Headlines News :
Home » » ထားဝယ်စီမံကိန်း နောက်ဆက်တွဲ တာဝန် မရှိဟုဆိုကာ ထိုင်းကုမ္ပဏီ ခေါင်းရှောင်

ထားဝယ်စီမံကိန်း နောက်ဆက်တွဲ တာဝန် မရှိဟုဆိုကာ ထိုင်းကုမ္ပဏီ ခေါင်းရှောင်

Written By လွင့်မောင်မောင် on Wednesday, October 22, 2014 | 10:22 PM

https://mail-attachment.googleusercontent.com/attachment/u/1/?view=att&th=1493774a4c4f9aa5&attid=0.1&disp=inline&realattid=f_i1kivr3j0&safe=1&zw&saduie=AG9B_P-cmKtDmzssMwhud-btgRy1&sadet=1413991747030&sads=QUQNoIlkE_QnGfc9cjvMgPaJduo
          ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အောက်တိုဘာ ၂၁ ရက်နေ့ ကြားနာပွဲ မြင်ကွင်း
                  ကြားနာပွဲဦးဆောင်ခဲ့သော ထိုင်းလူ့အခွင့်အရေး ကော်မရှင်၏ ကော်မရှင်နာ ဒေါက်တာ နီရင်
                                                      ဓာတ်ပုံ - DDA
Dawei Watch | ဘန်ကောက်၊ အောက်တိုဘာ ၂၂

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲခွင့်အား
လွှဲပြောင်းထားပြီးဖြစ်သည်ဟု ဆိုကာ သုံးနှစ်တာ အတွင်း ဖြစ်ပေါ်ခဲ့သည့်
လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နောက်ဆက်တွဲ ပြဿနာများနှင့်
ပတ်သက်သည့် ကြားနာစစ်ဆေးပွဲ မတက်ရောက်ဘဲ ကနဦး လုပ်ပိုင်ခွင့်ရ
အီတာလျံ-ထိုင်း (ITD) ကုမ္ပဏီ ခေါင်းရှောင်နေသဖြင့်
ပြင်းထန်စွာဝေဖန်ခံနေရသည်။

ယင်းအပြင် သုံးနှစ်တာအတွင်းဖြစ်ပွားခဲ့သည့် အီတာလျံ-ထိုင်းကုမ္ပဏီက
ပြုလုပ်ခဲ့သည့် ဆိုးကျိုးများကို တာဝန်ယူရန် မြန်မာအစိုးရတွင်သာ
တာဝန်ရှိသည်ဟု အထူးစီးပွားရေးဇုန် အကောင်ထည်ဖော်ရာတွင် စီမံခန့်ခွဲခွင့်
၅၀ ရာခိုင်နှုန်း ပါဝင်သည့် ထိုင်းအစိုးရ၏ အိမ်နီးချင်းနိုင်ငံများတွင်
စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အေဂျင်စီ (NEDA) ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ
ပီရမီ ဗက်သီတောမ်တီရပ် (Perames Vudthitornetiraks) ကလည်း ကြားနာပွဲတွင်
ထပ်ခါတလဲလဲ ဖြေကြားခဲ့သည်။

ထိုင်းကုမ္ပဏီ၏ တာဝန်မဲ့မှုကို ကာကွယ်ပေးနေပြီး မြန်မာအစိုးရတွင်သာ
တာဝန်ရှိသည့် ပုံစံ အပြစ်ပုံချနေသော ထိုသို့သော ပြောဆိုချက်များသည်
တာဝန်မဲ့လွန်းသည့် လုပ်ရပ်ဖြစ်ကြောင်း ကြားနာပွဲသို့ လာရောက်သော
ထားဝယ်ဒေသခံများက ပြောကြားသည်။

“ဒီနေ့ကြားနာတွေ့ဆုံပွဲကို ထိုင်းလူ့အခွင့်အရေး ကော်မရှင်က
တာဝန်ကျေတယ်လို့မြင်တယ်။ (ထိုင်းအစိုးရနဲ့ ကုမ္ပဏီ) နှစ်ဖက်စလုံးက
သူတို့နဲ့ မဆိုင်ဘူးပြောတယ်။ မြန်မာအစိုးရပဲ တာဝန်ရှိတယ်ပြောတယ်။
လုပ်တုန်းက မြန်မာနဲ့ ထိုင်းအစိုးရနှစ်ဖက်လုံးပါတယ်။ ဒီစကားဟာ ထိုင်းဘက်က
တာဝန်မဲ့လွန်းတယ်လို့မြင်တယ်။ ဒီလို တာဝန်မဲ့တဲ့ လုပ်ရပ်ဟာ တခြားသော
ထိုင်းရင်နှီးမြှုပ်နှံမှုတွေကိုလည်း သက်ရောက်နိုင်တယ်။ နောက်လဲ
ဒီလိုမျိုး ထပ်ဖြစ်လာနိုင်တယ်” ဟု ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့မှ
ဦးဘိုဘိုအောင်က ပြောဆိုသည်။

