Home »
ပြည်တွင်းသတင်း
» နယ်စပ်ကုန်သွယ်ရေး ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန် ထိုင်း၊ တရုတ်နယ်စပ်များတွင် ကုန်သွယ်ရေးစခန်းများ ထပ်မံဖွင့်လှစ်နိုင်ရန် လျာထားဆောင်ရွက်
နယ်စပ်ကုန်သွယ်ရေး ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန် ထိုင်း၊ တရုတ်နယ်စပ်များတွင် ကုန်သွယ်ရေးစခန်းများ ထပ်မံဖွင့်လှစ်နိုင်ရန် လျာထားဆောင်ရွက်
အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေး ပိုမိုတိုးမြှင့်
ဆောင်ရွက်နိုင်ရန်အတွက် ထိုင်း၊ တရုတ်နယ်စပ်များတွင် ကုန်သွယ်ရေးစခန်းများ
ထပ်မံဖွင့်လှစ်နိုင်ရန် လျာထား ဆောင်ရွက်ထားကြောင်း
ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။
ထပ်မံဖွင့်လှစ်ရန် လျာထားသည့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှာ
မြန်မာ-တရုတ် နယ်စပ်တွင် မိုင်းလား နယ်စပ်ကုန်သွယ်ရေးစခန်း၊ မြန်မာ-ထိုင်း
နယ်စပ်တွင် မယ်စဲ့ ကုန်သွယ်ရေးစခန်း၊ ဘုရားသုံးဆူ ကုန်သွယ်ရေးစခန်း၊
ပုံပါကျင် နယ်စပ်ကုန်သွယ်ရေးစခန်း တို့ဖြစ်ကြောင်း သိရသည်။
မိုင်းလား နယ်စပ်ကုန်သွယ်ရေးစခန်းမှာ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင်ရှိပြီး
မယ်စဲ့ ကုန်သွယ်ရေးစခန်းမှာ ကယားပြည်နယ်တွင်ရှိကြောင်း သိရသည်။ ဘုရားသုံးဆူ
နယ်စပ်ကုန်သွယ်ရေးစခန်းမှာ ကရင်ပြည်နယ်အတွင်း တည်ရှိပြီး ပုံပါကျင်
နယ်စပ်ကုန်သွယ်ရေးစခန်းမှာ ရှမ်းပြည်နယ်တွင် တည်ရှိကြောင်း သိရသည်။
လက်ရှိကာလအထိ မြန်မာ-တရုတ် နယ်စပ်တွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊
လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်း၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်း၊
ကန်ပိုက်တီးစခန်းများ ဖွင့်လှစ်ကုန်သွယ်လျှက်ရှိပြီး မြန်မာ-ထိုင်း
နယ်စပ်တွင် မြ၀တီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ထီးခီး/နဘုလယ်၊ မောတောင်၊
မြန်မာ-အိန္ဒိယနယ်စပ်တွင် တမူး၊ ရိဒ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင်
စစ်တွေ၊ မောင်တောစသည့် ကုန်သွယ်ရေး စခန်းများကို ဖွင့်လှစ်ခဲ့ပြီး
ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော
အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်ရန်
မြန်မာ-အိန္ဒိယ၊ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့
နယ်စပ်ကုန်သွယ်ရေး စာချုပ်များ ချုပ်ဆိုထားပြီး ဖြစ်ကြောင်း သိရသည်။
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်နိုင်ရန် ၁၉၉၄ ခုနှစ်တွင်
နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး
မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်ရေး သဘောတူစာချုပ်ကို ၁၉၉၆ ခုနှစ်တွင်
ချုပ်ဆိုခဲ့ကြောင်း သိရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှု
ဆောင်ရွက်နိုင်ရန်အတွက် စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းကို ၁၉၉၈ ခုနှစ်တွင်
ဖွင့်လှစ်ခဲ့ပြီး မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းကို ၁၉၉၅ ခုနှစ်တွင်
ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး
သဘောတူစာချုပ်ကို ၁၉၉၄ ခုနှစ်တွင် ချုပ်ဆိုခဲ့သည်။
မြန်မာ-အိန္ဒိယ
နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်နိုင်ရန်အတွက် စစ်ကိုင်းတိုင်း ဒေသကြီး
တမူးနယ်စပ်စခန်းကို ၂၀၀၅ ခုနှစ် ဧပြီလအတွင်းက ဖွင့်လှစ်ခဲ့ပြီး
ချင်းပြည်နယ်ရှိ ရိဒ် နယ်စပ်ကုန်သွယ်ရေးစခန်းကို ၂၀၀၃ ခုနှစ်
ဒီဇင်ဘာလအတွင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဖွင့်လှစ်ပြီးဖြစ်သည့် နယ်စပ်ကုန်သွယ်ရေး စခန်းများတွင်
မြန်မာ-ထိုင်းနယ်စပ်တွင် ဖွင့်လှစ်ထားသည့် ကုန်သွယ်ရေးစခန်းမှာ အများဆုံး
ဖြစ်သော်လည်း ကုန်သွယ်မှု ပမာဏတွင်မူ တရုတ်နှင့် အများဆုံး
ကုန်သွယ်ခဲ့ကြောင်း သိရသည်။
Eleven Media Group