ရီမန်အရေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချရာမှာ ရုရှား သံအမတ်က မဲမပေးခဲ့ (Credit: Reuters)
ရီမန်နိုင်ငံက Houthi သူပုန်တွေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်လည်အပ်နှံဖို့ ကုလသမဂ္ဂက ပြောလိုက်သလို စစ်လက်နက်တွေ အသုံးမပြုတော့ဖို့လည်း တားမြစ်လိုက်ပြီ ဖြစ်ပါတယ်။
အီရန်က ကျောထောက် နောက်ခံ ပြုထားတဲ့ Houthi သူပုန်တွေဟာ သမ္မတဟောင်း Ali Abdullah Saleh ကို ထောက်ခံသူတွေဖြစ်ပြီး လက်ရှိသမ္မတ Abedrabbo Mansour Hadi ကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
အခုလောလောဆယ် သမ္မတ Mansour Hadi က ဆော်ဒီအာရေးဗီးယား နိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
Houthi သူပုန်တွေကို ဆော်ဒီအာရေးဗီးယားက ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်က ဝေဟင်ကနေ တိုက်ခိုက်နေတဲ့အတွက် ရီမန်နိုင်ငံမှာ တနေ့တခြား အခြေအနေ ဆိုးဝါးလာပါတယ်။
ဒါကြောင့် ကုလသမဂ္ဂက Houthi သူပုန်တွေကို လက်နက်အသုံးပြုခွင့် ပိတ်ပင်လိုက်သလို သိမ်းဆည်းထားတဲ့ နယ်မြေတွေကိုလည်း ပြန်အပ်နှင်းဖို့ ပြောဆိုလိုက်တာပါ။
ရီမန်မှာ ဖြစ်နေတဲ့ တိုက်ခိုက်မှုတွေအတွင်း အရပ်သား ၇၃၆ ယောက် သေဆုံးရပြီးနောက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့လည်း ကုလသမဂ္ဂက မနေ့က ပြောလိုက်ပါတယ်။ လူပေါင်း တစ်သိန်းလောက်လည်း အိုးအိမ်မဲ့ ဖြစ်နေရပါတယ်။
ရီမန်မှာ ဖြစ်နေတဲ့ မတည်ငြိမ်မှုကို Al Qaeda အဖွဲ့ကလည်း အခွင့်ကောင်းယူပြီး ရီမန်နိုင်ငံမှာ ခြေကုတ်ရယူဖို့ ကြိုးစားနေပါတယ်။
ရီမန်နိုင်ငံက Houthi သူပုန်တွေကို လက်နက် အသုံးပြုခွင့် ပိတ်ပင်တဲ့ ကိစ္စနဲ့ နယ်မြေ ပြန်အပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ပြောဆိုရာမှာ ရုရှားက သဘောမတူပေမယ့် ဗီတိုအာဏာ သုံးပြီး ပယ်ချတာမျိုး မလုပ်ခဲ့ဘူးလို့ သိရပါတယ်။
ABC Radio Australia