“ဒီအချက်က မြန်မာ့ဆန်ကို တရုတ်က ပိုဝယ်ယူလာနိုင်တယ်။ မြန်မာဆန် တင်ပို့မှုအတွက် အခြေအနေ ကောင်းလာနိုင်ပါတယ်။ လောလောဆယ်မှာတော့ ကျွန်တော်တို့ စောင့်ကြည့်နေတုန်းပါပဲ” ဟု ၎င်းက ဆိုသည်။

မြန်မာ့ဆန် တင်ပို့မှု၏ ၅၀ ရာခိုင်နှုန်းခန့်ကို နှစ်စဉ် ဝယ်ယူလျက်ရှိသော တရုတ်နိုင်ငံက ယင်းသို့ ထိုင်းဆန်ဝယ်ယူမှုကို ပယ်ဖျက်လိုက်ခြင်းသည် ပြည်ပဆန် တင်ပို့မှု ကျဆင်းနေသည့် မြန်မာနိုင်ငံအတွက် အခွင့်အလမ်းကောင်းများ ဖြစ်လာနိုင်ခြေ ရှိသည်ဟု ပြည်တွင်း ဆန်ကုန်သည် အသိုင်းအဝန်းက သုံးသပ် မျှော်လင့်လျက်ရှိသည်။

ထိုင်းအစိုးရ၏ ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်ကတည်းက စတင်ခဲ့သည့် အရှုံးခံ၍ ပြည်တွင်း ဆန်ဝယ်ယူရေး အစီအစဉ်သည် တောင်သူလယ်သမားများအကြား လူကြိုက်များသော မူဝါဒတစ်ခု ဖြစ်ခဲ့ပြီး အဆိုပါ ဆန်ဝယ်ယူရေး အစီအစဉ်ကြောင့် ထိုင်းပြည်သူများ၏ နှစ်စဉ် အခွန်ငွေ အမေရိကန်ဒေါ်လာ သန်း ၆၀၀၀ ဆုံးရှုံးလျက်ရှိသည်။
အဆိုပါ ဆုံးရှုံးမှုကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းရှိ အစိုးရကို ထောက်ခံနေလျက်ရှိသော လယ်သမားများကပင် အစိုးရအပေါ် ထောက်ခံမှု လျော့ကျလာသည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။

အမေရိကန် ပြည်ထောင်စု စိုက်ပျိုးရေး ဦးစီးဌာနက တရုတ်နိုင်ငံနှင့် အာဖရိကနိုင်ငံများ၏ ဆန်ဝယ်လိုအား မြင့်မားလာမှုကြောင့် ယခု ၂၀၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံသည် ဆန်တန်ချိန် ၈ ဒသမ ၅ သန်းခန့် ပြည်ပသို့ တင်ပို့နိုင်လိမ့်မည်ဟု ကနဦး ခန့်မှန်းထားခဲ့သည်။

လက်ရှိ ထိုင်းနိုင်ငံရေး ဖြစ်စဉ်နှင့် ဆက်စပ်၍ တရုတ်နိုင်ငံက ဝယ်ယူရန် ငြင်းပယ်လိုက်သော ထိုင်းဆန်ပမာဏ များလွန်းသောကြောင့် တချို့တစ်ဝက်ကိုမူ မြန်မာနိုင်ငံက တင်ပို့ခွင့် ရရှိနိုင်သည်ဟု ပြည်တွင်းထိပ်တန်း ဆန်လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးအောင်သန်းဦးက သုံးသပ်သည်။

မြန်မာ့ဆန်များကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရာတွင် အဓိက ရောင်းဝယ်ရာ မူဆယ် ဆန်ကုန်စည်ဒိုင်ကို တရုတ်နှစ်သစ်ကူးကာလ ဖြစ်ခြင်းကြောင့် ပြီးခဲ့သည့် ဇန်နဝါရီလ နောက်ဆုံးပတ် အတွင်းက စတင် ပိတ်ထားခဲ့ရရာ ဖေဖော်ဝါရီလ ၆ ရက်နေ့တိုင်အောင် ပြန်လည် ဖွင့်လှစ်နိုင်ခြင်း မရှိသေး၍ တရုတ် ဈေးကွက်၏ မြန်မာ့ဆန် ဝယ်ယူမှု အခြေအနေကို ခန့်မှန်းရခက်ကြောင်း အဆိုပါ ဈေးကွက်သို့ ဆန်တင်ပို့ ရောင်းချသူများက ပြောကြားသည်။

