Headlines News :
Home » » မြန်မာရောက် စံချိန်မမီတရုတ်ကုမ္ပဏီများ တရုတ်အစိုးရ အရေးယူမည်

မြန်မာရောက် စံချိန်မမီတရုတ်ကုမ္ပဏီများ တရုတ်အစိုးရ အရေးယူမည်

Written By လွင့်မောင်မောင် on Wednesday, May 1, 2013 | 1:25 PM

 
မြန်မာနိုင်ငံတွင်းမှာ လုပ်ကိုင်မယ့် တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ နှစ်နိုင်ငံချစ်ကြည်ရေး မထိခိုက်အောင်ဆောင်ရွက်ဖို့ သက်ဆိုင်ရာကုမ္ပဏီတွေကို သတိပေးပြောကြားမယ်လို့ တရုတ်ပြည်ကွန်မြူနစ်ပါတီ အကြီးအကဲတွေက မြန်မာနိုင်ငံရေးပါတီ ၅ ခုက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် ကတိပေးပြောကြားခဲ့ပါတယ်။
နိုင်ငံရေးပါတီ ၅ ခုဟာ တရုတ်ပြည် ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်နဲ့ ပြီးခဲ့တဲ့ဧပြီလ ၂၀ ရက်နေ့က ကူမင်း၊ ယူနန်တို့ကို နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ၁၀ ရက်တာလေ့လာရေးခရီး သွားရောက်ခဲ့တာဖြစ်ပါတယ်။
ခရီးစဉ်မှာပါဝင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဌ ဦးခင်မောင်ဆွေက ခရီးစဉ်အတွင်း ဆွေးနွေးခဲ့တာတွေကို RFA ကို အခုလို ပြောပါတယ်။
"ပြည်သူတွေကြားထဲမှာ ပွင့်လင်းမြင်သာတဲ့အခါမျိုးတွေဖြစ်အောင် လုပ်ဖို့လိုကြောင်းကိုလည်း ရှင်းရှင်းလင်းလင်းပြောပြပါတယ်၊ လုပ်ငန်းတွေမလုပ်ခင်မှာပဲလာပြီးတော့ ဒေသခံပြည်သူတွေနဲ့  ဘာတွေလုပ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်းပြောပြဖို့၊ နောက် ဘယ်လိုလုပ်မယ်ဆိုတာကိုလည်း လျှိ့ဝှက်တဲ့ပုံစံမဟုတ်ပဲနဲ့ ပွင့်ပွင့်လင်းလင်း မြင်သာထင်သာစွာနဲ့ ပြည်သူကိုချဉ်းကပ်ပြီးတော့ ကြိုတင်ပြီးတော့ ပြည်သူတွေရဲ့ လုပ်ငန်းကိုင်ငန်း လက်ငုပ်လက်ရင်းတွေကို ဘယ်လိုကြည့်ပေးမယ်ဆိုတဲ့ အစီအမံတွေပါပါဖို့ တင်ပြခဲ့ပါတယ်၊ သူတို့ကလည်း လက်ခံပါတယ်၊ သူတို့ဘက်ကလည်း သက်ဆိုင်ရာကုမ္ပဏီတွေကို စည်းကမ်းရှိရှိနဲ့ နှစ်နိုင်ငံချစ်ကြည်ရေးကို မထိခိုက်အောင်လုပ်ဖို့ ပြောပြပေးပါမယ်လို့ ကတိပေးသွားပါတယ်"
တိုင်းရင်းသားဒေသတွေမှာ တရုတ်စီမံကိန်းအများစုက အကောင်အထည်ဖော် လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် အခုလို တိုင်းရင်းသားပါတီခေါင်းဆောင်တွေနဲ့ တရုတ်နိုင်ငံရေးခေါင်းဆောင်တွေ ထိတွေ့တာဟာ ကောင်းတဲ့အလားအလာဖြစ်တယ်လို့လည်း သူကသုံးသပ်ပါတယ်။
တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကို မထိခိုက်စေဖို့ စီမံကိန်းဖော်ဆောင်ရာ ဒေသခံတွေကို မှန်ကန်တဲ့နစ်နာကြေးတွေပေးဖို့ လိုအပ်တဲ့အကြောင်း ထောက်ပြခဲ့တယ်လို့လည်းဆိုပါတယ်။
မြန်မာ့နိုင်ငံရေးပါတီတွေဖြစ်တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ခေါင်းဆောင်တွေက တရုတ်ပြည် ကွန်မြူနစ်ပါတီ အကြီးအကဲတွေနဲ့ ခရီးစဉ်အတွင်းမှာ တွေ့ဆုံခဲ့ကြတာပါ။
================================================
မြန်မာရောက် စံချိန်မမီတရုတ်ကုမ္ပဏီများ တရုတ်အစိုးရ အရေးယူမည်
..................................................................................
ရန်ကုန်၊ ဧပြီ ၂၉

