
ရန်ကုန်၊ နိုဝင်ဘာ ၂၃
စွမ်းအင်ဝန်ကြီးဌာနက တင်ဒါ ခေါ်ယူထားသော ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များ လုပ်ကိုင်ခွင့်အတွက် နောက်ဆုံးအဆင့် ယှဉ်ပြိုင်ရန် ကုမ္ပဏီ ၂၀ ရွေးချယ်ထားကြောင်း စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ ရိုက်တာ သတင်းဌာနက ဖော်ပြသည်။
“ရွေးချယ်မှု လုပ်ငန်းစဉ်ကတော့ မပြီးသေးပါဘူး။ ဆက်လုပ်နေတုန်းပါပဲ” ဟု အဆိုပါ အရာရှိက ဆိုသည်။
စွမ်းအင်ဝန်ကြီးဌာန အနေနှင့် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းက ကမ်းနီးရေနံ၊ သဘာဝဓာတ်ငွေ့ လုပ်ကွက် ၁၁ ခုနှင့် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် ၁၉ ခုတို့အတွက် လုပ်ကိုင်လိုသော ကုမ္ပဏီများကို တင်ဒါ ခေါ်ယူခဲ့ပြီး ကုမ္ပဏီပေါင်း ၈၀ နီးပါး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကာ ကုမ္ပဏီ ၆၁ ခု ပထမအဆင့် ရွေးချယ်ခံခဲ့ရကြောင်း စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ လုပ်ကွက်များတွင် လုပ်ကိုင်ရန် အပြီးသတ် ရွေးချယ်ခံရမည့် ကုမ္ပဏီများ အနေနှင့် ပြည်တွင်းရှိ နိုင်ငံသားပိုင် ကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ပြီး လက်ရှိ အချိန်တွင် ပြည်တွင်းရှိ ကုမ္ပဏီ ၁၆၀ ခန့် ပူးပေါင်း လုပ်ကိုင်ရန် စွမ်းအင် ဝန်ကြီးဌာနထံတွင် မှတ်ပုံတင်ထားကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
စွမ်းအင်ဝန်ကြီးဌာန၏ သတ်မှတ်ချက်များအရ ကုန်းတွင်းနှင့် ကမ်းနီး၊ ကမ်းဝေး ရေနံနှင့် သဘာဝငွေ့ လုပ်ကွက်များတွင် လုပ်ကိုင်ခွင့် ရရှိထားသော ပြည်ပကုမ္ပဏီများ အနေနှင့် ပြည်တွင်း ကုမ္ပဏီများနှင့် ပူးပေါင်း လုပ်ကိုင်ရမည် ဖြစ်သောကြောင့် ဝင်ရောက် မှတ်ပုံတင်ထားကြခြင်း ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။
နောက်ဆုံးအဆင့် တင်ဒါ အောင်မြင်လာမည့် ကုမ္ပဏီများ အနေနှင့် ဆောင်ရွက်ခွင့် ရရှိသော လုပ်ကွက်များအတွင်း ဆိုက်စမစ် တိုင်းတာခြင်းနှင့် တွင်း တူးဖော်ခြင်း လုပ်ငန်းများ မစတင်မီ EIA နှင့် SIA လုပ်ငန်းများ စတင်ဆောင်ရွက်ရမည် ဖြစ်ပြီး အဆိုပါ EIA နှင့် SIA အစီရင်ခံစာ များကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က လက်ခံမှသာ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခွင့် ပြုသွားမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
တင်ဒါ စတင်ခေါ်ယူစဉ်က ဝင်ရောက် ယှဉ်ပြိုင်သော ကုမ္ပဏီများတွင် နာမည်ကျော် ကုမ္ပဏီများဖြစ်သည့် နယ်သာလန် နိုင်ငံမှ Shell Plc၊ အမေရိကန်မှ Chevron Corp၊ ConocoPhillips၊ Exxon Mobil Corp ပြင်သစ်မှ Total SA၊ ထိုင်းမှ PTT EP နှင့် မလေးရှားမှ Petronas စသော ကုမ္ပဏီများ ပါဝင်ပြီး ယခု ရွေးချယ်ခံထားရသော ကုမ္ပဏီများတွင် အဆိုပါ ကုမ္ပဏီများ ပါဝင်ခြင်းရှိ မရှိ သေချာစွာ မသိရှိရသေးပေ။
“ပြည်တွင်းမှာ ရေနံရော၊ သဘာဝဓာတ်ငွေ့ရော ဒီထက် ပိုထုတ်နိုင်တဲ့ အခြေအနေမှာ ရှိတယ်။ နည်းပညာနဲ့ အရင်းအနှီး အဓိက လိုနေတာ။ နိုင်ငံတကာက အင်အားကြီး ကုမ္ပဏီတွေ ဝင်လာဖို့ ရှိနေတာ ကောင်းတယ်။ အခု ဖက်စပ်လုပ်ခွင့် ပြုထားတော့ ပြည်တွင်း ကုမ္ပဏီတွေ အတွက်တော့ အခွင့်အရေး ကောင်းပေါ့” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။
စွမ်းအင်ဝန်ကြီးဌာနသည် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းက တင်ဒါ ခေါ်ယူထားသော ရမည်းသင်း၊ ပုသိမ်၊ မော်လမြိုင်၊ မင်းတုန်း၊ သဲကုန်း၊ တောင်ငူ၊ ပြည်၊ မြင်သာ အစရှိသော နေရာများမှ ကုန်းတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် ၁၈ ခုအနက်မှ ၁၆ ကွက်ကို အိန္ဒိယ၊ ပါကစ္စတန်၊ အီတလီ၊ မလေးရှား၊ ကနေဒါ၊ ဗြိတိသျှ ဗာဂျင်ကျွန်းစု၊ ဘရူနိုင်း၊ လူဇင်ဘတ်၊ ရုရှားနှင့် ထိုင်းတို့မှ ကုမ္ပဏီများအား ပြီးခဲ့သော စက်တင်ဘာလ အတွင်းက လုပ်ကိုင်ခွင့်ပြုခဲ့သည်။
မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံသော ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော် ထုတ်ယူရေး လုပ်ငန်းသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ဒုတိယနေရာတွင် ရှိနေပြီး ၂၀၁၃ ခုနှစ် အောက်တိုဘာလအထိ စာရင်းများအရ အမေရိကန်ဒေါ်လာ ၁၄,၃၇၂ ဒသမ ၂၇၂ သန်းအထိ ရင်းနှီးမြှုပ်နှံထားသည်။
The Voice Weekly