“ကျွန်တော်တို့လည်း အခြေအနေကို စောင့်ကြည့်နေတုန်းပါပဲ။ လက်ရှိမှာတော့ မူဆယ် ဆန်ကုန်စည်ဒိုင်ကလည်း ပိတ်ထားတော့ ပြန်ဖွင့်မှပဲ အခြေအနေ သိရမယ်။ အဲဒီကျမှ တရုတ်ဝယ်လက်တွေနဲ့ စကားပြော ကြည့်ရမယ်” ဟု မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ဆိုသည်။
လက်ရှိ ဘဏ္ဍာနှစ်အတွင်း တရုတ်နိုင်ငံ၏ မြန်မာ့ဆန် ဝယ်လိုအားမှာ ပုံမှန်သာ ရှိနေကြောင်း မူဆယ်ဆန် ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးသန်းဌေးဦးက ပြောကြားထားသည်။

လက်ရှိတွင် မြန်မာ့ဆန် အဓိက ဝယ်လက်သည် တရုတ်နိုင်ငံဖြစ်ပြီး အာဖရိကနိုင်ငံများမှာ ဒုတိယ လိုက်နေသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၄ သန်း ကျော် တင်ပို့နိုင်ခဲ့ပြီး အဆိုပါ ပမာဏ၏ ထက်ဝက်ကို တရုတ်နိုင်ငံသို့ နယ်စပ်မှ တစ်ဆင့် တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ယခုဘဏ္ဍာနှစ်စ ဧပြီ ၁ရက်နေ့မှ ဇန်နဝါရီလ ၂၄ ရက်နေ့အထိ နယ်စပ်မှ တစ်ဆင့် ပြည်ပသို့ ဆန်တန်ချိန် ၄၈၀,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ် အလားတူ ကာလအတွင်းက ပြည်ပသို့ ဆန်တန်ချိန် ၆၃၀,၀၀၀ ကျော် တင်ပို့နိုင်ခဲ့သည်ဟု အဆိုပါ ဝန်ကြီးဌာနထံမှ သိရသည်။

ထိုင်းနိုင်ငံရေး အကျပ်အတည်းကြောင့် မြန်မာ့ဆန် ပြည်ပတင်ပို့မှု မြင့်တက်လာနိုင်သည်ဟု သုံးသပ်မှုများ ရှိသော်လည်း ပြည်တွင်းဆန်ဈေး မြင့်တက်နေမှုကြောင့် ပြည်ပဆန် တင်ပို့မှု သိသိသာသာ မြင့်တက်လာနိုင်ခြေ မရှိကြောင်း ပြည်တွင်းဆန် လုပ်ငန်းရှင်များက ထောက်ပြသည်။
မြန်မာနိုင်ငံ ဆန်ကုန်သည်များ အသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးကမူ တရုတ်နိုင်ငံက ထိုင်းဆန်ဝယ်ယူမှုကို ပယ်ဖျက်လိုက်ခြင်းသည် နိုင်ငံတကာ ဈေးကွက်၌ ထိုင်းဆန်ဈေးများ ပိုမို ကျဆင်းလာစေနိုင်ပြီး မြန်မာ့ဆန် ပြည်ပသို့ တင်ပို့ရာ၌ပါ အခက်တွေ့စေလာနိုင်သည်ဟု သုံးသပ်သည်။

