လွန်ခဲ့သော နှစ်ကိုးဆယ်နီးပါးက ပြဌာန်းထားသည့် ဥပဒေဟောင်းကို ဖျက်သိမ်းပြီး
ဇူလိုင် ၂၉ ရက်တွင် အသစ်ပြဌာန်းလိုက်သည့် တရားရုံး
မထီမဲ့မြင်ပြုမှုဥပဒေသစ်တွင် တရားသူကြီးက အမိန့်ချမှတ်ပြီးသည့် အမှုကို
ဝေဖန်နိုင်ကြောင်း ထည့်သွင်းပြဌာန်းထားသည်။
တရားလွှတ်တော်ရှေ့နေ
ဦးကိုနီက ယင်းပြဌာန်းချက်သည် “ စီရင်ချက် ချလိုက်လို့ အဲ့ဒီ
စီရင်ချက်ကြီးက မမှန်ကန်ဘူး၊ မမျှတဘူး၊ တစ်ဖက်ဖက်ကို ဘက်လိုက်တဲ့အကြောင်း
ရှိနေတယ်၊ ဘာညာ သုံးသပ်မယ်ဆိုရင် သုံးသပ်လို့ ရသွားပြီပေါ့ဗျာ။ အင်မတန်
ကောင်းတဲ့အချက်ပါပဲ”ဟု မှတ်ချက်ပြုသည်။
အင်္ဂလိပ်တို့
မြန်မာနိုင်ငံကို ကိုလိုနီ ပြုလုပ်ထားသည့်အချိန် ၁၉၂၆ ခုနှစ်က
ပြဌာန်းထားသည့် တရားရုံး မထီမဲ့မြင်ပြုမှုဥပဒေကို ပယ်ဖျက်ပြီး
အသစ်ပြဌာန်းသည့် ယင်းဥပဒေ၏ ပုဒ်မ ၈ တွင် ထိုသို့ ပြဌာန်းထားခြင်းဖြစ်သည်။
စီရင်ချက်ချပြီးသည့်
အမှုအပေါ် ဝေဖန်မှု၊ သုံးသပ်မှုများကိုလည်း ပုံနှိပ်ထုတ်ဝေခြင်း၊
ဖြန့်ချိခြင်းများလည်း လုပ်ဆောင်နိုင်ပြီး ထိုသို့ ပြုလုပ်မှုသည်
တရားရုံးကို မထီမဲ့မြင် လုပ်မှုမမြောက်ကြောင်း ထိုပုဒ်မတွင်ထည့်
သွင်းထားသေးသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏
အထက်လွတ်တော်အမတ် ဦးအောင်ကြည်ညွန့်က ထိုအချက်သည် တရားစီရင်ရေး၏
အလားအလာကောင်း ဖြစ်သည်ဟုလည်း သုံးသပ် ပြောဆိုသည်။
ထို့ပြင်
တရားစီရင်နေဆဲ ကာလတွင်လည်း အမှုနှင့်ပတ်သက်၍ မှန်ကန်တိကျ ခိုင်လုံသော
အကြောင်းအရာ တစ်ရပ်ရပ်ကို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊
ထုတ်ဖော်ကြေငြာခြင်း၊ သတင်းအဖြစ် ရေးသားခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်းနှင့်
ဖြန့်ချိခြင်းသည် တရားရုံးကို မထီမဲ့မြင်ပြုမှု မမြောက်စေရဟုလည်း
အဆိုပါဥပဒေ၏ ပုဒ်မ ၇ တွင် ပြဌာန်းထားသည်။
တရားခွင်ကို အများပြည်သူ
ဝင်ရောက်ခွင့်မရှိဘဲ သီးသန့် စစ်ဆေးသည့် အမှုများကိုပင်လျှင်
ဥပဒေမချိုးဖောက်ဘဲ ရေးသားလျှင် လည်းကောင်း၊ တရားရုံးက အတိအလင်း
ပိတ်ပင်မထားလျှင် လည်းကောင်း၊ တရားစီရင်ရေးတွင် အငြင်းပွားဆဲ
လျှို့ဝှက်ကိစ္စ မဟုတ်လျှင်လည်းကောင်း ပုံနှိပ်ထုတ်ဝေ ဖြန့်ချိနိုင်သည်ဟုပင်
ထိုဥပဒေက ကင်းလွတ်ခွင့်ပေးထားသည်ကိုလည်း လေ့လာတွေ့ရှိရသည်။
သို့သော်
တရားရုံးကို မထီမဲ့မြင်လုပ်မှု မြောက်စေသော လုပ်ရပ်များကို ပြုလျှင်မူ
အများဆုံး ငွေဒဏ် တစ်သိန်းနှင့် ထောင်တစ်နှစ် ချမှတ်နိုင်ပြီး၊
တရားမဆိုင်ရာ မထီမဲ့မြင်မှု ဖြစ်လျှင် ငွေဒဏ်တစ်သိန်းနှင့် ထောင်သုံးလ
ချနိုင်ကြောင်းလည်း ဥပဒေတွင် ထည့်သွင်း ပြဌာန်းထားသည်။
မင်းမင်း
Mizzima - News in Burmese