တရုတ်စီမံကိန်းများအပေါ် ကန့်ကွက် ဆန္ဒပြမှုများ ဆက်တိုက်ကြုံတွေ့လာရ ပြီးနောက် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ပုံသဏ္ဌာန် ပြောင်းလာသော တရုတ်အစိုးရက မြန်မာနိုင်ငံတွင် ရှိသော တရုတ်ရင်းနှီး
မြှုပ်နှံမှုများတွင် နိုင်ငံတကာ စံချိန်စံညွှန်းနှင့် မကိုက်ညီပါက အရေးယူပေးမည် ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ပေါလစ် ဗျူရိုအဖွဲ့ ဝင်များက ပြောကြားသည်။

တရုတ်အစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ သွားရောက် လေ့လာခဲ့သည့် မြန်မာနိုင်ငံရေးပါတီ ငါးပါတီမှ ခေါင်းဆောင် များနှင့် တရုတ်ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရို အဖွဲ့ဝင်များ တွေ့ဆုံစဉ် ၄င်းတို့က အထက်ပါ အတိုင်း ကတိပြုပြောကြားခြင်း ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ တွဲဖက်ဘဏ္ဍာရေးမှူး ဦးစောသန်းမြင့်က The Voice သို့ တစ်ဆင့် ပြောကြားသည်။

မြန်မာနိုင်ငံအပြင် နိုင်ငံတကာတွင် လုပ်ကိုင်လျက်ရှိသော တရုတ်နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုများ ကိုလည်း စံချိန်စံညွန်းမဲ့ ဆောင်ရွက်ပါက အရေးယူသွားရန် ရှိကြောင်း တရုတ်အစိုးရ ထိပ်တန်းအရာရှိ များက ဆက်လက်ပြောကြားသည် ဟု ၄င်းက ဆိုသည်။

စီးပွားရေးဆိုင်ရာ စာချုပ်စာတမ်း များတွင် ထည့်သွင်း ချုပ်ဆိုထားသော သဘောတူညီချက်များကို ဖောက်ဖျက်ခြင်း နှင့် စီမံကိန်းကြောင့် ဒေသခံများကို လူမှု စီးပွားရေးဆိုင်ရာ ထိခိုက်မှုများရှိပါက
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ သံမှူးများမှ တစ်ဆင့် ကွန်မြူနစ်ပါတီသို့ တိုင်ကြားနိုင်သည်ဟု တရုတ်ကွန်မြူနစ် ပါတီ ပေါလစ်ဗျူရိုအဖွဲ့ဝင် များက အကြံပြုကြောင်း ၄င်းကပြောသည်။

"ပါတီပေါလစ်ဗျူရိုက တရုတ် စီးပွားရေးလုပ်ငန်းရှင်ကို ချက်ချင်း ခေါ်စစ်ဆေးပြီး အရေးယူပေးမယ် ပြောတယ်" ဟု ဦးစောသန်းမြင့်ကဆိုသည်။

တရုတ်စီမံကိန်းများသည် ပြည်သူများကို အကျိုးမပြုသဖြင့် ဒေသခံများ၏ ကန့်ကွက်မှုများနှင့် ကြုံနေရသည်ဟု တရုတ်ကွန်မြူနစ် ပါတီကို အကြံပြုသော်လည်း မြန်မာနိုင်ငံတွင်းရှိ တရုတ်အစိုးရ၏ စီမံကိန်း များကို စာချုပ်စာတမ်းပါ သဘောတူညီ ချက်များနှင့် အညီ လုပ်ဆောင်ခြင်းဖြစ်ပြီး ဒေသဖွံ့ ဖြိုးရေးအတွက် ငွေကြေးများ ကိုလည်း သဘောတူညီချက်ထက် ပိုမို ပေးအပ်ခဲ့သည်ဟု ကွန်မြူနစ်ပါတီက တုံ့ပြန် ဖြေကြားကြောင်း ၄င်းကပြောသည်။

