Headlines News :
Home » » မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖြစ်ထွန်းရေး ပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးရန်အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန် တတိယအကြိမ်မြောက် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ဧပြီလ၂၉ ရက်နေ့တွင် ရောက်ရှိလာ

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖြစ်ထွန်းရေး ပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးရန်အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန် တတိယအကြိမ်မြောက် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ဧပြီလ၂၉ ရက်နေ့တွင် ရောက်ရှိလာ

Written By လွင့်မောင်မောင် on Monday, April 30, 2012 | 7:35 AM

Monday, 30 April 2012 01:15
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန် နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာစဉ်
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖြစ်ထွန်းရေး ပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးရန်အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်သည် တတိယအကြိမ်မြောက် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ဧပြီလ ၂၉ ရက်နေ့ တွင် ရောက်ရှိလာခဲ့သည်။
၎င်းသည် ရန်ကုန်မြို့သို့ ဦးစွာ ရောက်ရှိလာခဲ့ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ အုတ်ဂူသို့လည်း သွားရောက်ဂါရ၀ပြုခဲ့သည်။ ထို့နောက် ယင်းနေ့ ညနေပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိလာခဲ့ပြီး ပြည်တွင်းမီဒီယာငါးခုနှင့် နေပြည်တော်ရှိ မြတ်တော်ဝင်ဟိုတယ်တွင် သီးသန့်တွေ့ဆုံမှု ပြုလုပ်ခဲ့ကာ ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားနေသော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖြစ်ထွန်းရေးနှင့် အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်နေမှုသည် နောက်ကြောင်းပြန်မည်မဟုတ်သည်ကို ထုတ်ဖော် ပြောကြားထားပါကြောင်း၊ ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖြစ်ထွန်းရေးနှင့် အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်နေမှုတွင် နောက်ကြောင်းပြန်မည့် လက္ခဏာတစ်စုံတစ်ရာများ တွေ့ရှိမိပါသလားဆိုသည့် Eleven Media Group ၏ မေးခွန်းနှင့် ပတ်သက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ''နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလက အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာတွေ့တုန်းက သူပြောတာကတော့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးဆီကို သွားတဲ့လမ်းဟာ အလွန် ကျဉ်းမြောင်းပါကြောင်း၊ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ နောက်ကြောင်းပြန်ရန် အကြောင်းမရှိပါကြောင်း ပြောကြားခဲ့ပါတယ်။ ဆိုလိုတာက ဒီလုပ်ငန်းစဉ်ဟာ နောက်ကြောင်းပြန် မလှည့်ရပါဘူး။ နောက်ကြောင်းပြန်လှည့်စရာ အကြောင်းမရှိပါဘူး။ သင့်အနေနဲ့ အလွန်သတ္တိရှိပြီး အမြော်အမြင်ရှိတဲ့ လမ်းကို စတင်ခဲ့တာပါပဲ။ နိုင်ငံရေး တည်ငြိမ်မှုကို ထိန်းထားနိုင်ရပါမယ်။ လူမှုစီးပွားရေး တိုးတက်မှုကို ထိန်းထားနိုင်ရပါမယ်။ အရာရာတိုင်းကို ထိန်းထားနိုင်ရပါမယ်။ ဒါကြောင့်လည်း ကမ္ဘာ့ခေါင်းဆောင်တွေက မြန်မာနိုင်ငံကို လာရောက် လည်ပတ်နေကြပါတယ်။ အခုအချိန်မှာပဲ အီးယူ၊ ဂျာမန်နဲ့ ကုလသမဂ္ဂက ကျွန်တော်အပါအ၀င် လာရောက်လည်ပတ်နေပါတယ်။ နောက်ထပ်လည်း ဒီထက်မက လာဦးမှာပါ။ ဒါက လုံးဝ အပြုသဘောဆောင်တာပါပဲ။ ဒါကြောင့် သင့်အနေနဲ့ ဒါကို အပြည့်အ၀ အသုံးချသင့်ပါတယ်။ ကုလသမဂ္ဂက ဘာလုပ်ပေးနိုင်သလဲဆိုတော့ သင့်အနေနဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းက လုပ်ပေးတာကို မျှော်လင့်ထာထက် ကိုယ်တိုင်လုပ်ဖို့ပါပဲ။ ကျွန်တော်ပြောသလိုပါပဲ။ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးသင့်ပါတယ်။ ကောင်းမွန်သော အုပ်ချုပ်ရေးမှာ လုံးဝ ထင်သာမြင်သာရှိဖို့ လိုပါတယ်။ လူ နည်းစု တိုင်းရင်းသားတွေနဲ့ ပြန်လည် စည်းလုံးညီညွတ်ရေး ဆောင်ရွက်ဖို့ လိုပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းထားနိုင်ပါမယ်။ တကယ်လို့များ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်ကို အားမပေးဘူးဆိုရင်တော့ နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းထားနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုဆိုရင် စီးပွားရေးသမားတွေက ရင်းနှီးမြုပ်နှံမှု ပြုလုပ်မှာ မဟုတ်ပါဘူး။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်လည်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုမှာ မက်လုံးတွေ ရှိသင့်ပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်သည် ဧပြီလ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် လည်းကောင်း၊ နံနက် ၁၀ နာရီ ၁၀ မိနစ် အချိန်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် လည်းကောင်း၊ နံနက် ၁၀ နာရီ ၄၀ အချိန်တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် လည်းကောင်း အသီးသီးတွေ့ဆုံပြီးနောက် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြားရန် စီစဉ်ထားကြောင်း သိရှိရသည်။

