Headlines News :
Home » » မြန်မာသံရုံးကို တိုက်ခိုက်ရန် ကြံစည်သူ နှစ်ဦး ဗုံးများနှင့်အတူ ဖမ်းမိဟု အင်ဒိုရဲ ဆို

မြန်မာသံရုံးကို တိုက်ခိုက်ရန် ကြံစည်သူ နှစ်ဦး ဗုံးများနှင့်အတူ ဖမ်းမိဟု အင်ဒိုရဲ ဆို

Written By လွင့်မောင်မောင် on Friday, May 3, 2013 | 7:41 PM


အင်ဒိုနီးရှားနိုင်ငံ၏ အထူးလေ့ကျင့်ထားသော အကြမ်းဖက်သမား နှိမ်နင်းရေး တပ်ဖွဲ့က အိမ်လုပ် ဗုံး ငါးလုံးကို သိမ်းဆည်းရမိခဲ့ပြီး မသင်္ကာသူ နှစ်ဦးကိုလည်း ကြာသပတေး ညက ဖမ်းဆီးခဲ့ကြောင်း ဂျာကာတာမှ ပေးပို့သည့် အေပီ သတင်းတရပ်တွင် ပါရှိသည်။

ထိုသူတို့သည် မြန်မာနိုင်ငံအတွင်း မူဆလင်များအပေါ် ဆက်ဆံပုံကို ဆန့်ကျင် ကန့်ကွက်သည့်အနေနှင့် မြန်မာသံရုံးကို တိုက်ခိုက်ရန် ကြံစည်ခဲ့ကြသည်ဟု ရဲက ဆိုသည်။ သို့သော် မြန်မာသံရုံးအား မည်သည့်အချိန်တွင် တိုက်ခိုက်ရန် စီစဉ်ထားကြောင်းကိုမူ ရဲက ပြောဆိုခြင်း မရှိပေ။

ထိုသူများ ပုန်းအောင်းရာ နေရာကို အာဏာပိုင်များက သတင်းရရှိခဲ့ပြီးနောက် ဂျကာတာမြို့ အလယ်ပိုင်းတွင် မော်တော်ဆိုင်ကယ် တစင်းပေါ်မှ ဖမ်းဆီးရမိခဲ့ပြီး ဗုံးနှင့် ဝါယာကြိုးများကို ၎င်းတို့၏ ကျောပိုးအိတ် အတွင်းမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု အမျိုးသား ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဘွိုင်းရပ်ဖလီ အမား (Boy Rafli Amar) အား ကိုးကား၍ အေပီ သတင်းက ရေးသားသည်။

သူတို့၏ အမည်ရင်းများမှာ အာမက်တောဖစ် (Ahmad Taufik) (အသက် ၂၂ နှစ်) နှင့် ဆီဖါရီယာနို (Sefa Riano) (အသက် ၂၉ နှစ်) တို့ဖြစ်ကြပြီး အမည်ပြောင်းလဲ၍ အိမ်ငှါး နေထိုင်ခဲ့ကြသည်ဟု ဗိုလ်မှူးချုပ်က ဆက်ပြောသည်။ သူတို့သည် မကြာသေးမီက ဖြစ်ပွါးခဲ့သော အင်ဒိုနီးရှား ရဲတပ်ဖွဲ့အား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသော ဂိုဏ်း၏ အဖွဲ့ဝင်များ ဖြစ်သည်။

စစ်ဆေးမေးမြန်းအပြီး ၎င်းတို့ ငှါးရမ်းထားသော အိမ်သို့ ဆက်လက် ရှာဖွေရာ အခြား ဖောက်ခွဲရေးပစ္စည်းများကို ထပ်မံတွေ့ရှိခဲ့သည်။ အဆိုပါ အိမ်မှ အမျိုးသမီး တဦးနှင့် ကလေးငယ်ကိုလည်း ရဲက ဖမ်းဆီးခဲ့သည်။

အထောက်အထားများအရ ၎င်းတို့မှာ အကြမ်းဖက်လုပ်ရပ်များနှင့် ဆက်နွယ်မှုများ ရှိနေကာ အလားတူ ဂိုဏ်းဝင်များအား ဆက်လက်ရှာဖွေနေကြောင်း ဘွိုင်းရပ်ဖလီ အမား က ပြောသည်။

ဂျကာတာမြို့ရှိ မြန်မာသံရုံးနှင့် သံအမတ်ကြီးနေအိမ် လုံခြုံရေးအတွက် ရဲ အစောင့်အရှောက် ဒါဇင်ပေါင်းများစွာကို ချထားသည်။ အနီးရှိ အဆောက်အဦများနှင့် ဟိုတယ်များတွင်လည်း ရဲအရာရှိ များစွာကို ကား အစီးပေါင်း များစွာဖြင့် တင်ဆောင်ချထားသည်။

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မူဆလင်များအပေါ် တိုက်ခိုက်ခဲ့မှုကို လက်တုံ့ပြန်သည့် အနေနှင့် ထိုသို့စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သင်္ကာမကင်း ဖြစ်ခံရသူများက အာဏာပိုင်များကို ပြောကြားခဲ့သည်။

ရိုဟင်ဂျာ မူဆလင်များကို ကာကွယ်သည့်အနေနှင့် အင်ဒိုနီးရှား နိုင်ငံသားများက ကန့်ကွက် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ ယမန်နှစ်ကလည်း အကျဉ်းကျ အစွန်းရောက် အစ္စလမ် ဘာသာရေး ခေါင်းဆောင်တဦး ဖြစ်သည့် အဘူ ဘာကာ ဘာရှီးရား (Abu Bakar Bashir) က မြန်မာ သမ္မတထံသို့ စာရေးကာ မူဆလင်များ ဖိနှိပ်ညှဉ်းဆဲခံရသည့်အတွက် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

ဘာရှီးယားသည် အယ်လ်ကိုင်ဒါ အဖွဲ့နှင့်ဆက်နွယ်မှုရှိသည့် စစ်သွေးကြွများ၏ ဘာသာရေး ခေါင်းဆောင်တဦးဖြစ်ပြီး ယင်းအဖွဲ့သည် အင်ဒိုနီးရှားတွင် ဖြစ်ပွါးခဲ့သော လူအသေ အပျောက်များသည့် တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံရသူများလည်း ဖြစ်သည်။

ထိုသို့ ဘာရှီးယားက ခြိမ်းခြောက်ခဲ့အပြီး တလအကြာ၌ အသေခံ ဗုံးခွဲမည့်သူက စိတ်ပြောင်းသွားပြီး ရဲထံ အညံ့ခံခဲ့သည်။ ရိုဟင်ဂျာပြဿနာကြောင့် ဗုဒ္ဓဘာသာဝင်များကို ပစ်မှတ်ထား တိုက်ခိုက်ရန် ကြံစည်ခဲ့ပါသည် ဟုလည်း သူက ပြောသည်။

မဇ္ဈိမ သတင်းဌာန |
 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template