ပြဿနာများကို တာဝန်ယူရန် မြန်မာအစိုးရတစ်ဦးတည်းတွင်သာ တာဝန်ရှိသည်ဟု
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို အီတာလျံ-ထိုင်း ကုမ္ပဏီက
အကောင်အထည်ဖော်ရာမှ ဖြစ်ပေါ်လာသည့် ဒေသခံများ၏ လူ့အခွင့်အရေး
ချိုးဖောက်မှုများကို ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့မှ ဦးဆောင်
တိုင်ကြားခဲ့သည်။ တိုင်ကြားချက်နှင့် ပတ်သက်၍ ထိုင်းလူ့အခွင့်အရေး
ကော်မရှင်က အောက်တိုဘာလ ၂၁ ရက်နေ့ ကြားနာစစ်ဆေးပွဲတွင် ရေကုန်ရေခမ်း
ငြင်းခုန်ဆွေးနွေးရာမှ ယင်းကဲ့သို့ ဖြေကြားခဲ့ရခြင်း ဖြစ်သည်။

“ဒီလိုသာ ဆက်လုပ်မယ်ဆိုရင် ဒေသခံ တွေ ယုံကြည်မှု ကင်းမဲ့လာတယ်။
(မြန်မာနိုင်ငံအတွင်းရှိ) ထိုင်းရင်းနှီးမြှုပ်နှံမှုတွေကို တရုတ်တွေလိုပဲ
ယုံကြည်မှု မရှိဘဲ တုန့်ပြန်လိမ့်မယ်။ ကျွန်တော် မေးခွန်းထုတ်ချင်တာက
လုပ်ချင်တာ လုပ်တာက ထိုင်း၊ မြန်မာအစိုးရ က တာဝန်ယူရမယ်ဆိုတော့
တရားမျှတမှု ရှိပါ့မလား” ဟု ဦးဘိုဘိုအောင်က မေးခွန်းထုတ်လိုက်သည်။

ထိုသို့ ခေါင်းရှောင်နေသည့် ကိစ္စနှင့် ပတ်သက်၍ ထိုင်းလူ့အခွင့်အရေး
ကော်မရှင်မှ ကော်မရှင်နာ ဒေါက်တာ နီရမ် ပီတကွက်ချရာကလည်း
ဝေဖန်ပြောဆိုခဲ့ပြီး အီတာလျံ-ထိုင်းကုမ္ပဏီ ကိုလည်း စီမံကိန်းနှင့်
ပတ်သက်သည့် ပြဿနာများကို လာရောက်ရှင်းလင်းရန် ထိုင်းလူ့အခွင့်အရေး
ကော်မရှင်က ဆင့်ခေါ်သွားမည်ဟု ၎င်းကပြောဆိုသည်။

စီမံကိန်းနှင့် ပတ်သက်သည် ပြဿနာများကို ထိုင်း အာဏာသိမ်း အစိုးရ
ထိုင်းအမျိုးသားငြိမ်းချမ်းရေးနှင် ငြိမ်ဝပ်ပိပြားရေး ကောင်စီနှင့်
ထိုင်းဝန်ကြီးချုပ်ထံ နှစ်ပတ်အတွင်း တင်ပြသွားမည်ဖြစ်ကြောင်း ဒေါက်တာ
နီရမ်က ကြားနာပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ အစိုးရချင်းပူးပေါင်းဆောင်ရွက်သည့်
စီမံကိန်း အဖြစ်အသွင်ပြောင်းပြီးနောက် ယခင်လုပ်ဆောင်ခဲ့သော
လုပ်ငန်းများနှင့် ပြဿနာများကို မည်သူမျှတာဝန်ယူခြင်းမရှိဘဲ
ထိုင်းအစိုးရနှင့် ကုမ္ပဏီတို့က ခေါင်းရှောင်နေခြင်းဖြစ်သည်။

၎င်းတို့တွင် တာဝန်မရှိဟု ဆိုနေသာ ITD ကုမ္ပဏီသည် လက်ရှိ ထိုင်း၊ မြန်မာ
အစိုးရ ပူးတွဲ ကော်မတီဦးဆောင်သည့် ဆောက်လုပ်ရေး လုပ်ငန်း စတင်ရန်
တင်ဒါတင်ထားသော တစ်ခုတည်းသော ကုမ္ပဏီဖြစ်ပြီး ဂျပန်က ကနဦးအဆင့်တွင်
အကြံပေးအနေနှင့်သာ ပါဝင်မည်ဟုဆိုထားသည်။