ထို့နောက် နေပြည်တော်မှ ရှမ်းပြည်နယ် ဟဲဟိုးမြို့သို့ ဆက်လက် ထွက်ခွာမည်ဖြစ်ပြီး ဟဲဟိုးမှ ကျောက်ကချား UNODC စီမံကိန်း (ဟိုပုန်း မြို့နယ်)သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။  ထို့နောက် ကျောက်ကချားရှိ UNODC စီမံကိန်းနှင့် နိုင်ငံတော်အစိုးရတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေးစီမံကိန်းနှင့် ဒေသခံတို့အား မျိုးစပါးဖြန့်ဖြူးပေးမှု အခြေအနေများကို သွားရောက် လေ့လာမည်ဖြစ်ကြောင်း သိရှိရသည်။
ဘန်ကီမွန်သည် ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် မေလ ၁ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးရန်လည်း စီစဉ်ထားကြောင်း သိရသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှုမှာ ပထမဆုံးအကြိမ် ဖြစ်လာမည်ဖြစ်သည်။


"ယခုခရီးစဉ်မှာ ကျွန်တော့်အနေနဲ့ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ကိုယ်တိုင်ကိုယ်ကျ ပြောနိုင်ဖို့ မျှော်လင့်နေပါတယ်"ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က မြန်မာနိုင်ငံသို့ မလာရောက်မီ ကုလသမဂ္ဂ ဌာနချုပ်တွင် ဧပြီလ ၂၃ ရက်နေ့က ပြောကြားထားခဲ့သည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်၏ မြန်မာနိုင်ငံခရီးစဉ်တွင် အဖွဲ့ဝင် ၂၄ ဦး လိုက်ပါလာပြီး မေလ ၁ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။

ဘန်ကီမွန်က မြန်မာနိုင်ငံ၏ အကူးအပြောင်းသည် အရေးကြီးသည့် အချိန်ကာလသို့ ရောက်ရှိနေပါကြောင်းနှင့် ယခုအချိန်သည် နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွက် မြန်မာနိုင်ငံဘက်တွင် အတူရပ်တည်ရမည့် အချိန်ဖြစ်ပါကြောင်းလည်း မြန်မာနိုင်ငံသို့ မလာရောက်မီ ပြောကြားထားသည်။ ထို့ပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများကို ဆိုင်းငံ့မှု အပါအ၀င် အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများက အရေးယူပိတ်ဆို့မှုများကို စတင် ဖြေလျော့ပေးလာမှုများကို ကြိုဆိုပါကြောင်းလည်း ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်နေသည့် ဒီမိုကရေစီဖြစ်ထွန်းရေး လုပ်ငန်းစဉ်၏ တိုးတက်ပြောင်းလဲလာမှုကြောင့် အမေရိကန်၊ ဥရောပသမဂ္ဂ၊ အနာက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ဖြေလျော့ဆိုင်းငံ့မှုများ ယခုအခါ ပြုလုပ်လျက်ရှိနေသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က သမ္မတဦးသိန်းစိန် အကောင်အထည်ဖော်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများကြောင့် အားတက်မိပါကြောင်းနှင့် မြန်မာနိုင်ငံသည် လာမည့် ၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူးကို ရယူမည်ဖြစ်၍ ပြင်ဆင်မှုများ ဆောင်ရွက်နေရာ မြန်မာနိုင်ငံအား နိုင်ငံတကာ အသိုက်အ၀န်းက ကူညီကြရန် တိုက်တွန်း ပြောကြားထားသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က မြန်မာနိုင်ငံတွင် ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများကို ငြိမ်းငြိမ်းချမ်းချမ်းနှင့် စနစ်ကျစွာ ကျင်းပပြုလုပ်နိုင်ခဲ့သည့်အတွက် မြန်မာအစိုးရနှင့် မြန်မာပြည်သူများကို ချီးကျူးဂုဏ်ပြုပါကြောင်း ဧပြီလ ၂ ရက်နေ့က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်သည် မြန်မာနိုင်ငံသို့ ၂၀၀၈ ခုနှစ် မေလနှင့် ၂၀၀၉ ခုနှစ် ဇူလိုင်လများတွင် လာရောက်ခဲ့ဖူးသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template