၂၀၁၃ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ သင်္ကြန်ပွဲ (Credit: ABC)
မြန်မာနိုင်ငံမှာ သင်္ကြန် ကျင်းပနေကြသလို နိုင်ငံတကာမှာလည်း သင်္ကြန်ပွဲတော်ကို ကျင်းပနေကြပါတယ်။
နိုင်ငံတကာမှာ ရောက်ရှိနေတဲ့ မြန်မာတွေ သာမက၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို အစရှိတဲ့ နိုင်ငံသား တွေကလည်း ကျင်းပနေကြတာပါ။
ပြည်ပမှာ ကျင်းပတဲ့ သင်္ကြန်တွေကတော့ တစ်နေ့တာ ကျင်းပတဲ့ သင်္ကြန်တွေဖြစ်ပါတယ်။
နွေဦးရာသီ ဖြစ်တဲ့ အမေရိကန်လို နိုင်ငံမှာ ရေတွေနဲ့ ပိုပြီး စည်စည်ကားကား ကျင်းပနိုင်ပေမယ့် သြစတြေးလျနိုင်ငံမှာတော့ ဆောင်းဦးကာလမို့ ရေကစားလေ့မရှိပါဘူး။
သြစတြေးလျ နိုင်ငံ အတာသင်္ကြန်ပွဲမှာတော့ ရေစို့ရုံလေး ကစားကြပြီး အများအားဖြင့်တော့ ရိုးရာ အကတွေ၊ ရိုးရာ မှုန့်တွေကို စားပြီး ကျင်းပကြတာ များပါတယ်။
တချို့ မြို့တွေမှာတော့ သက်ကြီးပူဇော်ပွဲနဲ့ ပူးတွဲ ကျင်းပပြီး တချို့က ကန်တွေမှာ ငါးလွတ်ပေးတဲ့ အစီအစဉ်မျိုး ထည့်သွင်းကြလေ့ရှိပါတယ်။
ကွန်ဒုံး မရောင်းရ ဆိုတဲ့ စည်းကမ်းကို ပြည်ပသတင်းတွေ စိတ်ဝင်စားကြ
တဆက်တည်းမှာပဲ သင်္ကြန်ကာလအတွင်း ကွန်ဒုံးအစွပ်တွေ၊ ကိုယ်ဝန်တားဆေးတွေ၊ လိင်စွမ်းအားမြင့်တင်ပေးတဲ့ ဆေးတွေကို မရောင်းချရဘူးလို့ မြန်မာ အစိုးရက စည်းကမ်း
ထုတ်ပြန်တဲ့အပေါ် နိုင်ငံခြား မီဒီယာမှာ ထူးခြားတဲ့ သတင်းတစ်ရပ်အဖြစ် ဖော်ပြထားပါတယ်။
မြန်မာတိုင်းမ်စ် သတင်းအရ ဆေးရောင်းတဲ့ လူတွေက ကွန်ဒုံးအစွပ်နဲ့ ကိုယ်ဝန်တားဆေးလို အရာတွေကို မရောင်းချပါဘူး ဆိုတဲ့ ကတိခံဝန်ချက်တွေကို လက်မှတ်ရေးထိုးခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် တချို့ဆိုင်တွေက အဲဒီ ပစ္စည်းတွေကို မရောင်းချတော့သလို တချို့ကတော့ ဆိုင်ကို ပိတ်ချလိုက်တယ်လို့ ဆိုပါတယ်။
သင်္ကြန်ပွဲတော်ကိုလည်း ကျင်းပတဲ့ ထိုင်းနိုင်ငံမှာ ထရပ်ကားတွေ ရေတိုင်ဂီတွေ တင်ပြီ ရေမကစားဖို့ တားမြစ်ထားသလို လာအိုနိုင်ငံမှာလည်း ည ၁၁ နာရီနောက်ပိုင်း အရက်ဆိုင်မဖွင့်ရလို့ သတ်မှတ်ထားတာတွေ ရှိပါတယ်။
ဒါပေမဲ့ မြန်မာ ဈေးဆိုင်တွေ ကွန်ဒုံးလို အရာမျိုး မရောင်းရလို့ တားမြစ်တဲ့အပေါ်မှာ အံ့အားသင့်နေကြတာပါ။
အဲဒီလို သတင်းကို ဖတ်တဲ့ နိုင်ငံခြားသားတွေကလည်း ဒီလုပ်ရပ်ဟာ စီစဉ်မှု မရှိပဲ ကိုယ်ဝန်ဆောင်ရမှုတွေ၊ လိင်ဆက်ဆံရာကနေ ဖြစ်တတ်တဲ့ ရောဂါကို ပိုမို ဖြစ်စေရုံပဲ ဖြစ်မယ်လို့ မှတ်ချက် ပေးကြပါတယ်။
ထိုင်းနိုင်ငံသားတွေကလည်း အဓိပ္ပာယ်မရှိတဲ့ ဥပဒေကို ထိုင်းအစိုးရကပဲ ချမှတ် တတ်တယ်လို့ ယူဆခဲ့ပေမယ့် မြန်မာအစိုးရ ဥပဒေက ပိုပြီးတောင် ထူးဆန်းတယ်ဆိုပြီး မှတ်ချက်ပေးနေကြပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese