Headlines News :
Home » » ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူများ လက်မှတ်ရေးထိုး ဆန္ဒပြုနိုင်ရန် စာအုပ်များ NLD က တစ်နိုင်ငံလုံးသို့ စတင်ဖြန့်ဝေ

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူများ လက်မှတ်ရေးထိုး ဆန္ဒပြုနိုင်ရန် စာအုပ်များ NLD က တစ်နိုင်ငံလုံးသို့ စတင်ဖြန့်ဝေ

Written By လွင့်မောင်မောင် on Tuesday, May 20, 2014 | 10:39 PM

 
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူများ လက်မှတ်ရေးထိုး ဆန္ဒပြုနိုင်သည့် ပုံစံတူစာအုပ်များကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရုံးချုပ်မှ NLD မြို့နယ်ရုံးများသို့ စတင်ဖြန့်ဝေ နေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းက မေ ၁၉ ရက်က ပြောကြားသည်။

ခက်ခဲတင်းကျပ်သည့် ဥပဒေပြန်ဋ္ဌာန်းချက်များ ပါဝင်သောဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း ၁၂မှ ပုဒ်မ ၄၃၆ အား ပြင်ဆင်ရေးအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲများကို မေ ၁၇ ရက်နှင့် ၁၈ ရက်များတွင် ရန်ကုန်နှင့် မန္တလေးမြို့များ၌ ပြုလုပ်ခဲ့ပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူများ လက်မှတ်ရေးထိုး လှုပ်ရှားမှုကို မေ ၂၇ ရက်မှ ဇူလိုင် ၁၉ ရက် အထိ တစ်နိုင်ငံလုံးတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက “လက်မှတ်ရေးထိုး လှုပ်ရှားမှုက ဆန္ဒပြုနိုင်တဲ့ ပြည်သူတွေ ဆန္ဒပြုခွင့်ရှိတဲ့ ပြည်သူတွေအားလုံး ပြုနိုင်အောင် ကျွန်တော်တို့ မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်တွေအရောက် လက်မှတ်ထိုးဖို့ စာအုပ်တွေကြိုးစားပြီး ပို့နေပါတယ်။ ဖြန့်ဝေနေပါပြီ။ နယ်တွေကို ပို့နေပါပြီ။ ကျွန်တော်တို့က မြို့နယ်အဆင့်အထိ အကုန်ပို့မယ်။ မြို့နယ်ကနေ ရပ်ကျေးကျတော့ မြို့နယ်နဲ့ တိုင်းတွေက ဆက်လုပ်ကြမယ်။ တစ်မြို့နယ်ကို နှစ်အုပ်နှုန်းနဲ့ တော်တော်များများ ပို့ပြီးနေပြီ။ တချို့လည်း လမ်းမှာပေါ့လေ ။ တစ်အုပ်မှာ စာမျက်နှာ ၄၀။ တစ်မျက်နှာမှာ ၁၅ ယောက်။ တစ်မြို့နယ် နှစ်အုပ်ဆိုတော့ မြို့နယ်တစ်ခုမှာ ကျေးရွာဘယ်နှစ်ခု ဆိုတာက လိုအပ်သလို ဆက်လုပ်မှာပေါ့။ ဒီစာအုပ်တွေ ပြန်ကူးလို့ရတယ်” ဟု ၎င်းကပြောကြားသည်။

“ဖြန့်ဝေပုံ ဖြန့်ဝေနည်းကလည်း တစ်အိမ်တက်ဆင်း လက်မှတ်ကို တောင်းတဲ့နည်းနဲ့ မလုပ်ပါဘူး။ စုရပ်တွေ၊ ဆုံရပ်တွေထားမယ်။ မြို့နယ်ရုံးတွေ ဒါမှမဟုတ် ရပ်ကျေးက စည်းရုံးရေးမှူးတွေရဲ့ အိမ်တွေမှာထားပြီး ထိုးခိုင်းမှာပါ။ အတင်းအဓမ္မ ထိုးခိုင်းတယ်ဆိုတဲ့ အပြင်ရဲ့တုံ့ပြန်မှုတွေ မလိုလားတဲ့ အတွက်ကြောင့် စုရပ်တွေ ဆုံရပ်တွေထားပြီး လုပ်ပါမယ်” ဟု ရန်ကုန်တိုင်း လူထုဟောပြောပွဲ ကျင်းပရေး ပူးပေါင်းကော်မတီအဖွဲ့ဝင် ဦးစိုးညွန့်က ပြောကြားသည်။

ပုဒ်မ ၄၃၆ကို ဘာကြောင့် ပြင်ရန်လိုအပ်သည် ဆိုသည်ကို ပြည်သူများ အလွယ်တကူ သိရှိနိုင်ရေးအတွက် မည့်သည့်အတွက်ကြောင့် ပုဒ်မ ၄၃၆ ကို ပြင်ရန်လိုအပ်သည် ဆိုသည့် စာသားများ ဖော်ပြထားသော လက်ကမ်းစာဆောင်များကို သိန်းနှင့်ချီကာ ဖြန့်ဝေထားသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ သိရသည်။

မြန်မာနိုင်ငံ၌ အသုံးပြုနေသည့် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၀၈ ခုနှစ် မေ ၂၄ ရက်တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီးဖြင့် အတည်ပြုပြဋ္ဌာန်း ခဲ့ခြင်းဖြစ်ပြီး ဆန္ဒမဲပေးနိုင်သည့် ပြည်သူ ၉၂ ရာခိုင်နှုန်း၏ ထောက်ခံမှုရရှိ ခဲ့သည်ဟု ဆိုသော်လည်း လက်ရှိအချိန်တွင် ယင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒထုတ်ဖော်မှုများကို ပြည်သူများက ဆက်တိုက်ပြုလုပ်လျက် ရှိသကဲ့သို့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲများသို့လည်း တက်ရောက်သည့် ပြည်သူ များပြားလျက်ရှိသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုးညွန့်က ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ လှုပ်ရှားမှုနှင့်ပတ်သက်ပြီး “ဒီလုပ်ငန်းကအောင်မြင်မယ် ထင်တာပဲလေ။ ကျွန်တော်တို့ကတော့ ထင်ရှားအောင် ပြမှာပဲလေ။ ယုံလည်းယုံကြည်တယ်။ ကျွန်တော်တို့ ခေါင်းဆောင်ကလည်း မရရအောင်လုပ်မယ်။ ပြည်သူ့ကိုပဲ အားကိုးတယ်ဆိုတော့ ဆက်ပြီးတော့ စဉ်းစားကြည့်ပေါ့။ ပြည်သူနဲ့ ကင်းကွာသွားတဲ့ အဖွဲ့အစည်းက တစ်နေ့ကျန်သွားမှာပဲလေ။ ပြည်သူ့ဆန္ဒအမှန်ကို ထုတ်ဖော်ပြီး ရအောင်ယူမှာပဲ။ မပေးချင်လို့ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲကတည်းက သူတို့ညစ်ခဲ့တာပဲ။ အဲဒီတုန်းကလည်း ဒီလူတွေပဲ။ လူပြောင်းသွားတာ မဟုတ်ဘူး” ဟု ပြောကြားသည်။
Written by: အောင်ဇော်ထွန်း
ဒေါင်းမာန်ဟုန်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template