"ဒါပေမဲ့ ငွေတွေကို ဘယ်ဝန်ကြီး ဌာနတွေက တစ်ဆင့် ပေးတာလည်း မေးတော့ဖြေဖို့ ခက်ပါတယ်လို့ ပြောတယ်"ဟု ဦးစောသန်းမြင့်က ဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် ရပ်ဆိုင်းထားသော မြစ်ဆုံစီမံကိန်း အကြောင်းကို တစ်စွန်းတစ်စ ပြောကြား ခြင်းမရှိသော်လည်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ကျောက်ဖြူ-ကူမင်း ဓာတ်ငွေ့ပိုက်လိုင်းကိုမူ ဆက်လက် လုပ်ဆောင်လိုသည်ဟု တရုတ်ကွန်မြူနစ် ပါတီက ပြောကြားကြောင်း ၄င်းက ပြောသည်။

ကျောက်ဖြူ - ကူမင်း ဓာတ်ငွေ့ ပိုက်လိုင်းကို အကောင်အထည် ဖော်နေသည့် တရုတ်အစိုးရပိုင် CNPC (China National Petroleum Coporation) မှ တာဝန်ရှိသူများကို စာချုပ်ပါသဘောတူညီ ချက်များ လေးစားရန် တရုတ်အစိုးရက ခေါ်ယူဆွေးနွေးထားသည်ဟု ကွန်မြူနစ် ပါတီ ပေါလစ်ဗျူရိုများက ပြောကြားကြောင်း ဦးစောသန်းမြင့်က ဆိုသည်။

တရုတ်စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် စီမံကိန်း ပတ်ဝန်းကျင်ရှိ ဒေသခံများကို အလုပ်အကိုင် ပေးအပ်ပြီး ဒေသခံများ၏ ထောက်ခံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ရရှိအောင် ကြိုးပမ်းသင့်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တရုတ်နိုင်ငံခရီးစဉ်တွင် CNPC အကြီးအကဲ မစ္စတာ Zhou Jiping နှင့် တွေ့ဆုံစဉ် အကြံပြုထားသည်။

ယင်းပိုက်လိုင်း စီမံကိန်းကို တရုတ် အစိုးရပိုင် CNPC ကုမ္ပဏီနှင့် မြန်မာ အစိုးရပိုင် Myanmar Myanmar Oil and Gas Enterprise (MOGE) တို့ ပူးပေါင်းလုပ် ဆောင်ခြင်းဖြစ်ပြီး နှစ် ၃၀ စာချုပ်ဖြင့် မြန်မာ အစိုးရက ဒေါ်လာ၂၉ဘီလီယံခန့် အကျိုးအမြတ် ခွဲဝေရရှိမည် ဖြစ်ကြောင်း အရပ်ဘက် အဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများဖြစ်သော ဧရာဝတီမြစ်ဆုံ စီမံကိန်း၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် ရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် ရှမ်းပြည်နယ်များမှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် သို့ သွယ်တန်းဖောက်လုပ် ထားသော သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းတို့ကို မြေယာသိမ်းကြေး လုံလောက်စွာ မပေးခြင်း၊ စီမံကိန်းလုပ်သား များကို တရုတ် လုပ်သားများနှင့် တန်းတူလခမပေးခြင်း နှင့် စီမံကိန်းဒေသဝန်းကျင် ယိုယွင်းပျက်စီးမှု များကြောင့် ကန့်ကွက် ဆန္ဒပြမှုများနှင့် ကြုံတွေ့ခဲ့ရသည်။

စီမံကိန်းကန့်ကွက် ဆန္ဒပြမှုများမှာ ပွင့်လင်းမြင်သာမှု မရှိသဖြင့် ဖြစ်ပွားရခြင်း ဖြစ်ပြီး တရုတ်စီးပွားရေး လုပ်ငန်းရှင်များ နှင့် မြန်မာအစိုးရအကြား သဘောတူ ချုပ်ဆိုထားသော စာချုပ်များကို ပြည်သူ လူထုသိအောင် ပွင့်လင်းစွာ ချပြသင့်ကြောင်း အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီ များက တောင်းဆိုထားသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template