ထိုင်းနိုင်ငံ ပြည်ပဆန်တင်ပို့သူများ အသင်း ဥက္ကဋ္ဌ Chareon Laothammatas ကမူ ၂၀၁၄ ခုနှစ်အတွင်း ထိုင်းအစိုးရ၏ သိုလှောင်ဆန် ပမာဏလျော့ကျပြီး ပြည်ပဝယ်လိုအား မြင့်မားလာနိုင်သော်လည်း ဆန်ဈေးများ ကျဆင်းနိုင်သည်ဟု သုံးသပ်ထားသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မိုးစပါး ပေါ်ချိန်တွင် စပါးဈေးများ မြင့်တက်ခဲ့ခြင်းကြောင့် ပြည်တွင်းဆန် ဈေးများပါ လိုက်ပါ မြင့်တက်ခဲ့မှုကြောင့် ပြည်ပသို့ ဆန်တင်ပို့မှုကို ခေတ္တရပ်နား ထားခဲ့ရမှုများ ရှိခဲ့ကြောင်း ပြည်တွင်း ဆန်လုပ်ငန်းရှင် ဦးမျိုးသူရအေးက ဆိုသည်။
“တရုတ်က ထိုင်းဆန် မဝယ်ဘူးဆိုတာ နိုင်ငံရေးနဲ့ပဲ ဆိုင်တာပါ။ ထိုင်းဆန်ကို တရုတ်က မဝယ်တော့ ဒီကနေပြီး ပို့မလားဆိုရင် မြန်မာနိုင်ငံကနေလည်း တရုတ်ကို တရားဝင်ပို့လို့ မရသေးတော့ ပြောဖို့ခက်တယ်။ တရုတ်ရဲ့မူဝါဒကတော့ ရှင်းတယ်။ ဈေးသက်သာရင် ဝယ်တာပဲ။ ဒီမှာလည်း ပြည်တွင်းဈေးက မြင့်နေတာ ပြောရတာ ခက်တယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောကြားသည်။

မူဆယ်ဆန် ကုန်စည်ဒိုင်မှတစ်ဆင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ မြန်မာ့ဆန်ကို တင်ပို့နေသော်လည်း တရုတ်နိုင်ငံက တရားဝင် ဝယ်ယူခြင်း မရှိသေးပေ။

ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံတွင် ဖွံ့ဖြိုးမှုနည်းသည့် ပြည်နယ် ဖြစ်သောကြောင့် တရုတ်နိုင်ငံ ဗဟိုအစိုးရက ၎င်းတို့အပေါ် ဖိအားမများစေရန်အတွက် မြန်မာ့ဆန် တင်ပို့မှုကို တရားဝင် ခွင့်ပြုခြင်း မရှိသေးကြောင်း ပြည်တွင်းဆန် လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
“တရုတ်က မြန်မာ့ဆန်ကို တရားဝင် တင်သွင်းရင် အခွန်ကောက်ရမယ်။ အခွန်ကောက်ရင် အဲဒီပြည်နယ်က လူတွေ ဆန်ဈေးကြီး ပေးပြီး ဝယ်ရမယ်။ ဒါဆို အစိုးရ အပေါ်မှာ ဖိအား ပိုလာနိုင်တယ်” ဟု ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံကမူ ယခုဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် ၁ ဒသမ ၈ သန်းခန့် တင်ပို့ရန် မျှော်မှန်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး မြှင့်တင်မှု ဦးစီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံနည်းတူ ဒေသတွင်း ဗီယက်နမ်နိုင်ငံ သည်လည်း တရုတ်ဈေးကွက်ကို မျှော်လင့်နိုင်၍ ဗီယက်နမ်နိုင်ငံမှ တစ်ဆင့် တရုတ်နိုင်ငံသို့ ရေလမ်းဖြင့် တင်ပို့ပါက ရေမိုင် ၂၀၀ ကျော်ခန့်သာဝေးရာ ယင်းအချက်သည်လည်း ထည့်သွင်း စဉ်းစားရန် လိုအပ်ကြောင်း ပြည်တွင်းဆန် လုပ်ငန်းရှင် ဦးမျိုးသူရအေးက ထောက်ပြသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည် ပြည်ပပို့ ဆန်တန်ချိန် ၁၀ ဒသမ ၅ သန်းဖြင့် ပထမ၊ ဗီယက်နမ်နိုင်ငံသည် ၇ ဒသမ ၂ သန်းဖြင့် ဒုတိယနှင့် ထိုင်းနိုင်ငံ သည် ၆ ဒသမ ၆ သန်းဖြင့် တတိယအဆင့် ကမ္ဘာ့ဆန် တင်ပို့မှု အများဆုံး နိုင်ငံများ စာရင်းတွင် ရပ်တည်လျက်ရှိကြောင်း အမေရိကန်နိုင်ငံ လယ်ယာစိုက်ပျိုးရေး ဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

(သတင်းဆောင်းပါး - ရဲနိုင်ဦး)

The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template