ထိုင်း လူအခွင့်အရေး ကော်မရှင်က ဒေသခံများ၏ စိုးရိမ်ချက်များကို မည်သို့
တာဝန်ယူမည်၊ မည်သူ တာဝန်ရှိသည်နှင့် လက်ရှိဖြစ်ပွားနေသော ပြဿနာများကို
ရှေ့ဆက်စီမံကိန်း အကောင်အထည်ဖော်မည့် လုပ်ငန်းများတွင်
ထည့်သွင်းစဉ်းစားမှုရှိမရှိကို  စီမံကိန်းအား တာဝန်ယူထားသည့်
ထိုင်းအစိုးရ၏ အိမ်နီးချင်းနိုင်ငံများတွင် စီးပွားရေး ပူးပေါင်း
ဆောင်ရွက်မှု အေဂျင်စီ (NEDA)၊ ထားဝယ်အထူးစီးပွားရေးဇုန်
အကောင်အထည်ဖော်ရေး အဖွဲ့ (Special Purpose Vehicle) မှ ဥက္ကဋ္ဌ၊ ထိုင်း
ဘဏ္ဍာရေး ၀န်ကြီးဌာနအောက်ရှိ နိုင်ငံတကာ စီးပွားရေး မူဝါဒ ရေးဆွဲရေး ရုံး
(Policy office for International Economic Policy)၊ ထားဝယ်နှင့်
ထိုင်းဆက်သွယ်သည့် လမ်းဖောက်လုပ်ရာတွင် ပတ်ဝန်းကျင်စစ်တမ်းလုပ်ခဲ့သည့်
ထိုင်းချုလာလောင်ကွန် တက္ကသိုလ်မှ ပတ်ဝန်းကျင် သုတေသန အဖွဲ့အစည်း (ERIC)၊
အမျိုးသား စီပွားရေးနှင့် လူမှုဖွံ့ဖြိုးရေး အဖွဲ့ (the National
Economics and Social Development Board) တို့အား
ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ အပါအ၀င် ထားဝယ်လူမှုအဖွဲ့အစည်းများ၊
ဒေသခံများနှင့် မီဒီယာများ ရှေ့မှောက်တွင် ကြားနာစစ်ဆေးခဲ့သည်။

ကြားနာစစ်ဆေးပွဲကို ထိုင်းဝန်ကြီးချုပ် ရုံးနှင့် အီတာလျံ-ထိုင်း ကုမ္ပဏီ
(ITD) တို့ကို ဖိတ်ကြားခဲ့သော်လည်း မတက်ရောက်ခဲ့ပေ။

ထားဝယ်ဖွံ့ဖြိုးရေး အဖွဲ့အနေဖြင့် ကြားနာပွဲအပြီး
ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ် စီမံကိန်းများနှင့် ပတ်သက်၍
ဒေသခံများ၏ စိုးရိမ်ချက်များ (“Voices from the Ground: Concerns Over
Dawei Special Economic Zone and Related Projects”) အမည်ရ
အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ထိုင်းနှင့် မြန်မာအစိုးရအား
စီမံကိန်းအား ပြန်လည်စတင်ရန် မကြိုးပမ်းမီ ပြဿနာများကို အမြန်ဖြေရှင်းရန်
တောင်းဆိုလိုက်သည်။

“ထိုင်းအစိုးရအနေနဲ့ ထိုင်းကုမ္ပဏီတွေကို ထားဝယ်အထူးစီးပွားရေးဇုန်
စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံခွင့်မပြုသင့်ဘူး” ဟု ထိုင်းအခြေစိုက်
Healthy Public Policy Foundation မှ ဒါရိုက်တာဖြစ်သူ ဒေါက်တာ ဒီချာရန်
ဆပ်ခမ်နွတ် က ပြောကြားလိုက်သည်။

စီးပွားရေးဇုန် အကောင်အထည် ဖော်မှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို
လေးလေးနက်နက် ဂရုမပြုပါက ထိုင်းနိုင်ငံရှိ မတ်တာပွတ် စက်မှုဇုန်ကဲ့သို့
ဆိုးဝါးသော လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး အကျိုးဆက်များကို ဒေသခံများ
ခံစားရလိမ့်မည်ဟုလည်း ထားဝယ်စီမံကိန်းထက် ၇ ဆခန့် ငယ်သည့်
မတ်တာပွတ်စက်မှုဇုန်ကြောင့် ဖြစ်ပွားခဲ့သည့် ဆိုးကျိုးများကို
သုတေသနပြုခဲ့သူ ၎င်းက ပြောဆိုသည်။

“ထားဝယ်လူမျိုးတွေဟာ ဗမာနဲ့ ထိုင်းတွေလိုပဲ လူ့ဂုဏ်သိက္ခာ ရရှိစေရမယ်။
ဗိုလ်ချုပ်ကြီး ပရာယုက လူတွေကို ပျော်ရွှင်မှု ပြန်လည် ပေးအပ်ချင်တယ်ဆိုရင်
အခု အချိန်ကောင်းပါပဲ” ဟု ထိုင်းနိုင်ငံမှ အထင်ကရ လူမှုရေးလှုပ်ရှားသူ
ဆူလတ် ဆီဝါရတ်ဆက က မှတ်ချက်ပြုပြောဆိုသည်။

Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template